ဘမော်

ဒေါက်တာဘမော် (၁၈၉၃ - ၁၉၇၇) သည် မြန်မာအမျိုးသားခေါင်းဆောင်နှင့် နိုင်ငံရေး ခေါင်းဆောင်ကြီး တဦးအဖြစ် ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီး တဦးဖြစ်သည်။ သူသည် မြန်မာ့ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက အဖြစ်လည်း ရပ်တည်ခဲ့သည်။ ဒေါက်တာဘမော်သည် ဗြိတိသျှ ၉၁ ဌာနအုပ်ချုပ်ရေးကာလတွင် နန်းရင်းဝန် တစ်ဦး အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်သည့်အပြင်၊ ဒုတိယကမ္ဘာစစ်‌ကာလ ဂျပန် လက်ထက်တွင် နိုင်ငံတော်အဓိပတိ အဖြစ်ဆောင်ရွက်ခဲ့သည်။ သူသည် ဗမာ့ထွက်ရပ်ဂိုဏ်း ကို သခင်အောင်ဆန်းတို့နှင့်အတူ စတင် တည်ထောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာဘမော်
နိုင်ငံတော်အဓိပတိ
တာဝန်သက်တမ်း
၁ ဩဂုတ် ၁၉၄၃  ၂၇ မတ် ၁၉၄၅
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
1st Premier of British Crown Colony of Burma
တာဝန်သက်တမ်း
၁၉၃၇  ၁၉၃၉
ယခင်လူNone - direct rule under British Raj of British India
ဆက်ခံသူဦးပု
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1893-02-08)၈ ဖေဖော်ဝါရီ၊ ၁၈၉၃
မအူပင်မြို့ဧရာဝတီတိုင်းဒေသကြီး
ကွယ်လွန်၂၉ မေ၊ ၁၉၇၇(1977-05-29) (အသက် ၈၄)
ရန်ကုန်မြို့
ကြင်ဖော်(များ)ဒေါ်ခင်မမမော် (လက်ထပ် ဧပြီ ၅၊ ၁၉၂၆)
သားသမီး˞ဗညားမော် အပါအ၀င် ၇ ဦး
ဆွေမျိုးသားချင်းဒေါက်တာ ဘဟန် (အစ်ကို )
ကိုးကွယ်သည့်ဘာသာရိုမန်ကက်သလစ်၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်း[1][2]
ဝဲမှယာသို့ - ဒေါက်တာဘမော်၊ သခင်မြဒေါက်တာသိန်းမောင်[3] နှင့် ဗိုလ်ချုပ်အောင်ဆန်း

ငယ်ဘဝ

၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ အဖ ဦးမောင်မောင်ကျေး၊ အမိ ဒေါ်သိန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်သည်။ မွန်-ဗမာမျိုးရိုးဖြစ်သည်။[4] အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဖခင် ဦးကျေး (ဦးမောင်မောင်ကျေး)မှာ သာသနာပြုဆရာကြီး ဒေါက်တာမှတ်၏ တပည့်ရင်းတဦးဖြစ်၍ မန္တလေး သံထဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော်မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သထုံဒေသ တော်လှန်ပုန်ကန်မှုတွင်ပါဝင်၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။

ပညာရေး

မောင်ဘမော် ၃ နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ဦးကျေးမှာ ကျိုက္ခမီနယ်တွင် မောင်ဘမော်အား ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးကျောင်း၌ အပ်နှံထားရာ ယင်းဘုန်းတော်ကြီး၏ ခင်မင်ချစ်ခင်မှုဖြင့် ရန်ကုန်မြို့ စိန့်ပေါကျောင်း (ယခု ဗိုလ်တထောင် ၆) တွင် ပညာသင်ကြားခဲ့သည်။

