ငဖဲမြို့

ငဖဲမြို့သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ငဖဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရခိုင်ရိုးမတောင်ခြေရင်း မန်းချောင်းအနီးတွင် တည်ရှိ၍ မင်းဘူးမြို့မှ ကားလမ်းဖြင့် မိုင် ၄ဝ ခန့် ကွာဝေးသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၄,၀၆၅ ခန့်[1] ရှိလေသည်။

ငဖဲမြို့
မြန်မာနိုင်ငံရှိ မြို့များ
ငဖဲမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°4′N 94°28′E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မင်းဘူး
လတ္တီကျု(၂၀)ဒီဂရီ၊ (၄)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၂၈)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ငဖဲမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

လမ်းပန်းဆက်သွယ်ရေး

ငဖဲမြို့သည် စေတုတ္တရာမြို့နှင့် ၃၀ မိုင်ကွာဝေး၍ ပတိမ်းနှင့် ၆ မိုင်ခန့် ဝေးသည်။ ထိုမြို့သည် ကျောက်ဖြူခရိုင်နှင့် မင်းဘူးခရိုင် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ဖြစ်သည်။ ငဖဲမြို့မှ ရခိုင်တိုင်းသို့ နွားဝန်တင်နှင့် ကူးသန်းရာတွင် အမ်းတောင်ကြားလမ်းကို အသုံးပြုကြသည်။

လူမှုပထဝီဝင်

ငဖဲမြို့တွင် နေထိုင်ကြသော လူမျိုးများမှာ ချင်းလူမျိုးနှင့် မြန်မာလူမျိုးတို့ ဖြစ်ကြသည်။ ငဖဲမြို့နယ်အတွင်း၌ ရခိုင်ရိုးမတောင်ခြေ သစ်တောများလည်း ပါဝင်နေသဖြင့် စိုက်ပျိုးနိုင်သော မြေနေရာမှ ကျဉ်းမြောင်းသည်။ ငဖဲမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၆၂ မိုင်ရှိရာတွင် ဆည်ရေသောက် စိုက်ပျိုးမြေမှာ စတုရန်း ၅ မိုင်မျှသာ ကျယ်ဝန်းသည်။ ငဖဲမြို့မှ ထွက်သော သီးနှံများမှာ နှမ်း၊ ပဲ၊ စပါး၊ ပြောင်း စသည်တို့ ဖြစ်၏။

သမိုင်းကြောင်း

ငဖဲမြို့၏အမည်ရင်းမှာ မဖဲမြို့ဖြစ်သည်။ ငဖဲမြို့နယ်ရှိ လူကြီးပိုင်းသည် ယခုတိုင် ဤအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြ၏။ မဖဲဟု ခေါ်ရခြင်းအကြောင်းမှာ မန်းချောင်းသည် ရခိုင်ရိုးမ ပေါ်မှ စီးဆင်းလာပြီးလျှင် ထိုမြို့အနီးတွင် လွဲဖွယ်သွားသောကြောင့် 'မန်းဖယ်'ဟု တွင်ခဲ့ရာမှ ကာလရွေ့လျောသဖြင့် မဖဲ၊ ထိုမှတစ်ဆင့် ငဖဲဖြစ်သည်ဟု အဆိုရှိ၏။ မြန်မာမင်းများလက်ထက်က မင်းဘူးခရိုင်ကို နယ်သုံးနယ်ခွဲ၍ ဝန်သုံးပါးအုပ်ချုပ်စေခဲ့ရာမှ ငဖဲတွင်လည်း ဝန်တစ်ပါး ကြီးစိုး၍ စစ်ကဲ၊ နာခံ၊ စာရေးကြီး၊ မြို့သူကြီးစသော ရာထမ်းမှုထမ်းများဖြင့် အုပ်ချုပ်ခဲ့လေသည်။

ငဖဲမြို့တွင် သီရိဓမ္မအသောကမင်းကြီး တည်ထားခဲ့သည် ဆိုသော ပျက်စီးနေသည့် စေတီပုထိုး အများရှိရှိလေသည်။

[2]

ကိုးကား

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.