အသောကမင်း
အသောကမင်း | |
---|---|
Chakravartin[1][2] | |
A c. 1st century BCE/CE relief from Sanchi, showing Ashoka on his chariot, visiting the Nagas at Ramagrama.[3] | |
3rd Mauryan emperor | |
နန်းသက် | c. 268 – c. 232 BCE[4] |
နန်းတက်ချိန် | 268 BCE[4] |
ရှေ့မင်းဆက် | Bindusara |
နောက်မင်းဆက် | Dasharatha |
မွေးဖွား | Pataliputra, modern-day Patna |
ကွယ်လွန် | 232 BCE Pataliputra, modern-day Patna |
အိမ်ထောင်ဖက် |
|
သားသမီးများ |
|
မင်းဆက် | Maurya |
ခမည်းတော် | Bindusara |
မယ်တော် | Subhadrangi (also called Dharma) |
Maurya Empire (322 BCE–180 BCE) | ||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
||||||||||||||||||||
အသောကမင်းကြီး
အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီးသည် ခရစ်တော် မပေါ်မီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေးဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကြပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ ရေကန်များလည်း တူးဖော်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွယ်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ် က သူရေးသားသော (The Outline of History) ဆိုသော စာအုပ်ထဲတွင် အသောကမင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားပါသည်။
“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ၏ အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယသည်ပင် သူ့အဆုံးအမ ဩဝါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မှု အစဉ်အလာကိုမူ ထိန်းထားလေသည်။ ကွန်စတင်တိုင်း ၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေက ယနေ့ ပို၍ပင်များပြားနေသည်။”
စစ်ဘုရင်ဘဝ
အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။ အသောကသည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံငယ်လေးများအား တိုက်ခိုက်အောင်ပွဲခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း (ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာ သေကြေပျက်စီးကြရလေသည်။ သို့သော် ကလိင်္ဂတိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဋ္ဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သက်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက အလွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။
သာသနာပြုမင်းဘဝ
ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင် စိတ်ကိုမြှုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောကမင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသများသို့ စေလွှတ်ခဲ့သည်။ အသောကမင်း၏ အယူအဆမှာ ဓမ္မဆိုသည်မှာ မန္တန်ရွတ်ဖတ်ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ၊ လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ အမျိုးသမီးများ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိ ဝေးကွာသောနိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။
အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယသင်္ဂါယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။
သီဟိုဠ်သို့ သားတော်မဟိန္ဒ နှင့် သမီးတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ ဗမာလူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။