ပညာ ထက်မြက်သော မောင်ဘမော်သည် ရန်ကုန်တက္ကသိုလ်တွင်ပင် ဆက်လက် ပညာသင်ကြားခဲ့ရာ ၁၉၁၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (ဘီအေ) ကို ရရှိခဲ့သည်။ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ၁၉၂၃ ခုနှစ်တွင် (လန်ဒန်ဂရေးအင်း) ဝတ်လုံဘွဲ့ကို ရရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင်လည်း (ပီအိပ်ချ်ဒီ) အဘိဓမ္မာ ပါရဂူဘွဲ့ထူးကို ပြင်သစ်နိုင်ငံ ဘော်ဂိုး တက္ကသိုလ်မှ ရရှိခဲ့သည်။ အင်္ဂလိပ်စကားကို အင်္ဂလိပ်အစစ်ကဲ့သို့ ပီသစွာ ပြောနိုင်သည်။ ဘာသာစကား ၆မျိုးမျှ တတ်ကျွမ်းသည်။

ကျောင်းဆရာဘဝ

ဝိဇ္ဇာဘွဲ့ရပြီးသော ကိုဘမော်သည် ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင်နေစဉ် တနေ့သောအခါ မျက်နှာဖြူ ကျောင်းဆရာကြီးတဦးသည် ဆရာဦးဘမော်အား အချိန် နောက်ကျရမလားဟု မိမိ၏ မြန်နေသောနာရီကို အကိုးအကား ပြု၍ အပြစ်ရှာ ကြိမ်းမောင်းတော့သည်။ မဟုတ်လျှင် ခေါင်းငုံ့မခံတတ်သော ဆရာဦးဘမော်သည် ယင်းမျက်နှာဖြူ ကျောင်းဆရာကို သူတခွန်း ကိုယ်တခွန်း အကြိတ်အနယ် ပြောဆိုလိုက်သည်။ မျက်နှာဖြူ အင်္ဂလိပ်အစိုးရတို့ ကြီးစိုးသော ခောတ်အခါသမယ ဖြစ်၍ နာရီဝက်မျှ မကြာမီအတွင်းတွင် ဆရာ ဦးဘမော်မှာ ယင်းကျောင်းမှ ထွက်လိုက်ရသည်။

ဆရာဘမော်သည် ကျောင်းမှ ထွက်လိုက်ရသော်လည်း ပညာထက်မြက်သူတဦး ဖြစ်၍ ၂ ရက် အတွင်းတွင်ပင် အမေရိကန် သာသနာပြုကျောင်း၌ လခနှစ်ဆဖြင့် ဆရာအလုပ်ကို ရပြန်သည်။

ဆရာ ဦးဘမော်သည် ကျောင်းဆရာ အဖြစ် ဆောင်ရွက်နေရင်း ဆက်လက်ပညာဆည်းပူးခဲ့ရာ ကာလကတ္တားတက္ကသိုလ်မှ ၁၉၁၇ ခုနှစ်တွင် မဟာဝိဇ္ဇာ (MA) ဘွဲ့ကို ထိပ်တန်းမှ ဆွတ်ခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ကို ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာကထိက အဖြစ် ပထမဆုံး မြန်မာလူမျိုး အနေဖြင့် ဆောင်ရွက်ခဲ့သည်။ ၄ နှစ်တာမျှ ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၂ဝ ပြည့်နှစ်၊ (ပထမ ကျောင်းသား သပိတ်ကြီး အရေးအခင်း ဖြစ်သောနှစ်) တွင် ဥရောပတိုက်သို့ သွားရောက်ပြီး ဝတ်လုံဘွဲ့ကို ဆည်းပူးရာ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ၁၉၂၃ ခုနှစ်တွင် (လန်ဒန်ဂရေးအင်း) ဝတ်လုံဘွဲ့ကို ရရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင်လည်း (ပီအိပ်ချ်ဒီ) အဘိဓမ္မာ ပါရဂူဘွဲ့ထူးကို ပြင်သစ်နိုင်ငံ ဘော်ဂိုး တက္ကသိုလ်မှ ရရှိခဲ့သည်။ ယင်းအဘိဓမ္မာဘွဲ့မှာ ဗုဒ္ဓဘာသာနှင့်ဆိုင်သော ကျမ်းကို ပြုစုသည့် အတွက် ရရှိခဲ့သောဘွဲ့ ဖြစ်သည်။

