စေတုတ္တရာမြို့
စေတုတ္တရာမြို့ သည် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ စလင်းနယ်တွင် ပါဝင်၍ ဧရာဝတီမြစ်ကမ်းမှ ဝေးကွာသည့် အတွင်းဖက်ကျသော အရပ်တွင် တည်ရှိသည်။ စလင်းမြို့မှ ၃၆ မိုင်ခန့်ဝေးသည်။ စေတုတ္တရာမြို့သည် ရခိုင်ရိုးမတောင်၏ အရှေ့ ဖက် ဆင်ခြေလျှောတွင် တည်ရှိသည်။ မြို့မှာ ရှည်လျားသည်။ ရဲဌာနသည် မြို့အဝင်ဝတွင် ရှိသည်။ မုန်းမြစ်သည် မြို့နယ် အလယ်ကို တည့်တည့်ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်း၏။ ထိုဒေသကို မုန်းချောင်းနယ်ဟုလည်း ခေါ်သည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၁၁၂၁ စတုရန်းမိုင်ဖြစ်၍ ရွာပေါင်း ၂ဝဝ ကျော် ပါဝင်သည်။ မုန်းမြစ် ဝှမ်းတစ်လျှောက်တွင် ညီညာ ပျံ့ပျူးသော မြေပြင်များရှိသည်။ မြို့နယ်၏ ကျန်အပိုင်းမှာ တောင်ကုန်းဒေသများသာဖြစ်၍ ငှက်ဖျားထူသည်။
စေတုတ္တရာမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
စေတုတ္တရာမြို့ | |
ကိုဩဒိနိတ်: 20°27′N 94°15′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မင်းဘူး |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၂၆)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၁၄)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | စေတုတ္တရာမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မြို့နယ်၏လူဦးရေမှာ ၁၉၅၆ ခုနှစ်အတွက် ခန့်မှန်းခြေ စာရင်းအရ ၃ဝ၇၄၈ ယောက်ခန့် ဖြစ်သည်။ မြန်မာလူမျိုး၏ လူဦးရေများပြားသော်လည်း ချင်းလူမျိုးတို့လည်း ရှိသေးသည်။ ထိုဒေသရှိ ချင်းများသည် မြန်မာများနှင့် နီးစပ်ရောနှော ပေါင်း သင်းဆက်ဆံခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် အမူအရာ ဓလေ့ထုံးစံ အားဖြင့် မြန်မာများနှင့် များစွာကွဲပြားခြားနားခြင်း မရှိပေ။
စေတုတ္တရာနယ်မှ ထွက်ကုန်များမှာ ကျွန်းသစ်၊ အင်ကြင်း၊ ရှားစေး၊ ချိပ်၊ အင်တွဲ၊ ဝါ၊ လူး၊ ဆပ် ပြောင်းများဖြစ်၍ အဓိက အလုပ်အကိုင်များမှာ စပါးစိုက်ပျိုးခြင်း၊ သစ်ဝါးခုတ် ခြင်း စသည်တို့ဖြစ်၏။
စေတုတ္တရာမြို့နယ်၌ ယနေ့တိုင် ရှေးရိုးဆန်သော ဝတ်စား ဆင်ယင်ပုံကို တွေ့နိုင်သည။ အသုံးအဆောင်များတွင်လည်း ဒေါင်းလန်း၊ မြေအိုး၊ မြေခွက်၊ ယွန်းတည် စသည်တို့ကို ယခု တိုင် သုံးစွဲလျက်ရှိကြသည်။ အလှူအတန်း ပွဲလမ်းသဘင် စသည်တို့တွင် မြန်မာရှေးဟောင်း တူရိယာများကို တီးမှုတ်ကြ လျက် အရာရာတွင် စုပေါင်းလုပ်ဆောင်ကြသော အလေ့အထ ရှိသည်။
စေတုတ္တရာမြို့၏ မြောက်ဖက် ၂၇ မိုင်ခန့် အကွာတွင် တောင်ထိပ်ပေါ်၌ ရေကန်ရှိသော ကန်တောင်ကြီး ရှိသည်။ မြို့နှင့် သုံးမိုင်ကွာ ဆင်မြီးချောင်းကမ်းပါး၌ ကျောက်ခဲပေါ်တွင် စေတီသဖွယ် ကျောက်အဆင့်ဆင့် တင်လျက်ရှိသော ခမောက်ပုံ နှင့်တူသည့် ကျောက်ခမောက်ဆိုသည့် နေရာလည်း ရှိသည်။[1]
အမည်တွင်လာပုံ