အသောကမင်း(ဘီစီ ၃ဝ၄-၂၃၂)
ကမ္ဘာ့သမိုင်း၌ ဘုန်းလက်ရုံးနှင့် ပြည့်စုံကြ၍ ကျယ်ဝန်းသော နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်း တရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိုးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ် ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ထင်ရှားကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ၊ ကရုဏာ၊ စေတနာတရားတို့ကို အရင်းခံထား၍ လူသတ္တဝါ အများ၏ လောကီ လောကုတ္တရာ နှစ်ဖြာချမ်းသာရေးကို ရှေးရှု လျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော ဧကရာဇ်တို့ ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ အုပ်စိုးခဲ့ သောကြောင့် ဖြစ်သည်။ ထိုကြောင့် အသောကမင်းတရား၏ ဘွဲ့နာမံသည် ဥရောပအနောက် စွန်းမှသည် အာရှတိုက် အရှေ့ စွန်းသို့တိုင်အောင် ယခုခေတ်အထိ မမှေးမှိန်ပဲ အလေးအမြတ် ပြုခြင်းကို ခံယူရလျက်ပင် ရှိပေသည်။
ဘီစီ သုံးရာစုနှစ်ခန့်က ဂရိဧကရာဇ် အယ်လက်ဇန္ဒာ
သ-ဂရိတ်၏ ဂရိတပ်များသည် အိန္ဒိယအနောက် မြောက်ပိုင်းမှ
ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒုမြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုး
လာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့ မရောက်စေရန်
တွန်းလှန်တိုက်ခိုက်ခဲ့၍ နောင်အခါ ကျယ်ဝန်းကြီးမားသော
မောရိယ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်း
တရားကြီး၏ မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟု
လည်း ခေါ်တွင်သော အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့်
ဓမ္မာမိဖုရားတို့၏ သားတော်တစ်ပါး ဖြစ်ပေသည်။ ဘီစီ ၃ဝ၄
ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု ခန့်မှန်းကြသည်။
အသောကမင်း အရွယ်ရောက်လျှင် အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည်
ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား မင်းသား ဘဝ၌ပင်
သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ နောင်
အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ် တစ်ပါး ဖြစ်လာသော
ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း၊ သားတော်
နှင့် သမီးတော်တို့ကို ရခဲ့သည်။
အခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်း ဖြစ်တော်မူသည်
ဟု ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သား
တော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော်
ရှိရာ ပါဋလိပုတ္တ နေပြည်တော်သို့ အလျင်အမြန် လာခဲ့၍
ခမည်းတော်အား လုပ်ကျွေးပြုစုသည်။ ခမည်းတော် ခန္ဓာငြိမ်း
လျှင် နိုင်ငံအလုံးကို သိမ်းပိုက်လိုက်လေသည်။ ထိုအခါ
တက္ကသိုလ်ပြည်၌ သူပုန်သူကန်ရန်ကို နှိမ်နင်းနေသည့် နောင်
တော်သုမနမင်းသား ခေါင်းဆောင်သော အသောကမင်းသားနှင့်
တစ်မိတည်းမဟုတ်သည့် ကိုးကျိပ် ကိုးယောက်သော ညီနောင်
မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထသကဲ့သို့ စစ်ကြီးချီလာ၍
ပါဋလိနေပြည်တော်ကို ဝန်းရံလုပ်ကြံကြသော်လည်း အရေးမလှ
ကြပဲ သေကြေပျက်စီးကြရလေသည်။
အသောကမင်းသည် ထီးနန်းကို သိမ်းပိုက်ပြီး၍ လေးနှစ်
ကြာမှသာလျှင် (ဘီစီ ၂၇ဝ ပြည့်ဟု ခန့်မှန်း ကြသည်။)
ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထား
များအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ သူပုန်
သူကန်ရန်ကို နှိမ်နင်းခြင်းစသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို
ဆောင်ရွက်လျက် ရှိနေကြောင်း ယူဆရသည်။ ဘိုးတော်နှင့်
ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကို ချဲ့ထွင်ခဲ့ကြောင်းလည်း
သိရသည်။ ရာဇဘိသေကခံယူသောအခါ ဒေဝါနံပီယဟူသောဘွဲ့
ကို လည်းကောင်း၊ ပီယဒဿီဟူသော ဘွဲ့ကိုလည်းကောင်း
ခံယူသည်။ တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿကုမာရ
အား အိမ်ရှေ့အရာ အပ်နှင်းသည်။ အဂ္ဂမဟောသီမိဖုရားကြီး
ကား အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ၊
သမီးတော် သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ
၍ မိမိမူ ဝေဒိဿဂီရိမြို့၌ပင် နေလေသည်။
မင်းတရားကြီးသည် နိုင်ငံတော်အုပ်ချုပ်ရေးကို စည်းစနစ်
ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော် အတွင်း၌ နယ်ပယ်
အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော
အမတ်ကြီးများကို စေလွှတ်ကာ အုပ်ချုပ်စေသည်။ ပြည်နယ် ကြီးများကို အုပ်ချုပ်ရသူများကို ရာဇူကဟုခေါ်၍ ခရိုင်ဝန်
အဆင့်အတန်းရှိ သူများကို ပြာဒီသိကဟုခေါ်သည်။ နိုင်ငံတော်
တစ်ခုလုံးကို ဌာနအသီးအသီးခွဲ၍ အုပ်ချုပ်စေရာ၊ ဌာနတာဝန်ခံ
ကို မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်း ခေါ်သည်။ အုပ်ချုပ်
ရေးအတွက် ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှု
လုပ်ငန်းဌာန၊ အခွန်တော်စည်းကြပ်ရေးဌာနနှင့် စစ်တမ်း
ကောက်ယူရေးဌာန၊ နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေး
ဌာန၊ တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန၊ အမြတ်
တော်ကြေးဌာနတို့လည်း ပါဝင်သည်။
စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချုပ်ရာ
ရေကြောင်း၊ စားနပ်ရိက္ခာ၊ ခြေကျင်တပ်၊ မြင်း တပ်၊ ရထား
တပ်၊ ဆင်တပ်စသည့် ဌာနတို့ ဖြစ်သည်။ အခြားနိုင်ငံများနှင့်
လည်း သံတမန် လဲလှယ်ဆက်သွယ်ကာ ချစ်ကြည်စွာ ဆက်ဆံ
ခဲ့ရာ၊ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယ
နိုင်ငံတော်နှင့် အဆက်အသွယ် ရှိခဲ့သည်။ အုပ်ချုပ်ရေးကို
ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေး
ဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်း သာယာမှုကို မင်းတရားကြီး
သည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောက
မင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌-
တစ်လောကလုံး၏ ကောင်းကျိုးချမ်းသာအတွက်
ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်ဟူသည်
မရှိ။ ငါကြိုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည်
လည်း ဝေနေယျသတ္တဝါတို့အား ဤ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာ
သုခ ဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ ကောင်းရာသုဂတိ
သို့ ရောက်ကြစေခြင်းငှါ ငါ၌ ဆောင်ရွက်အပ်သည့် တာဝန်
တည်းဟူသော ကြွေးမြီမှ လွတ်ကင်းစေရန် ဖြစ်သည် ဟူ၍
ပါရှိ လေသည်။
ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော
နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီး
ကို စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့လေရာ မင်းတရားကြီး၏
အမိန့်ရာဇသံကို ပါဋလိပုတ္တ နေပြည်တော်မှ အိန္ဒုမြစ်ဝှမ်းသို့
တိုင်လည်းကောင်း၊ အာရေဗျပင်လယ်သို့တိုင်လည်းကောင်း
မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။
အသောကမင်းတရားသည် ဖွားတော်မူသည်မှစ၍ မင်း
အဖြစ်သို့ ရောက်သည်တိုင်အောင် မျိုးရိုးစဉ်လာ အတိုင်း
ဗြဟ္မဏ အယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်၊ ခမည်းတော်တို့
