မင်းဘူးခရိုင်

မင်းဘူးခရိုင်သည် မြန်မာနိုင်ငံအထက်ပိုင်း မကွေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်တစ်ခုဖြစ်သည်။ တည်နေရာမှာ မြန်မာနိုင်ငံ၏ အလယ်နားဆီတွင်ရှိ၍ နယ်နိမိတ်အားဖြင့် မြောက်ဘက်၌ ပခုက္ကူခရိုင်၊ အရှေ့ဘက်၌ ဧရာဝတီမြစ်၊ တောင်ဘက်၌ သရက်ခရိုင်၊ အနောက်ဘက်၌ ရခိုင်ရိုးမတို့ဖြင့် ပိုင်းခြားလျက်ရှိသည်။ ရခိုင်ရိုးမတောင်ကိုကျော်လျှင် ကျောက်ဖြူခရိုင်နှင့် စစ်တွေခရိုင်များသို့ ရောက်နိုင်သည်။ မင်းဘူးခရိုင်၏ ရုံးစိုက်မြို့မှာ မင်းဘူးမြို့ဖြစ်သည်။

မင်းဘူးခရိုင်
မင်းဘူးခရိုင်
ကိုဩဒိနိတ်: 20°15′N 94°15′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်မင်းဘူးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

အကျယ်အဝန်း

မင်းဘူးခရိုင်သည် အကျယ်အဝန်းအားဖြင့် ၃,၅၉၄ စတုရန်းမိုင်ရှိ၍ သူကြီးပိုင်နယ် ၃၄၆ နယ်နှင့် လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၆၈၆,၉၉၉ ယောက်[1] ရှိသည်။ မင်းဘူးခရိုင်ကို မင်းဘူးနယ်၊ စလင်းနယ်ဟု နှစ်နယ်ခွဲထားရာ မင်းဘူးနယ်တွင် မင်းဘူးမြို့နယ်စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် ငဖဲမြို့နယ်တို့ ပါဝင်၍ စလင်းနယ်တွင် စလင်းမြို့နယ်ဆင်ဖြူကျွန်းမြို့နှင့် စေတုတ္တရာမြို့နယ်တို့ ပါဝင်သည်။

ရေမြေအနေအထား

မင်းဘူးခရိုင် တစ်ခုလုံးကို ခြုံ၍ကြည့်သော် ခရိုင်၏ အရှေ့ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် ညီညာသော လွင်ပြင်များရှိ၍ အနောက်ဘက်တွင် ရခိုင်ရိုးမအထိ တဖြည်းဖြည်း မြင့်တက်သွားသောမြေပြင်ရှိ၏။ ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ဝှမ်းစပ်ကြားတွင် မြောက်ဘက်မှ တောင်ဘက်သို့ တောင်တန်းများ စီတန်းတည်ရှိသည်။ ထိုတောင်တန်းကြီးကို နွားမတောင်တန်းဟု ခေါ်လေသည်။

မင်းဘူးခရိုင်အတွင်းရှိ အရေးကြီးသော မြစ်ချောင်းများမှာ ဧရာဝတီမြစ်၊ မုန်းမြစ်မန်းချောင်းနှင့် စလင်းချောင်းတို့ဖြစ်သည်။ ဧရာဝတီမြစ်သည် မင်းဘူးမြို့အနီးတွင် ၃ မိုင်ခန့် ကျယ်ပြန့်၍ မြစ်ထဲတွင် ကျွန်းငယ်များနှင့် သဲသောင်ခုံများရှိလေသည်။ မုန်းမြစ်သည် မင်းဘူးခရိုင်အတွင်းရှိ မြစ်ချောင်းများတွင် အကြီးဆုံးဖြစ်၍ တစ်နှစ်ပတ်လုံး စီးဆင်း၏။မင်းဘူးခရိုင်အတွင်းရှိ ထင်ရှားသော ကန်ကြီးများမှာ စလင်းမြို့နယ်အတွင်းရှိ ဖောင်းလင်းအင်း၊ဆ​င်ဖြူကျွန်းမြို့ရှိငါးမျက်နှာကန်နှင့်စလင်းမြို့ ဝက်သည်းကန်များဖြစ်၏။ ဖောင်းလင်းအင်းမှ ငါးအမြောက်အမြားထွက်လေသည်။

စီးပွားရေး

မင်းဘူးခရိုင်၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးဖြစ်၏။ မင်းဘူးခရိုင်သည် မိုးခေါင်ရေရှားရပ်ကွက်ထဲတွင် ပါဝင်သော်လည်း ဆန်စပါးကို ဆည်မြောင်းများ ဖောက်လုပ်ကာ ရေသွင်းစိုက်ပျိုးကြ၏။ ရေသွင်းတူးမြောင်းစုများကို သုံးစုခွဲထားသည်။ ယင်းတို့မှာ မြောက်ဘက်၌ စလင်းတူးမြောင်းစု၊ အလယ်၌ မုန်းတူးမြောင်းစု၊ တောင်ဘက်၌ မန်းတူးမြောင်းစုများ ဖြစ်ကြ၏။ ဤတူးမြောင်းစု ၃ သွယ်ဖြင့် ၁၉၄ဝ-၄၁ ခုနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေသောက် လယ်ဧကပေါင်းမှာ ၁၄၅,၇၆၂ ဖြစ်ပေသည်။

