စကုမြို့

စကုမြို့
မြန်မာနိုင်ငံရှိ မြို့များ
စကုမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°13′N 94°50′E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မင်းဘူး
လတ္တီကျု(၂၀)ဒီဂရီ၊ (၁၃)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၅၀)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့စကုမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


စကုမြို့

စကုမြို့သည် မကွေးတိုင်းအတွင်းပါဝင်သောမြို့တစ်မြို့ဖြစ်သည်။ မင်းဘူးခရိုင် တောင်ပိုင်းတွင်ရှိ၍ စကုမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ မင်းဘူး ဆင်ဖြူကျွန်းသွား မော်တော်ကား လမ်းတွင် မင်းဘူးမြို့၏ အနောက်မြောက်ဖက် ၁၁ မိုင်အကွာ၌ တည်ရှိသည်။ မြို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၄၂.၇ ခန့် ရှိသည်။ မန်းစက်တော်သို့ ဘုရားဖူးသွားကြသူအများစုမှာ စကုမြို့ကို ဖြတ်သန်း၍သွားကြသည်။

သမိုင်းကြောင်း

‘ကြာသီးနု စကုတည်’အဆိုအရသက္ကရာဇ်(၂၆၇)ခုနှစ်တွင် အသင်္ခရာအမတ်ကြီးက စကုမြို့ကိုတည်ခဲ့သည်။ ကျေးငှက်ပေါများသည့်မြို့အဖြစ်ရှေးက ’သကုန’ ဟုအမည်တွင်ခဲ့သည်ဆိုသည်။ ရှေးမြို့ငယ်တစ်ခုဖြစ်၍မြန်မာမင်းများလက်ထက်အခါကမြို့ဝန်အုပ်ချုပ်ရသောမြို့ဖြစ်သည်။ မြန်မာမင်းများ လက်ထက်တွင်၊ စကုမြို့ဝန် ဟူ၍ သီးခြားထားရှိပြီး အုပ်ချုပ်စေခဲ့သည်။ ရှေးခေတ်စကုမြို့ဝန်၊မြို့သူကြီးတို့ တည်ဆောက်ကိုးကွယ်ခဲ့သော လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း၊ မှန်ကင်းကျောင်း၊ ကန်ဦးကျောင်းစသည့် ကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြထားသည့် ရှေး မြန်မာပန်းပုလက်ရာတို့ကို ယခုတိုင် တွေ့နိုင်သေးသည်။ မြတ်စွာဘုရား၏ ခြေတော် နှစ်ဆူရှိသော ရွှေစက်တော် ဘုရားသည် စကုမြို့နယ် အတွင်း၌ပင် ရှိ၏။ ရွှေစက်တော် ဘုရားပွဲ ကျင်းပသည့် တပို့တွဲနှင့် တပေါင်းလတို့တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြသည်။

ဒဏ္ဍာရီ

စကုမြို့ဟု အမည်တွင်ရခြင်းကို တစ်ကောင်းခေတ်မှ မဟာသမ္ဘဝ၊ စူဠသမ္ဘဝတို့၏အကြောင်းနှင့် ဆက်စပ်ပြောလေ့ရှိကြသည်။ ထိုမျက်မမြင်မင်းသား နှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးတွင် ဖောင်ဖြင့်မျှောလိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမသည် ဖောင်ပေါ်တွင် အတူစီးလိုက်ခဲ့လေသည်။ လမ်းတွင် စားမြိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများကသတ်မည် အပြုတွင် မျက်စိအလင်းရအောင် ကုပေးပါမည်ဟု ကတိပြုချက်ကြောင့် အသက်ချမ်းသာပေးလိုက်၏၊ ထိုနေရာမှစ၍ မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင်ကုပေးသည့် အတွက် စကုဟု ခေါ်ကြောင်း အဆိုရှိ၏။