ပြုသကဲ့သို့ပင် အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက
ခြောက်သောင်းတို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ သို့သော်
ဘိသိက်ခံ၍ လေးနှစ်မြောက်ပြီးနောက်တွင် နိဂြောဓသာမဏေ
ငယ်ကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော
ဥပသကာတစ်ဦး ဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော်
ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့်တကွ
များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ်
ကိုးကွယ်သည်။ ရဟန်းသံဃာတို့ နေစိမ့်သောငှါ ပါဋလိပုတ္တ
နေပြည်တော်၏ အရှေ့တောင်ဘက်၌ အသောကာရာမ ကျောင်း
တော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အသောကမင်းတရားကြီး
၏ ပထမဆုံးသော ကုသိုလ်တော် အဆောက်အအုံကြီး ဖြစ်ပေ
သည်။
ရာဇဘိသေက ခံယူပြီးနောက် ရှစ်နှစ်အကြာ (ဘီစီ ၂၆၂
ခုနှစ်)တွင် အသောကမင်းကြီးသည် အရှေ့ဘက် ပင်လယ်ကမ်း
ခြေ၊ မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့စပ်ကြားရှိ ကလိင်္ဂတိုင်း(ဩရိဿ)
တိုင်းကို သိမ်းသွင်းရန် ရေတပ်၊ ကြည်းတပ် အလုံးအရင်းနှင့်
ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင်
အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်း ပြည်
နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့
လေသည်။
ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို
လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရား
ကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရ
ခြင်း မဖြစ်နိုင်တော့ချေ။ သွေးချောင်းစီးအောင် အပြင်းအထန်
တိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေ
ကြေ ပျက်စီးကြရသည်။ ထောင်သောင်းချီ၍ အိုးအိမ်မဲ့ ဖြစ်ကြ
ရသည်။ ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင် တွေ့
မြင်ရသောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက်
သတ်ဖြတ်မိခြင်းကို ယူကြုံးမရ ဖြစ်မိသည်။ ရန်သူများကိုလည်း
သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား၊
ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက်
အခိုက်၌ များစွာငြီးငွေ့ စက်ဆုတ်သွားသည်။ နိုင်ငံသူ နိုင်ငံ
သားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသော စိတ်
များ ဖြစ်ပေါ်လာသည်။ ထိုကြောင့် မိမိထက်အင်အားငယ်သော
နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့် ဖိနှိပ်တိုက်ခိုက်
အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု
ဆုံးဖြတ်လိုက်လေသည်။
ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာ
တရားနှင့် ကရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား
ညှင်းပန်းနှိပ်စက်မှုကို မလိုလား၊ အားမပေးသော ဗုဒ္ဓအယူဝါဒ
ကို ပို၍ ကြည်ညိုလေးစားကာ ထက်ထက်သန်သန် ဆည်းကပ်
ကိုးကွယ်ခြင်းကို ပြုပြီးလျှင် သာသနာတော်ကို များစွာ
ချီးမြှောက်တော်မူလေသည်။ တရားတော်နှင့်လျော်ညီစွာ နေထိုင်
ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကို
အထူး ပြုပြင်တော်မူသည်။ မိမိသာမက မိမိ၏ မိဖုရား၊
သားတော်သမီးတော်၊ ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ
မိမိ၏ နိုင်ငံသား အားလုံးတို့၏ ပစ္စုပ္ပန်နှင့် တမလွန်အကျိုး
စီးပွားဖြစ်ထွန်းရေး၊ လူသားအချင်းချင်း၊ ပြည်ထောင်အချင်းချင်း
ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သော တရားဓမ္မဖြင့်
သာ အောင်မြင်ရာသည်ဟူသော ဓမ္မဝိဇယဝါဒကို လိုက်နာ