ဝတ်လုံတော်ဘဝ

ဒေါက်တာ ဘမော်သည် ဥရောပတွင် ရှိစဉ် နိုင်ငံအသီးသီးမှ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်ပြင်သစ်ဂျာမနီစပိန်ဟိန္ဒူ စကားများကိုလည်း တတ်ကျွမ်း နားလည်ခဲ့သည်။

၁၉၂၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။ ဥရောပတွင် နှစ်အတော်ကြာ နေခဲ့သော်လည်း ဥရောပသားတို့၏ ဝတ်စားဆင်ယင်မှုကို အားမကျခဲ့။ မြန်မာ့ဟန် မြန်မာ့မာန်ဖြင့် ဥရောပသားတို့အပေါ် ဆက်ဆံခဲ့သည်။ ဝတ်လုံတော်ရ (ခေတ်အသုံးနှုန်း) အဖြစ်ဖြင့် နိုင်ငံရေး နယ်ပယ်ထဲသို့ တစတစ ဝင်ရောက်လာခဲ့သည်။ ခေတ်ပေါ် နိုင်ငံရေး ထွင်လုံးကလေးများဖြင့်လည်း လှုပ်ရှားခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်၊ ဒီဇင်ဘာတွင် သာယာဝတီ ဂဠုန်ဆရာစံနှင့် မျိုးချစ်တော်လှန်ရေးသမားများဘက်မှ အခြေအနေအရ လိုက်ပါဆောင်ရွက်ခဲ့ရာ ‘ဒေါက်တာဘမော်’ ဟူသော အမည်သည်လည်း တဖြည်းဖြည်း ထင်ရှား၍ လူသိများလာခဲ့သည်။

နိုင်ငံရေး

ဒေါက်တာဘမော်သည် ၁၉၃၂ ခုနှစ်တွင် တွဲရေးခွဲရေး ပြဿနာ ပေါ်လာသောအခါ (ထိုစဉ်က မြန်မာပြည်သည် အန္ဒိယပြည်၏ ပြည်နယ်လေး တခုသာ ဖြစ်ခဲ့သည်) ဝတ်လုံ ဦးကျော်မြင့်၊ ရမ်းမြဲ ဦးမောင်မောင် စသော ပုဂ္ဂိုလ်ကြီးများနှင့် တွဲရေးဘက်မှ ဆောင်ရွက် ခဲ့သည်။ ဝံသာနု ဆင်းရဲသားဝါဒ စည်းမျဉ်းများကို ဆွဲ၍ အင်အားစုရန် ‘ဝံသာနုဆင်းရဲသားအဖွဲ့’ ကို တည်ထောင်လိုက်သည်။ ယင်အဖွဲ့ဖြင့် နိုင်ငံရေး လှုပ်ရှားမူကို ပြုခဲ့သည်။ လူအား ငွေအားဖြင့် ဆင်းရဲသားဝါဒကို မြန်မာတပြည်လုံး ကျယ်ပြန့်အောင် ဆောင်ရွက်ခဲ့သည်။ ‘ဆင်းရဲသားဝါဒအဆင်’ ဟုပင် စီးပွားရေးသမားများက လုံချည် အကွက်ဆန်းကလေးများဖြင့် ခေတ်စားအောင် ဝတ်ဆင်လာခဲ့ကြသည်။ ခွဲရေးဘက်မှ နိုင်ငံရေးစစ်ပြိုင် ဦးဘဖေ (ဘကြီးဘဖေ) တို့နှင့် ယှဉ်ပြိုင်၍ နိုင်ငံရေးကို ဆောင်ရွက်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်သောကာလ ရမည်းသင်း မြောက်ပိုင်းမှ မင်းတိုင်ပင် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ပညာရေး ဝန်ကြီးချုပ် ရာထူးကို အစိုးရက ပေးသည်။ အခြေအနေအရ ရာထူးကို လက်မခံဘဲ အမတ်အဖြစ်နှင့်သာ နေခဲ့ရသည်။ အင်္ဂလန်မှ ပြန်လာသောအခါ အင်္ဂလိပ်တို့၏ ပရိယာယ်ကို ကောင်းစွာ နားလည်လာ၏။ အာဏာရှိမှ တန်ခိုးရှိ၏။ တန်ခိုးရှိမှ အင်အားရှိ၏။ အင်အားရှိမှ ကိုယ်လိုသည့် အကျိုး ဆောင်ရွက်နိုင်၏ဟု ကောင်းကောင်းကြီး သဘောပေါက်လာသည်။

