ပွင့်ဖြူမြို့

ပွင့်ဖြူမြို့ သည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်၍ မုန်းမြစ် လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မင်းဘူး - ဆိပ်ဖြူ ကားလမ်းပေါ်တွင် တည်ရှိ၍ မင်းဘူးမြို့၏ မြောက်ဘက် (၂၄)မိုင်ဝေးသည်။ မြို့၏ အကျယ်အဝန်းမှာ အရှေ့မှအနောက်သို့ (၄)ဖာလုံ၊ တောင်မှမြောက်သို့ (၃)ဖာလုံခန့်ရှိသည်။ ပွင့်ဖြူမြို့နယ်၏ လူဦးရေမှာ ၁၉၅၆ခုနှစ် ခန့်မှန်းခြေ သန်းကောင်စာရင်းအရ ၉၃၁၃၄ ယောက်ဖြစ်၍ အများအားဖြင့် ဗုဒ္ဓဝါဒီ မြန်မာများသာ ဖြစ်သည်။ မြို့နယ်၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်၍ မုန်းမြစ်မှ ဆည်မြောင်းများ သွယ်ဖောက်ရေသွင်း၍ စိုက်ပျိုးကြသည်။ လယ်ဧကပေါင်း (၈,၃၀၀)ကျော်တို့ကို ရေပေးသွင်းလျှက် ရှိသည်။ ဆည်ရေသောက် လယ်မြေများမှ စပါး အများဆုံးထွက်သည်။ ဆည်ရေမရသောမြေများကို ယာအဖြစ် အသုံးပြု၍ နှမ်း၊ ပဲ၊ ပြောင်း၊ ဆေး တို့ကို စိုက်ပျိုးသည်။ ပွင့်ဖြူမြို့ဟု ခေါ်တွင်ရခြင်းမှာ ဤမြို့နေရာ၌ ဖိုခနောက်ဆိုင် တည်ရှိခဲ့သော ကွေ့ရွာ၊ သရက်ကျင်းနှင့် သနပ်ကုန်းစသော ရွာကြီး သုံးရွာ ပေါင်းစပ်ပြီးနောက် မြို့ ဖြစ်လာရာတွင် ယင်းဒေသ၌ရှိသော လက်ပံပင်ကြီးတစ်ပင်သည် အဖြူပွင့်များသာ ဖူးပွင့်သည်ကို စွဲ၍ ခေါ်တွင်ကြောင်း ဆိုကြသည်။ ပွင့်ဖြူမြို့သည် မုန်းမြစ်မှရေကို အလွယ်တကူ ရရှိနိုင်သည့်အတွက် သစ်ပင်၊ ဝါးပင်တို့ဖြင့် စိုပြည်စိမ်းလန်းနေသည်။ မင်းဘူးခရိုင်အတွင်းရှိ အခြားမြို့များနှင့် နှိုင်းယှဉ်လျှင် ပွင့်ဖြူမြို့သည် မြို့ကလေးမျှသာ ဖြစ်သော်လည်း ဆန်စပါးအများဆုံးထွက်၍ လူဦးရေများသော မြို့ ဖြစ်သည်။

ပွင့်ဖြူမြို့
မြန်မာနိုင်ငံရှိ မြို့များ
ပွင့်ဖြူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°22′N 94°40′E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မင်းဘူး
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၄၀)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ပွင့်ဖြူမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကူးသန်းရောင်ဝယ်ရေးအတွက် မင်းဘူး - ဆိပ်ဖြူ ကားလမ်းကြီးကိုလည်းကောင်း၊ မုန်းမြစ်ကိုလည်းကောင်း အားထားရသည်။ မြို့၏ အရှေ့တောင်ဘက်တွင် ရွှေဘုံသာ၊ သက်တော်ရှည် နှင့် သက်တော်ရ ဟူ၍ တန်ခိုးကြီးဘုရား သုံးဆူ ရှိသည့်အနက် ရွှေဘုံသာဘုရားသည် အထင်ရှားဆုံး ဖြစ်သည်။ မုန်းမြစ်သည် ရွှေဘုံသာဘုရား‌ခြေတော်ရင်းသို့ ဦးတိုက်စီးဆင်းလာပြီးမှ တစ်ဘက်သို့ကွေ့၍ စီးဆင်းသွားသည်။ ပွင့်ဖြူမြို့၏တောင်ဘက်တစ်မိုင်ခန့်အကွာတွင် အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော ရွှေပန်းမြိုင်ဘုရား ရှိသည်။ ထိုဘုရားများတွင် ဘုရားပွဲတော်များ နှစ်စဉ်ကျင်းပလေ့ ရှိသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာမျက်နှာ (၁၇၄)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.