ကျင့်သုံးစေလေသည်။
နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာ
သူများ ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း
၌ ရာထမ်းမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ ငါးနှစ်
တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို လူအများအား
ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓ
ဂယာအစရှိသော ဘုရားရှင်နှင့် စပ်လျဉ်း၍ အထွတ်အမြတ်
ထားသော အရပ်များသို့ အဖူးအမျှော် သွားရောက်ပြီးလျှင်
ထိုနေရာ အရပ်များ၌ အထိမ်းအမှတ် အဆောက်အအုံများ
စိုက်ထူတည်ဆောက်ခဲ့သည်။ မိမိဆောင်ရွက်သမျှ အကြောင်း
အရာများနှင့် တရားဓမ္မ အဆုံးအမတို့ကို ကြာရှည်စွာ မပျောက်
မပျက် တည်တံ့စိမ့်သောငှါ နိုင်ငံတော် အတွင်းရှိ နယ်ပယ်
အသီးသီးတို့၌ ကျောက်တိုင်များ၊ ကျောက်ပြားများ၊ ကျောက်ဂူ
လိုဏ်နံရံများတွင် ကမ္ဗည်း ကျောက်စာထွင်း၍ အနှံ့အပြား၌
မော်ကွန်းထားခဲ့သည်၊ နိုင်ငံတော်အတွင်း နေရာအနှံ့အပြား၌
မော်ကွန်း ကျောက်စာများဖြင့် မှတ်တမ်းတင်ထားခဲ့ရာ
မိဂဒါဝုန်၊ လုမ္ဗိနီစသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွတ်အမြတ်
နေရာများ၌လည်းကောင်း၊ ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း
၁၀ဝဝဝ ကျော်ဝေးသော အိန္ဒိယ အနောက် မြောက်ဒေသ
ပက်သျှဝါခရိုင်၌လည်းကောင်း၊ ဘုံဘိုင်ပြည်နယ်အတွင်း၌
လည်းကောင်း၊ ဩရိဿ(ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌
လည်းကောင်း စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး နေရာ
အနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် ၃ဝ ကျော်ခန့်
စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာရေးထိုးရာ၌
အက္ခရာနှစ်မျိုး အသုံးပြုကြောင်း တွေ့ရသည်။ တစ်မျိုးမှာ
လက်ယာမှလက်ဝဲဘက်သို့ ရေးရသော ခရောသျှဋ္ဌီအက္ခမျိုးဖြစ်၍
တစ်မျိုးမှာ ဗြာဟ္မီအက္ခမျိုးဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယ
အက္ခရာများ၏ မူလ အခြေခံအက္ခရာများ ဖြစ်ကြသည်။
မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ
အဆောက်အအုံများစွာတို့ကိုလည်း ဆောက်လုပ် ကုသိုလ်ပြုခဲ့
သည်။ လူမျိုးမရွေး၊ ဇာတ်မရွေး၊ မရှိဆင်းရဲသားတို့အား နေ့စဉ်
ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်
များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ်
ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့
သည်။ ယင်းတို့အနက် ဗိုပေါပြည်နယ်၊ ဆန်ချီ အရပ်ရှိ သဉ္စီ
စေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။
ဘုရားရှင် ဟောကြားတော်မူ ခဲ့သော ဓမ္မက္ခန္ဓာ ၈၄,ဝဝဝ ကို
အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး နေရာ
အနှံ့အပြား၌ စေတီတော် ပေါင်း ၈၄,ဝဝဝ၊ ရေတွင်း ရေကန်
ပေါင်း ၈၄,ဝဝဝကို လှူဒါန်းခဲ့သည်၊ သာသနာ့အမွေကို ခံနိုင်ရန်
သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကိုပင်
သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ အသောကရာမ
ကျောင်းမှအပ အခြားသောအရပ်များ၌လည်း သံဃာများအတွက်
ကျောင်းများ ဆောက်လုပ် လှူဒါန်းခဲ့၍ ပစ္စည်းလေးပါး
အထောက်အပံ့လည်း ပေးခဲ့ပေသည်။
အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ်
နှစ်ပါး ဆင်းရဲအောင် နှိပ်စက်ညှဉ်းပန်းခြင်း မပြုပေ။ မင်း
တရားကြီးသည် မိမိ၏ နိုင်ငံသားတို့အတွက်သာမဟုတ်
ကျောသားရင်သား မခွဲခြားပဲ ကမ္ဘာ တစ်လောကလုံးရှိ လူ
သတ္တဝါတို့၏ ကောင်းကျိုးချမ်းသာအတွက် လိုလားတော်မူသော