ထို့ကြောင့် ဒေါက်တာဘမော်သည် ပညာရေး ဝန်ကြီးချုပ် ရာထူးကို လက်ခံလိုက်သည်။ ၅ဝဝဝိ စား ဝန်ကြီး အဖြစ်ဖြင့် ပေါ်လွင် ထင်ရှားလာခဲ့သည်။

မြန်မာပြည်အား ၉၁ ဌာနဖြင့် လွှဲပြောင်း အုပ်ချုပ်မှု ပြုရေးတွင် တွဲရေးဘက်မှ ဒေါက်တာဘမော်သည် ခေါင်းဆောင်တဦးဖြစ်ပြီး ဦးဘဖေ မှာ ခွဲရေးဘက်မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ကွက်ကျော်များဖြင့် ဦးဘဖေတို့ အဖွဲ့အပေါ် အသာရခဲ့သည်။

၁၉၃၇ ခုနှစ်တွင် မြန်မာပြည်အတွက် အုပ်ချုပ်ရေးသစ် ရောက်လာသောအခါ ယင်းအုပ်ချုပ်ရေးသစ်ကို စီမံခန့်ခွဲရန် ပညာရေး ဝန်ကြီးချုပ် ဒေါက်တာ ဘမော်အား ‘နန်းရင်းဝန်’ အဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ ‘ညွန့်ပေါင်း အစိုးရ’ ဟု ခေါ်တွင် ခဲ့ကြသည်။

၁၃ဝဝ ပြည့်နှစ် အလုပ်သမား၊ တောင်သူလယ်သမား၊ အရေးအခင်းနှင့် ဂျပ်ဆင်ကောလိပ် ကျောင်သား မောင်အောင်ကျော် သေဆုံးသည့် အရေးအခင်းများနှင့် ကြုံတွေ့ ခဲ့ရသည်။ ထိုအရေးအခင်းများကြောင့် နန်းရင်းဝန်အဖြစ်မှ ၁၉၃၉ ခုနှစ်တွင် ပြုတ်ကျသည်။

ဦးပု (ရွှေကျင်) နန်းရင်းဝန် ဖြစ်လာသည်။ ၎င်းနောက် ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်လာသည်။

ဒေါက်တာဘမော် နန်းရင်းဝန် ဖြစ်သော အချိန်ခါက ဆဌမမြောက် ဂျော့ဘုရင်မင်း၏ (အင်္ဂလိပ် အင်ပါယာ ရှင်ဘုရင်) ၁၉၃၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပသော ဘိသိက်ပွဲသို့ အင်္ဂလိပ် လက်အောက်ခံ ပြည်နယ် ကိုယ်စားလှယ်တော်ကြီးတဦး အနေဖြင့် တတ်ရောက်ခဲ့သည်။ (တိုင်းရင်းသား ဝတ်စုံဖြစ်သော မန္တလေးချိတ် တောင်ရှည်ပုဆိုး၊ ပေါ်ဖုံးပိုး အင်္ကျီအဖြူ၊ ဖက်ဖူးရောင် မောင့်ကျက်သရေ ခေါင်ပေါင်း၊ မန္တလေး ကတ္တီပါ ဖိနပ် စီးလျက် တက်ရောက်ခဲ့၏။) မြန်မာ တိုင်းရင်သား ဝတ်စုံဖြင့် တက်ရောက်သော ပုဂ္ဂိုလ်မှာ ထိုစဉ်က သူတစ်ဦးသာ ရှိခဲ့သည်။