စေတုတ္တရာမြို့ကို စတင်တည်ထောင်ချိန် ပုဂံခေတ်က အနော်ရထာမင်းစော၏ပျိုးထောင်မှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မြတ် ထွန်းကားလာပြီဖြစ်သော်လည်း ရိုးရာနတ်ကိုးကွယ်မှုများ ကြီးစိုးနေဆဲဖြစ်သည်။ စေတုတ္တရာဟု တည်ထောင်မည့် အရပ်ဒေသတွင် ဒေသခံများ ကိုးကွယ်ကြသော နတ်မင်း၏ အမည်မှာ ဇေတနတ်မင်းဖြစ်သည်။ မြို့တည်ထောင်သောအခါ ဇေတနတ်မင်းကို ဂုဏ်ပြုပူဇော်သောအားဖြင့် မြို့အမည်ကို ဇေတဥတ္တရာ (ဇေတ= ဇေတနတ်မင်း+ ဥတ္တရာ=မြင့်မြတ်သောနေရာဌာန) ဟု အမည်ပေးခဲ့သည်။ ပါဠိဘာသာစကားတွင် ရှေ့ဗျည်းသံနှင့် နောက်သရသံတို့ကို တစ်ဆက်တည်းရွတ်ဆိုသောအခါ ဇေတုတ္တရာဟု အမည်တွင်လာရသည်။ ထိုမှတဆင့် ကာလရွေ့လျောလာသည့်အခါ စေတုတ္တရာဟု ဖြစ်လာကြောင်း သိရသည်။
ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့တို့က စေတုတ္တရာမြို့ကို sidoktaya ဟုအမည်ပေးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် sitoktaya ဟုလည်းကောင်း အမည်ပေးခဲ့ရာ မူလအမည်ဖြစ်သော စေတုတ္တရာ အစား စည်တုတ္တရာ ဟူသောအသံထွက်မျိုး ဖြစ်သွားစေသည်။ အမျိုးသားမှတ်ပုံတင်နံပါတ်တွင် အသုံးပြုသော အတိုကောက်စာလုံးမှာလည်း SDA ဟုလည်းကောင်း၊ ထိုမှတဆင့် STA ဟုလည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ယနေ့အချိန်တွင်မူ ၈/စတရ(နိုင်) ဟူသော မြို့နယ်သင်္ကတကို သတ်မှတ်ထားသည်။
သမိုင်းကြောင်း
စေတုတ္တရာမြို့ကို ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီး၏ သားတော် မင်းဇေယျခေတ္တရာဘွဲ့ခံ ရာဇကုမာရ်မင်းသားမှ မြန်မာသက္ကရာဇ် (၄၆၀)ခုနှစ်၊ ကဆုန်လဆန်း(၁)ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ မြို့ကို စတင်တည်စဉ်က မြို့အင်္ဂါ (၅)ရပ်ပါဝင်ခဲ့သည်။
- မြို့ရိုး
- ဇေတနတ်မင်းကြီးနတ်ကွန်း
- စည်ကျစ်တောင်စေတီတော်
- အောင်ချာသီရိစေတီတော်
- ဆုတောင်းပြည့်စေတီတော်
တို့ဖြစ်ကြသည်။
မြို့ကို တည်ထောင်သည်မှာ သက်တမ်း နှစ်ပေါင်း (၉၀၀)ကျော်ပြီဖြစ်သော်လည်း မြို့သည် များစွာဖွံ့ဖြိုးကျယ်ပြန့်လာခြင်း မရှိပဲ ယခုတိုင်အောင် မြို့ငယ်ကလေးအဖြစ်သာ တည်ရှိနေဆဲဖြစ်သည်။
တည်နေရာအကျယ်အဝန်း
စေတုတ္တရာမြို့သည် စေတုတ္တရာမြို့နယ်ရုံးစိုက်ရာ ဖြစ်ပြီး မုန်းချောင်းနှင့် ဆီမီးချောင်း ပေါင်းဆုံရာ၏ အထက်နားတွင် တည်ရှိသည်။
စေတုတ္တရာမြို့၏ တည်နေရာသည် မြောက်လတ္တီကျု ၂၀°၂၅'၂၉" အရှေ့လောင်ဂျီကျု ၉၄°၁၅'၃၆" တွင် တည်ရှိသည်။
မြို့ပေါ်ရပ်ကွက်များ
မြို့ပေါ်ရပ်ကွက်ငယ် (၁၀)ခုရှိပြီး ရပ်ကွက်ကြီး(၂)ခုအဖြစ် ဖွဲ့စည်းသည်။
အမှတ်(၁)ရပ်ကွက်
- စံပြရပ်ကွက်
- ဗန္ဓရရပ်ကွက်
- သီဟရပ်ကွက်
- ဇေယျရပ်ကွက်
- ဝဏ္ဏရပ်ကွက်
အမှတ်(၂)ရပ်ကွက်
- မြောက်ခေတ္တရာရပ်ကွက်
- တောင်ခေတ္တရာရပ်ကွက်
- ရွာသစ်ရပ်ကွက်
- ပိတောက်မြိုင်ရပ်ကွက်
- လယ်ပြင်စုရပ်ကွက်