စိတ်ထားရှိကြောင်းကို မလိဂ‡တိုင်းတွင် စိုက်ထူခဲ့သော ကျောက်
စာတစ်ခု၌ -
ငါသည် ငါ၏ သားတော် သမီးတော်တို့အတွက် ဤ
မျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိုး
ကိုပါ လိုလားတော်မူသကဲ့သို့ လူခပ်သိမ်းတို့အတွက်လည်း
လိုလားတော်မူသည်။ လက်အောက်ခံ လူမျိုးတို့၏စိတ်၌
မင်းတရားကြီးသည် ငါတို့၏ဖခင်သဖွယ် ဖြစ်ပါပေသည်။
ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ ငါတို့
ကား မင်းတရားကြီး၏ သားသမီးသဖွယ် ဖြစ်ပါ ပေသည်ဟူ၍
အောက်မေ့သဘောထားလာရန် ဆောင် ရွက်ရမည်ဟု အရာ
ထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထား
ချက်အရ သိရလေသည်။
လူသားတို့အတွက်သာမက တိရစ္ဆာန်များ အပေါ်၌လည်း
ကြင်နာသနား ထောက်ထားညှာတာသည်။ ဗုဒ္ဓဝါဒီ အဖြစ်
ကူးပြောင်းလာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ်
လျော့နည်းနိုင်သမျှ လျော့နည်း စေသည်။ တိရစ္ဆာန်များအတွက်
ရေတွင်းရေကန်များ တူးဖော်ပေးသည့်အပြင် တိရစ္ဆာန်များ
အတွက် ဆေးရုံများလည်း ဆောက်လုပ်ပေးလေသည်။
မင်းတရားကြီးသည် နိုင်ငံသာယာမှု၊ ဝပြောစည်ပင်မှု၊
တိုးတက်မှု၌ အရပ်ရပ်တို့ကိုလည်း ဆောင်ရွက် တော်မူသည်။
မောရိယနိုင်ငံတော်အတွင်း ခရီးအသွားအလာ လွယ်ကူစေခြင်း
ငှါ ဖြောင့်ဖြူးသော လမ်းကြီး လမ်းငယ် အသွယ်သွယ်တို့ကို
ဖောက်လုပ်သည်။ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ခရီး
သွားများ အရိပ်ရစေရန် သစ်ပင်များကို စိုက်စေသည်။ ခရီး
သည်များ တစ်စခန်းမှတစ်စခန်းသို့ ခရီးအဆင့်ဆင့် သွားကြ
ရာ၌ အပန်းဖြေ နားနေရန် စရပ်အဆောင်ဆောင်တို့ကို
ဆောက်စေသည်။ လူနှင့် တိရစ္ဆာန်တို့အတွက် ဆေးဝါး
လုံလုံလောက်လောက် ရရှိစေရန် နိုင်ငံတော်အနှံ့အပြား၌
ဆေးဝါးပင်များကိုလည်း စိုက်စေသည်။ နိုင်ငံတော် အတွင်း
ကောက်ပဲသီးနှံ အထွက်ကောင်းစေရန် ဆည်မြောင်းများ ဖို့
ပေးသည်။ ပြုပြင်သင့်သည်ကို ပြုပြင် တူးဖောက်ပေးသည်။
သစ်သီးခြံကြီးများကို ပြုစုပျိုးထောင်ပေးသည်။
အသောကမင်းတရားသည် ဗုဒ္ဓသာသနာတော်ကို လွန်စွာ
ချီးမြှင့်လင့်ကစား အခြားသော ဘာသာအယူဝါဒ များအား
အပြစ်ဆိုခြင်း၊ ရှုတ်ချခြင်း၊ မပြုချေ။ ကိုယ်တော်တိုင်သာမက
နိုင်ငံတော်အတွင်းရှိ လူခပ်သိမ်း တို့အား တစ်ဦး၏ အယူဝါဒ
ကို တစ်ဦးက ရှုတ်ချခြင်း ပြစ်တင်ခြင်းမပြုရန်လည်း အမိန့်
ထုတ်ထားခဲ့သည်။ ဗုဒ္ဓသာသနာအတွက် စေတီပုထိုးကျောင်း
ကန်စရပ်တို့ကို ဆောက်လုပ်လှူဒါန်းသည့်နည်းတူ အာဇီဝက
များအတွက် လည်းကောင်း၊ ဗြဟ္မဏဝါဒီများအတွက် လည်း
ကောင်း၊ ဂျိန်းဝါဒီများအတွက်လည်းကောင်း အယူဝါဒရေးရာ
အဆောက်အအုံများကို ထိုက်သင့်သလို ဆောက်လုပ် လှူဒါန်း
လေသည်။
သို့သော် မင်းတရားကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာ
ချီးမြှင့်သဖြင့် သာသနာတော်တွင် အလွန်ပြန့်ပြောသော
လာဘသက္ကာရဖြစ်သည်။ ထိုအခါ လာဘ်လာဘကို မျှော်ကိုး၍
တိတ္ထိ တက္ကတွန်းတို့သည် ရဟန်းခွင်သို့ ခိုဝင်လာကြရာ
သာသနာတော်တွင် အညစ်အကြေး တင်လာသည်၊ ထိုကြောင့်
မင်းတရားကြီးသည် အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်၏
အဆုံးအမကိုယူ၍ သာသနာအတွင်းမှ ရဟန်းတုရဟန်းယောင်
များကို ဖယ်ရှား ရှင်းလင်းပစ်ပြီးနောက် သာသနာတော်
သန့်ရှင်းသွားစေရန် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင်
အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကိုပင် အမှူးထား၍ တတိယ
သင်္ဂါယနာတင်တော်မူလေသည်။
သာသနာတော် သန့်စင်သွားပြီးနောက် သာသနာတော်ကို
အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲစေလိုသော ဆန္ဒသည် မင်းကြီး