Greater East Asia Conference in November 1943, Participants Left to right: Ba Maw, Zhang Jinghui, Wang Jingwei, Hideki Tōjō, Wan Waithayakon, José P. Laurel, Subhas Chandra Bose

ယင်းနောက် ဥရောပနိုင်ငံ တလွှားတွင်ကား (ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်နေသော အချိန်) စစ်ခင်းလျက် ရှိချေသည်။ ဂျာမနီ အာဏာရှင် ဟစ်တလာနှင့် အီတလီ ဖက်ဆစ် မူဆိုလီနီတို့ တန်ခိုးထွားနေသော အခါလည်း ဖြစ်သည်။ ဂျာမနီက ဟောတပြည် ဟောတပြည် သိမ်းယူနေသောအခါလည်း ဖြစ်သည်။ ပိုလန်ဟော်လန်ပြင်သစ်၊ စသည်များ ဂျာမနီလက်အောက် ရောက်ခဲ့ရချေပြီ။ အင်္ဂလန်ပြည်ကိုလည်း သိမ်းရန် ဟိန်းဟောက် ခြိမ်းခြောက်ကာ ဟန်ပြင်နေ၍ အင်္ဂလိပ်တို့ မျက်ဖြူဆိုက်နေသော အခါလည်း ဖြစ်သည်။ အင်္ဂလိပ်နန်းရင်းဝန် ချိန်ဘာလိန် ပါးနပ်လိမ္မာစွာ ပရိယာယ်သုံး၍ အမေရိကန်ကို မျက်နှာချို သွေးနေသော အခါလည်း ဖြစ်သည်။

ယင်းအခွင့်ကောင်းကို ယူ၍ ဒေါက်တာဘမော်သည် ‘တို့ဗမာသခင်’ လှုပ်ရှားမူ လူငယ်များနှင့်ပေါင်းကာ လွတ်လပ်ရေး အတွက် ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

၁၉၄ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲသား ဝံသာနု အသင်း အစည်းအဝေးကြီးက ဒေါက်တာ ဘမော်အား ‘အာဏာရှင်’ အဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြသည်။

ဒေါက်တာ ဘမော်ကလည်း အင်္ဂလိပ်တို့ကို တိုက်နေသော စစ်ကို မြန်မာများ မကူရန်၊ ဗမာ့ လွတ်လပ်ရေး ချက်ချင်းပေး စသော အမိန့် ၇ ချက်၊ အာဏာရှင်ပီပီ ထုတ်လိုက်သည်။ ယင်းအမိန့် ၇ ချက်ကြောင့် ဒေါက်တာ ဘမော် ထောင်နန်း စံရလေသည်။ မန္တလေးထောင်မှ မိုးကုတ်ထောင် အထိ ဘီကလပ်နှင့် နေခဲ့ရသည်။ (ထိုစဉ် အခါက အေကလပ်၊ ဘီကလပ် ရှိခဲ့၏။ နိုင်ငံရေးသမား အားလုံးလိုလို ဘီကလပ်နှင့် ထောင်ထဲ၌ ချထား၏။)

ဒုတိယ ကမ္ဘာစစ်ကြီးသည် အနောက်မှ အရှေ့သို့ ကူးစက် ပြန့်ပွားလာချေပြီ။ ဂျပန်တို့ကလည်း အာရှတခွင် ပြဲပြဲစင်အောင် စစ်တိုက်၍ နိုင်နေသော အခါ ဖြစ်သည်။ ဂျာမနီ အာဏာရှင် နာဇီ အဒေါ့ ဟစ်တလာ၊ အီတလီ ဖက်ဆစ် မူဆိုလီနီ၊ ဂျပန် ဖက်ဆစ် နန်းရင် ဝန်ကြီးချုပ် ဂျင်နရယ်တိုကျိုတို့ ၃ ဦး၊ ဝင်ရိုး တန်းသုံးပွင့်ဆိုင် အဖြစ် ထင်ရှား ကျော်ကြားနေသော အခါလည်း ဖြစ်သည်။