စကုမြို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာ စိုက်ပျိုးခြင်း ဖြစ်၏။ လယ်ယာစိုက်ပျိုးခြင်း များကို မန်းချောင်းမှ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ စကုနယ်မှထွက်သည့် စကုဗြတ် ခေါ်သော စပါးသည် နာမည်ကြီး၏။ 'စပါးမှာ စကုဗြတ်၊ မယားမှာ တစ်ခုလပ်'ဟုပင် ဆိုရိုး ရှိခဲ့သည်။ အိုင်မဆည်(မန်းဘူးမြောင်း)နှင့် မဲဇလီဆည်(မုန်းတူးမြောင်း) စီမံကိန်းအရ စိုက်ဧရိယာများစွာ ရေသွင်းနိုင်ပြီးတစ်နှစ်ပတ်လုံးသီးထပ်သီးညှပ်များဖြင့် ဝေဆာလျက်ရှိသည်။ မန်းရေနံမြေ စီမံကိန်းသည် မင်းဘူးစကုမြို့နယ်၏ ထင်ရှားလှသော စီးပွားရေးကဏ္ဍာတစ်ရပ်ဖြစ်၍ ယခုအခါ ဓာတ်ငွေ့စက်ရုံ တစ်ရုံ တိုးချဲ့တည်ဆောက်ပြီး ဖြစ်သည်။ စကုမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၁၅၂ ယောက်မျှ ဖြစ်သည်။ [1]


မြို့၏အရှေ့၌ထေရ်ကြီးနှင့်သကျမဉ်ဇူစေတီများ၊တောင်ဘက်၌ကန်ပေါက်ကြီးနှင့်ပုညရှင်စေတီများ၊အနောက်၌ဇရပ်ကြီးနှင့်ရွှေကျမ်းစေတီ၊မြောက်ဘက်တွင်ရွှေတော်ရကြီးစေတီနှင့်မန်းချောင်းတို့သည်တည်ရှိသဖြင့်ကြီးလေးကြီးရံသောမြို့ဟုဆိုကြသည်။ မြို့တွင်းမြို့ပြင်စေတီပုထိုးတစ်ရာခန့်ရှိပြီးကျောင်းကန်ဘုရားတို့ကိုအုတ်စင်္ကြန်များပေါများမှုကို တင်စား၍ပုဂံဘုရား၊ စကုတံတားဟု ဆိုရိုးတွင်သည်။ ရှေးမြန်မာတို့၏အနုပညာလက်ရာများဖြင့်တခမ်းတနားတည်ဆောက်ထားခဲ့သောရှေးဟောင်းသာသနာ့ အဆောက်အအုံများမှာယနေ့တိုင်စကုမြို့ဝန်းကျင်တွင်တွေ့မြင်နိုင်ပေသည်။


စကုမြို့၌ နေ့စဉ် အရုဏ်ဆွမ်းလောင်းအဖွဲ့နှင့် နေ့ဆွမ်းလောင်းအဖွဲ့တို့ ရှိကြပြီး နှစ်စဉ်ပရိယ္တတ် စာပြန်ပွဲ နှစ်ကြိမ်ကျင်းပသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း သုံးဌာနရှိပြီးဝတ်ပြုအဖွဲ့ (၁၂)ဖွဲ့ရှိသဖြင့် အဖိတ်ဥပုသ်နေ့ ညနေတိုင်း ဓမ္မာရုံများ၌ ရွတ်ဆိုပူဇော်လေ့ရှိသည်။ မန်းရွှေစက်တော်ပါဒစေတီသို့ စကုမှတစ်ဆင့် လမ်းသုံးသွယ်ဖြင့် သွားနိုင်သည့်အပြင် မြောက်ဘက်ရှိ လယ်ကိုင်းစန္ဒကူး နံ့သာရုပ်ပွားတော်နှင့် ကျောင်းတော်ရာစေတီများသို့သွားရောက် ဖူးမြော်နိုင်သည်။ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်များသို့သွားရာ ခရီးစခန်းတစ်ခုဖြစ်၍ အေးဆေးစွာနေလိုသူတို့အတွက် နားခိုရန်သင့်လျော်သည့် မြို့တစ်မြို့ဖြစ်သည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.