စလင်းမြို့
စလင်းမြို့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မြောက်ပိုင်း၊ စလင်းမြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်၏။ စလင်းမြို့သည် ဧရာဝတီမြစ်မှ ၆ မိုင်ခန့် ကွာဝေး၍ စလင်းချောင်းတစ်ဖက်ကမ်းရှိ ပြန့်ပြူးညီညာသော မြေပြင်ပေါ်တွင် တည်ရှိသည်။ စလင်းမြို့မှ ခရိုင်ရုံးစိုက်ရာ မင်းဘူးမြို့သို့ ၃၉ မိုင်ဝေး၍ ဆင်ဖြူကျွန်းမြို့နှင့် ၇ မိုင်မျှ ဝေးသည်။ ရခိုင်ပြည်နယ် အန်းတောင်ကြားမှ လာသော လမ်းမကြီးသည် စလင်းမြို့သို့ ပေါက်သည်။
စလင်းမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
စလင်းမြို့ | |
ကိုဩဒိနိတ်: 20°34′N 94°40′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
ခရိုင် | မင်းဘူးခရိုင် |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၃၄)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၄၀)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | စလင်းမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဆန်စပါးကို ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးကြ၏။ ယခုအခါ စလင်းမြို့နယ်တွင် ဆည်ရေသောက် လယ်မြေများမှာ ဧက နှစ်သောင်း နှစ်ထောင်ကျော် ရှိလေသည်။ စလင်းမြို့အနီး သရက်ကျင်းရွာမှ ပုရပိုက်စက္ကူများ ရှေးအခါက ထွက်ခဲ့ဖူးသည်။
စလင်းမြို့ကို မြန်မာသက္ကရာဇ် ၆၅၆ ခုနှစ်က ပုဂံပြည် နရပတိစည်သူမင်းကြီး တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ မြန်မာ ဘုရင်များလက်ထက်က စလင်းမြို့ကို မြို့ဝန်တစ်ယောက် ထားရှိ၍ အုပ်ချုပ်စေခဲ့သည်။ မြန်မာဘုရင် အဆက်ဆက်၌ စလင်းမြို့စားနေရာတွင် တော်ရုံလူကို ခန့်အပ်လေ့ မရှိပါ။ နိုင်ငံတော်အတွက် အရေးပါသော စလင်းနယ်ကို ဘုရင်က အလေးထားရသော ပုဂ္ဂိုလ်များကိုသာ ခန့်အပ်လေ့ရှိသည်ဟု သိရသည်။[1] ရှေးမြန်မာမင်းများလက်ထက်တွင် ထိုမြို့ကို "သုနာပရန္တ စန္ဒာလင်္ကာရမြို့"ဟူသော ဘွဲ့အမည်နှင့်ထင်ရှားခဲ့သည်။
ဗြိတိသျှ အုပ်ချုပ်ရေးခေတ်၌ စလင်းမြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၈၇-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စလင်းမြို့သည် နယ်ပိုင်ဝန်ထောက်ရုံးစိုက်ရာမြို့ ဖြစ်သောကြောင့် အစိုးရရုံးများ၊ အထက်တန်းကျောင်းများ၊ ဆေးရုံ၊ စာတိုက်နှင့် ရဲဌာနစသော အဆောက်အအုံများ ရှိလေသည်။ စလင်းမြို့တွင် ကုသိနာရုံဘုရားပွဲကို ကဆုန်လတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ ၁၉၃၁-ခုနှစ်၊ သန်းခေါင်စာရင်းအရ မြို့၏လူဦးရေမှာ ၆၆၅၄ ယောက် ဖြစ်သည်။[2]
စလင်းမြို့သည် စေတီပုထိုးများ၊ ရုပ်စုံကျောင်းများ ရှိသောမြို့ ဘုရားပုထိုး မြေကြီးကျိုးမျှ စာချိုးယူရလောက်အောင် စေတီပုထိုးပေါသည့် မြို့ကလေး ဖြစ်သည်။ ရှေးဟောင်းခံတပ်ကြီးတစ်ခု၊ ခန့်ညားတဲ့အုတ်မြို့ရိုး၊ ထင်ရှားကျော်ကြားလှသည့် ထေရဝါဒဗုဒ္ဓဝါဒဂုဏ်ဆောင် ဆရာတော်ကြီးများ ချက်မြုပ်ရာ၊ သီတင်းသုံးတော်မူခဲ့ရာမြို့ဖြစ်သည်။ ရှေးဘုရင်များလက်ထက်ကတည်းမှ ဘုရားထူးခံ သူကောင်းမျိုးရိုးနွယ်များရှိသောမြို့၊ တစ်သက်လုံး ဆွေစဉ်မျိုးဆက် တောင်းရမ်းစားသောက်ရသော ဘုရားကျွန်၊ နောင်အခါ သူတောင်းစားဟူ၍ ခေါ်ဝေါ်သတ်မှတ်ခံရသူများလည်း ရွာတည်ပြီး နေထိုင်ခဲ့ရာမြို့လည်းဖြစ်သည်။
ရှေးစာဆိုများ၏ စလင်းမြို့ဘွဲ့ လင်္ကာတချို့ရှိသည်။
- စလင်း နာဂရ၊ မြေမျာ့ချက်ချာ၊ တေဇာလွန်ဘိ၊ မြို့ဂုဏ်ရှိဝယ် (ဦးစိန္တာမဏိ)
- နတ်ရွာသန္တာန်၊ တည်စဟန်ကား၊ သည် ပြန်တံလိုက်၊ ပတ်ဝိုက်အုတ်ရိုး၊ သာမျိုးပျော်ခင်း၊ မြို့စလင်း (မြို့တည်မော်ကွန်း)
- ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ စလင်းသူ မယ်တင့်နှင့် မယ်မြင့်တို့၏ ရုပ်ရည်ချောမောလှပမှုကို လေးချိုးတစ်ပုဒ်နှင့် ရေးသားအမွှန်းတင်ခဲ့သေးသည်။
- ခေတ်စမ်းစာရေးဆရာကြီး သိပ္ပံမောင်ဝက အညာဓလေ့၊ အညာစရိုက်များအား အညာဘုရားပွဲ အမည်ဖြင့် ဂန္ထလောကမဂ္ဂဇင်းတွင် ဆောင်းပါးရေးသားခဲ့သည်။
- ရွှေတောင်နန္ဒသူ (စလင်းနဝဒေး)၊ ဆရာနောင် မောင်မောင်လတ် စီမံကိန်းဝန်ကြီးငြိမ်းPhdဦးကံဇော်
အစရှိသော လူပုဂ္ဂိုလ်အကျော်အမော်များ မွေးထုတ်ရာမြို့ဖြစ်သည်။
ကိုးကား
- ရနောင်(ဒွယ်)မန္တလေးနေ့စဉ် သတင်းစာ၊ ၂၄.၅.၂၀၁၈၊ စာ-၄
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
https://news-eleven.com/features/22893