စေတုတ္တရာမြို့တွင် စုစုပေါင်း အိမ်ခြေ (၈၀၀)ကျော်၊ လူဦးရေ (၄၃၀၀)ကျော်မျှသာရှိသဖြင့် လူနေနည်းပါးသည်။ သို့ရာတွင် အနီးအနားဝန်းကျင်တွင် နီးကပ်စွာတည်ရှိနေသော ခိုဝင်၊ မထိမ်း၊ မြေနီကုန်း၊ တောင်မြေနီ၊ အောက်ပုံ၊ မကြီးစု၊ ညောင်အိုင်၊ ခြင်ပြစ်ကိုင်း၊ သရန်ကိုင်း၊ လုံးပေါ စသောကျေးရွာများတွင်လည်း လူဦးရေအတော်အသင့်ရှိသဖြင့် စေတုတ္တရာမြို့ ပတ်ဝန်းကျင်ဒေသသည် မြို့နယ်အတွင်းတွင် လူနေအထူထပ်ဆုံးဖြစ်သည်။
ဘုန်းတော်ကြီးကျောင်းများ
မြို့ပေါ်တွင် -
- စေတော်ဝင်တောရကျောင်းတိုက်
- မြောင်းခွတောင်ကျောင်း
- မြောင်းခွမြောက်ကျောင်း
- ရန်အောင်ဘုံသာကျောင်း
- လေးထပ်တောင်ကျောင်း
- စည်ကျစ်တောင်ကျောင်း
- လယ်ပြင်စုကျောင်း
- မြကန်သာကျောင်း
- အောင်မင်္ဂလာကျောင်း
- ပိတောက်မြိုင်ကျောင်း
ဟူ၍ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်း ရှိသည်။ အခါကြီးရက်ကြီးများတွင် အခမ်းအနား ကျင်းပရန်အတွက် မြို့လယ်ဓမ္မာရုံကြီးတစ်ခုရှိသည်။ မိုးကုတ်ဝိပဿနာအဖွဲခွဲအမှတ် (၁၅၁)၊ တရားရိပ်သာကြီး တစ်ခုရှိသည်။
လူမှုရေး
နံနက်ခင်းဈေး (မြို့နယ်စည်ပင်သာယာဈေး) တစ်ခု၊ မြို့မအားကစားကွင်းတစ်ခု၊ ပန်းခြံတစ်ခု တို့လည်း ရှိသည်။ ဆေးရုံတစ်ရုံ၊ အထက(၁)ကျောင်း၊ အမက(၂)ကျောင်း၊ မူကြိုကျောင်း(၁)ကျောင်းလည်း ရှိသည်။
ထင်ရှားသောပုဂ္ဂိုလ်များ
အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးခေတ်တွင် ဗိုလ်ဥတ္တမ၏ တပည့်လက်ရုံးများဖြစ်သော ဗိုလ်ဗျိုင်းကြီး ဗိုလ်ဗျိုင်းကလေး တို့သည် စေတုတ္တရာနယ်တွင် အင်္ဂလိပ် စစ်တပ်အား တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်က မျိုးချစ်တော်လှန်ရေးသမားများလက်ချက်ဖြင့် သေဆုံးခဲ့သော အင်္ဂလိပ်စစ်ဗိုလ် စစ်သားများ၏ အုတ်ဂူများကို ယနေ့တိုင် စေတုတ္တရာမြို့နှင့် ဖအိုင်းရွာတို့တွင် တွေ့နိုင်သည်။
ဦးလှမောင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း စေတုတ္တရာမြို့ပိုင်အဖြစ်အမှုထမ်းပြီး နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်ဆန့်ကျင်ရေးများကို ဦးဆောင်ခဲ့သည်။ နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။
ဦးစသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးများကို ဦးဆောင်ခဲ့သည်။ လွတ်လပ်ပြီးနောက်တွင် မြို့နယ်ရဲမှူးအဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် အလံနီကွန်မြူနစ်သူပုန် တိုက်တိုင်းအောင်ကျော်ကြီးအဖွဲ့က စလင်း-စေတုတ္တရာကြား ပေါင်းမကြီးချောက်တွင် ခြုံခိုတိုက်ခိုက်ခြင်း ခံရကာ ကျဆုံးခဲ့ရသည်။ နိုင်ငံတော်မှ သူရဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့သည်။
ဦးလှအောင်သည် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ အငြိမ်းစား ဖြစ်သည်။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)