မြန်မာပြည်မှလည်း မြန်မာ့ လွတ်လပ်ရေး အတွက် လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ် ဆောင်ရွက်နေ၍ မသင်္ကာသူ လူတန်းစား အသီးသီးကို အင်္ဂလိပ် အစိုးရက ထောင်သွင်း အကျဉ်း ချထားလေသည်။

ဒေါက်တာ ဘမော်နှင့် အတူ မိုးကုတ်ထောင်တွင် အကျဉ်းချထားခြင်း ခံရသူများကား မနည်းလှချေ။ ဒေါက်တာ ဘမော်ကား လျှို့ဝှက် မြေအောက် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် မိုးကုတ်ထောင်မှ ရုပ်ဖျက်၍ ထွက်ပြေးခဲ့သည်။ အင်္ဂလိပ် အစိုးရသည် ဒေါက်တာ ဘမော်အား တွေ့သည့် နေရာတွင် ပစ်သတ်ရန် အမိန့် ထုတ်ခဲ့သည်။ အင်္ဂလိပ်ကလည်း အပြေးမြန်၊ ဂျပန်ကလည်း အရောက်စောသဖြင့် အသက်ချမ်းသာရာ ရခဲ့သည်။

၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် (ဂျပန် လက်အောက်မှ လွတ်မြောက်သည် အထိ) အတွင်း ဒေါက်တာ ဘမော်သည် အုပ်ချုပ်ရေး အကြီးအကဲ ပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ အဓိပတိ အရှင်မင်းကြီး၊ ဝန်ကြီးချုပ်၊ စစ်သေနာပတိချုပ် အဖြစ် ဂျပန် လက်ထက်တွင် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်အခါက အဓိပတိ အရှင်မင်းကြီး အခမ်းအနားဖြင့် ထွက်တော်မူသော အခါ “ရွှေဘုန်းတော် တိုးပါလို့၊ ရွှေမိုးတွေရွာ” စသော ဘုန်းတော်ဘွဲ့ သီချင်း သီဆို၍ စည်တော်ကြီး ဗျောကြီးများဖြင့် မြှောက်ပင့် ချီးပင့်ခြင်းကိုပင် ခံခဲ့ရသည်။

ဒေါက်တာဘမော်သည် ဂျပန် စစ်အုပ်ချုပ်ရေး လက်အောက်ခံ မြန်မာအစိုးရအဖွဲ့နှင့် ဂျပန်ခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေး အစိုးရအဖွဲ့တို့ကို နိုင်ငံတော် အဓိပတိကြီးအဖြစ် ဦးဆောင် ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။

ဒေါက်တာ ဘမော်သည် မြန်မာ ကိုယ်စားလှယ်တော်ကြီးများ ဖြစ်ကြသော သခင်မြဗိုလ်ချုပ်အောင်ဆန်းဒေါက်တာသိန်းမောင် (ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)[3] တို့နှင့်အတူ ဂျပန် ဧကရာဇ် ဘုရင်မင်းမြတ်က (ခေတ်အခေါ်အဝေါ်) ‘တက်နေဝန်း’ တံဆိပ် (Order Of Rising Sun) တခုစီဖြင့် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသောအခါ မော်လမြိုင်ဘက်သို့ စစ်ပြေးရင်း အင်ဒိုချိုင်းနားဘက်မှ မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ဖဆပလ အစိုးရက သာယာဝတီထောင်တွင် ဖမ်းဆီး ထောင်သွင်း အကျဉ်းချ ထားခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ဥပဒေအကျိုးဆောင်အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။