၌ ပြင်းပြလှသည်။ ထိုကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်
မြတ်အား သာသနာတော်သည် နောင်အခါ အဘယ်အရပ်၌
တည်လတ္တံ့နည်းဟု မေးလျှောက်လျှင် အရှင်မထေရ်မြတ်က
ပစ္စန္တရာဇ်တိုင်း၌ တည်လတ္တံ့ဟု ဖြေကြားချက်အရ ပစ္စန္တရာဇ်
ကိုးဌာန (ကိုးတိုင်းကိုးဌာန)သို့ သာသနာပြု ရဟန္တာ ရှင်မြတ်
တို့အား စေလွှတ်၍ ဗုဒ္ဓသာသနာ ပျံ့နှံ့ရေးကို ဆောင်ရွက်တော်
မူလေသည်။ (ဗုဒ္ဓသာသနာဝင် -။)
ထိုမျှသာမကသေး အသောကမင်းကြီး၏ နိုင်ငံတော်သည်
ဂရိစသော အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ်
ရှိသဖြင့် ဆီးရီးယား၊ အီဂျစ်၊ ဂရိစသော နိုင်ငံတို့သို့လည်း
ဗုဒ္ဓသာသနာတော်၏ အရှိန်အဝါ ပျံ့နှံ့ ကျရောက်ခဲ့လေသည်။
အသောကမင်းတရားကြီးသည် နိုင်ငံတော် စည်ပင်ဝပြော
သာယာရေး၊ ခပ်သိမ်းသော သတ္တဝါတို့၏ လောကီ
လောကုတ္တရာ ကောင်းကျိုးချမ်းသာရေးအတွက် အသက်ထက်
ဆုံး ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပြီးလျှင် ဘီစီ ၂၃၂ ခုနှစ်
ခန့်တွင် လွန်တော်မူသည်။
အသောကမင်းတရားကြီး၏ အကြောင်းနှင့် စပ်လျဉ်း၍
ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲက ကမ္ဘာ့
ရာဇဝင် အစောင်စောင်တို့တွင် ထင်ရှားကျော်ကြားကြ
ကုန်သော မင်းဧကရာဇ်များစွာအနက် အသောကမင်းတရားကြီး
တစ်ပါးတည်းသာလျှင် ကြယ်တာရာအလား ထွန်းလင်း
တောက်ပခြင်းရှိ၍ ယင်း၍ ဘွဲ့တော်နာမံသည် (ရုရှ)ဗော်လဂါ
မြစ်မှသည် ဂျပန်နိုင်ငံတိုင်အောင် ကမ္ဘာတစ်လွှား၌ ပြန့်မွှေး
ကျော်ကြားလျက် အလေးအမြတ်ပြုခြင်းကို ခံရလေသည်ဟု
ကမ္ဘာ့သမိုင်း အကျဉ်းချုပ်စာအုပ်ကြီး၌ ဖော်ပြချီးကျူးရေးသား
ထား လေသည်။[5]
အာသောက ကျောက်စာ မြန်မာ ဘာသာပြန်
အရှင် အာဒိစ္စဝံသ ဆရာတော် (၁၈၈၃-၁၉၅၁) သည် အာသောကမင်းကြီး ၏ ဩဝါဒ အနုသာသနိ ကျောက်စာတော်များ ကို မူလ ပါဠိဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုတော် မူသည်။ ယင်း ကျောက်စာများ ကို အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာ အသီးသီး သို့ ပြန်ဆိုပြီး ဖြစ်သော် လည်း မြန်မာဘာသာ သို့ ပြန်ဆိုခြင်း မပြုရသေး သဖြင့် ပြန်ဆိုရခြင်း ဖြစ်ပေသည်။ ဆရာတော် သည် ပါဠိဘာသာ ကို သာမက သက္ကတ၊ အူရဒူ၊ ဗင်္ဂလိ၊ ဟိန္ဒီ၊ ဂုရု၊ မုခိ၊ အင်္ဂလိပ် နှင့် ဂျာမန် ဘာသာ တို့ကိုလည်း လေ့လာ ဆည်းပူးထား သဖြင့် အာသောက ကျောက်စာများကို ပါဠိဘာသာမှ ပြန်ဆို ရာတွင် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာပြန်မူများ နှင့်လည်း ညှိနှိုင်း တိုက်ဆိုင်ခဲ့သည်။ ယင်း ဘာသာပြန် သည် ၁၉၃၁-၃၂ အတွက် ဝေလမင်းသားစာပေဆု ရရှိခဲ့သည်။ [6]
အကိုးအကား
- Lars Fogelin (1 April 2015)။ An Archaeological History of Indian Buddhism။ Oxford University Press။ pp. 81–။ ISBN 978-0-19-994823-9။
- Fred Kleiner (1 January 2015)။ Gardner’s Art through the Ages: A Global History။ Cengage Learning။ pp. 474–။ ISBN 978-1-305-54484-0။
- Lahiri 2015, pp. 295–296.
- Singh 2008, p. 331
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
- ဒေါက်တာတင်အောင်၊ မင်းကျော်၊ နတ်နွယ်၊ လှသမိန်၊ (ရန်ကုန်၊ စာပေဗိမာန်)။ ဘာသာပြန် စာပေစာတမ်းများ။ ပြည်သူ့လက်စွဲစာစဉ်။ ဒုတိယတွဲ။
|year=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
- ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း၊မူရင်း Glimpses of world history by Jawaharlal Nehru
- The 100 A Ranking of the most influential persons in History by H.Hart