ဆန်စပါးအပြင် ခရိုင်အတွင်း စိုက်ပျိုးသော အခြားအသီးအနှံများမှာ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုးနှင့် ဆေးတို့ဖြစ်ကြသည်။ မင်းဘူးခရိုင်မှ တွင်းထွက်ပစ္စည်းများလည်း ရလေသည်။ မင်းဘူးမြို့အနီးနှင့် ရွာသာယာအနီးတွင် ရေနံတွင်းအနည်းငယ်ရှိ၏။ သို့ရာတွင် မင်းဘူးရေနံလုပ်ငန်းမှာ ရေနံချောင်းမြို့ချောက်မြို့ စသော နယ်များရှိ ရေနံလုပ်ငန်းများလောက် မကြီးကျယ်လှပေ။ ဘီအိုစီ(၁၉၅၄) လီမီတက်မှ ရေနံများကို စမ်းသပ် တူးဖော်ရာတွင် မင်းဘူးမြို့တောင်ဘက် ၆ မိုင်ကွာရှိ ဖလန်ရုံတွင် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ရေနံများ တွေ့ရှိပေသည်။ စစ်မဖြစ်မီက ဖလန်ရုံ ရေနံမြေ၌ ဘီအိုစီပိုင် ရေနံတွင်ပေါင်း ၃ဝ ရှိခဲ့ရာ များသောအားဖြင့် တွင်းတိမ်များမှ ရေနံထွက်ခဲ့သည်။ ထိုအချိန်က တစ်နေ့လျှင် ပီပါ ရာကျော်မျှသာ ထွက်ခဲ့သည်။ ထွက်သောရေနံမှာလည်း အများအားဖြင့် ချက်လုပ်ရန် မသင့်တော်သောကြောင့် အိမ်သုတ်ရေနံချေးအဖြစ်ဖြင့်သာ ရောင်းချခဲ့ရသည်။ ဖလန်ရုံတွင် ဒုတိယအစမ်းတွင်း တူးဖော်ရန်နေရာရွေးချယ် ပြင်ဆင်လျက်ရှိလေသည်။

မင်းဘူးခရိုင်အတွင် အရေးကြီးသော သစ်တောများမှာ စေတုတ္တရာနှင့် ငဖဲမြို့နယ်များ၌ရှိ၏။ ထိုသစ်တောများကို အစိုးရဌာနက အုပ်ချုပ်၍ သစ်တောကြိုးဝိုင်းများကို သတ်မှတ် ထားလေသည်။ ထိုသစ်တောများမှ ကျွန်း၊ အင်၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ရှား စသော အဖိုးတန်သစ်များ ရရှိလေသည်။

ရာသီဥတု

မင်းဘူးခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ရေရှားရပ်ကွက်တွင် ပါဝင်သောကြောင့် လွန်စွာ ပူအိုက်သော ခရိုင်ဖြစ်၏။ နွေရာသီလများတွင် အပူချိန် ဖာရင်ဟိုက် ဒီဂရီ ၁ဝဝ ကျော်အထိတက်၍၊ ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလတွင် ၄၉ ဒီဂရီအထိ ကျဆင်းတတ်လေသည်။ ဧရာဝတီမြစ်ဝှမ်းနှင့် နီးသော မြေပြင်ပိုင်းတွင် မိုးအရွာနည်း၍ တောတောင်ထူထပ်သော အနောက်ပိုင်းတွင်မူ မိုးကောင်းသည်။

လမ်းပန်းဆက်သွယ်ရေး

မင်းဘူးခရိုင်အတွင်း တစ်မြို့နှင့်တစ်မြို့ကို ကတ္တရာလမ်းများဖြင့် ဆက်သွယ်ထားသည်။ မင်းဘူး-ငဖဲလမ်းမှာ ငဖဲနယ် ပဒန်းရွာ အထိ ကျောက်လမ်းဖြစ်၍ ပဒန်းမှ ငဖဲအထိကား ပြုပြင်ထားသော မြေလမ်းဖြစ်၏။ မင်းဘူးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ရထားလမ်းဖောက်လုပ်နေဆဲဖြစ်သည်။

မင်းဘူးခရိုင်နှင့် အခြားခရိုင်များ ကူးသန်းဆက်သွယ်ရေးတွင်ကား များသောအားဖြင့် ဧရာဝတီမြစ်ကြောင်းကိုသာ အားထားရလေသည်။ သို့သော် မင်းဘူးမြို့မှ ကျောက်ဖြူခရိုင် အမ်းမြို့သို့ပေါက်သော မင်းဘူး-အမ်းကားလမ်းကို ၁၉၆၄ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည်။

စေတီပုထိုးများ

မင်းဘူးခရိုင်သည် ရာဇဝင်တွင် မထင်ရှားသော်လည်း တန်ခိုးကြီး ဘုရားစေတီများ ပေါများ၏။ ထင်ရှားသော ဘုရားပုထိုးများမှာ စကုမြို့နယ်ရှိ ရွှေစက်တော်ဘုရား၊ လယ်ကိုင်းမြို့ အနီး မုန်းမြစ်ဝှမ်းရှိ ကျောင်းတော်ရာစေတီနှင့် ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ ဖောင်တော်ဦးစေတီများ ဖြစ်လေသည်။ ရွှေစက်တော်ဘုရား၌ တပေါင်းလအတွင်း ကျင်းပသောပွဲတော်မှာ ထင်ရှားကျော်စောလှသဖြင့် ထိုပွဲတော်သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ဈေးသည်များ၊ ဘုရားဖူးခရီးသည်များ လာရောက်ကြလေသည်။ လယ်ကိုင်းကျောင်းတော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင် ပြုလုပ်မြဲဖြစ်သည်။ [2]


ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 10, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.