၁၉၆ဝ ပြည့်နှစ်တွင် Old Paulians Association နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်များမှာ ၁၉၂၄ ခုနှစ်တွင် ‘စိတ်သာယှဉ်စော ဘုရားဟော (Buddhist Mysticism)’ စိတ်ပညာကို လေ့လာခြင်း၊ ၁၉၄၅ ခုနှစ်တွင် ‘ဗမာပြည်အတွင်း စီမံကိန်းသစ်’၊ ‘ဗမာစစ်တွင်းကာလ ကိုယ်တွေ့ ဖြစ်ရပ်များ’ တို့ ဖြစ်သည်။

ဒေါက်တာဘမော်ကား လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဖော်ပြရလျှင် ဥပဓိရုပ် ခံ့ညားသည်။ အပြောအဆို ကောင်းသည်။ ဟန်၊ မာန်၊ မောင်း ကောင်းသည်။ နိုင်ငံခြား ခေါင်းဆောင်ကြီးများကဲ့သို့ ပေမီသည်။ အင်္ဂလိပ်စကားကို အင်္ဂလိပ်အစစ်ကဲ့သို့ ပီသစွာ ပြောနိုင်သည်။ ပါးနပ် လိမ္မာသည်။ ဘာသာစကား ၆မျိုးမျှ တတ်ကျွမ်းသည်။

မိသားစု

အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဇနီး ဒေါ်ခင်မမမော်နှင့် သား ၃ ယောက်၊ သမီး ၄ ယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူ တင်ဇာမော်နှင့် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန်နိုင် တို့ ၁၉၄၄-ခု၊ ဇွန်လ(၂၃)ရက်တွင် ထိမ်းမြားလက်ထပ်သည်။ [5]

ဘဝနိဂုံး

၁၉၇၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့ အသက် ၈၅ နှစ် အရွယ်တွင် လူကြီး ရောဂါဖြင့် ရန်ကုန်မြို့ မိမိအိမ်၌ ကွယ်လွန် သွားရှာသည်။ မိဘ ၂ ပါးကို ရည်စူး၍ သမီး မာလာမော်က ၁၉၈၄ ခုနှစ်၊ ရွှေစက်တော် ဘုရားတွင် ဓာတ်မီး အတွက် ငွေ ၁,ဝ⁠ဝဝိ တိတိ လှူဒါန်းခဲ့သည်။ ဒေါက်တာဘမော်၏ မျိုးဆက်များ ၊ ဒေါက်တာဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်းတို့ ဖြစ်သည်။

“တခေတ်က ထင်ရှားခဲ့သော ဒေါက်တာ ဘမော်” အကြောင်းကို ၂ဝ⁠ဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချိရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် ကနေ ပြန်လည် ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရတဲ့ “သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ” (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) စာအုပ်ကနေ အချက်အလက် အသစ်တွေကို ထပ်မံ ဖြည့်စွက် ထားပါတယ်။ ဒေါက်တာဘမော်သည် စာပေများကိုလည်း ရေးသားပြုစုခဲ့ရာ ထင်ရှားသည့် စာအုပ်များမှာ-

  • 'Buddhist Mysticism; A Psychological Study' (၁၉၂၄)၊
  • 'New order Plan for Burma' (၁၉၅၀)၊
  • 'Breakthrough in Burma (၁၉၆၈)တို့ဖြစ်သည်။

ကိုးကားချက်

  1. A History of Modern Burma (1958), pg 318
  2. A History of Modern Burma (1958), pg 464; Although a Catholic, Ba Maw identified himself publicly with the Buddhist faith during his tenure as the Adipadi. As Adipadi, Dr. Ba Maw completely identified himself with the Buddhist faith. He took the oath of refuge in the Three Jewels (Buddha, Dhamma, Sangha), and pledged himself to "defend the Buddhist faith like the royal defenders of the old." He fed the monks at...
  3. Wei Yan Aung (30 August 2019)။ On This Day | Myanmar’s First Ambassador to Japan Appointed During WWII (in English)။
  4. A History of Modern Burma (1958), pg 317
  5. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။

ဆက်လက်လေ့လာရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.