ဗုဒ္ဓခြေတော်ရာ
ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၁)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်။ ၎င်းတို့မှာ-
- အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ။
- အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ။
- အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ။(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)
- အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ။(ဖာယီယန်၏ မှတ်တမ်းအရ)
- သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ။
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ။
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်မြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော်ရှင်ဓာတ်တော်အနီးရှိ ပါဒခြေတော်ရာ(ရသေ့တောင်) ခြေတော်ရာတစ်ဆူ။
- မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်, အထက်ခြေတော်ရာနှစ်ဆူ။
- မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ။
- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ။
- မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကမ္ဘာလှတောင်၌ ခြေတော်ရာတစ်ဆူ
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်။
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏။
ဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်။
ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက် ထားတောင်းပန် ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြ သည်ဟုဆိုကြသည်။
သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး
တောင်ဖီလာဆရာတော်၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။