မာတင် ဗန် ဗျူရင်

အဌမမြောက် အမေရိကန် သမ္မတ မာတင် ဗန် ဗျူရင်သည် အင်္ဂလိပ်နွယ်ဖွားမဟုတ်သည့် ပထမဆုံးသော် အမေရိကန် သမ္မတဖြစ်သည်။ နယူးယောက်အနီးရှိ ကင်ဒါဟွခ်ကျေးရွာမှ ဆင်းရဲသား ဒတ်ချ်နွယ်ဖွားမိဘနှစ်ပါးမှ ၁၇၉၂တွင်ဖွားမြင်သည်။ ယာကွက်သေးသေးတစ်ကွက်၊ အိမ်ဆိုင်သေးသေးတစ်ဆိုင်ဖြင့် ဘဝကို ရင်ဆိုင်ကြရသည်။ ရွာကျောင်းတွင်သာ ကျောင်းနေဖူးသည်။ အသက် ၁၄နှစ်အရွယ်တွင် ပြည်နယ်တရားရုံးတစ်ရုံးတွင် အလုပ်ဝင်သည်။ အလုပ်တစ်ဖက်နှင့် ဘဝအတွက်ကြိုးစားရာ ၂၁နှစ်တွင် ရှေ့နေဖြစ်လာသည်။ ထက်မြက်သည့် သူ့အရည်အချင်းကြောင့် ကျော်ကြားလာပြီး အချိန်တိုအတွင်း အောင်မြင်လာသည်။ ထိုနောက် နိုင်ငံရေးဖက်သို့ စိတ်ဝင်စားကာ လေ့လာလိုက်စားခဲ့သည်။ နိုင်ငံရေးတွင်လည်း ကျွမ်းကျင်သည့်အတွက် ဥပဒေအရာရှိ၊ တရားမတရားသူကြီး စသည်ဖြင့် အဆင့်ဆင့်ရာထူးတက်လာပြီး အထက်လွှတ်တော်အမတ်အဖြစ်လည်း အရွေးခံရသည်။ ထိုနောက် သမ္မတ အင်ဒရူး ဂျက်ဆန်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး ၊ ဒုသမ္မတ စသည်ဖြင့် အဆင့်ဆင့်ရာထူးထပ်တက်ကာ ၁၈၃၇ရွေးကောက်ပွဲတွင် အနိုင်ရပြီး အမေရိကန် သမ္မတဖြစ်လာသည်။

မာတင် ဗန် ဗျူရင်
Martin Van Buren
၁၇၉၂-၁၈၆၂
မွေးနေ့ ၅၊ ဒီဇင်ဘာ၊ ၁၇၉၂
မွေးရပ် ကင်ဒါဟွတ်ခ် နယူးယောက်ပြည်နယ်
ကွယ်လွန်နေ့ ၂၄၊ ဇူလိုင်၊ ၁၈၆၂
ကွယ်လွန်ရပ် ကင်ဒါဟွတ်ခ် နယူးယောက်ပြည်နယ်
အခြားအမည် ကင်ဒါဟွတ်ခ်ရွာက မြေခွေးနီ
မျက်လှည့်ဆရာလေး
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ အဌမမြောက်သမ္မတ၊ နိုင်ငံခြားရေးသမ္မတ၊ ဥပဒေပညာရှင်
အလုပ်အကိုင် ရှေ့နေ၊ တရားသူကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်သမ္မတ၊
ရာထူးသက်တမ်းကာလ ၄၊မတ်၊၁၈၃၇- ၄၊မတ်၊ ၁၈၄၁
ဒုတိယ သမ္မတ ဂျွန် ကားလ်ဟွန်
လွှဲအပ်သူ ရစ်ချက် ဂျွန်ဆန်
ဆက်ခံသူ ဝီလီယံ ဟင်နရီ ဟယ်ရီဆန်
နိုင်ငံသား အမေရိကန် နိုင်ငံ

သမ္မတ ဘဝ

ဗန် ဗျူရင်၏ သမ္မတဘဝမှာ စိတ်ချမ်းမြေ့ဖွယ်မရှိခဲ့ပေ။ နိုင်ငံရေးကစားကွက်တွင် ကျွမ်းကျင်သော်လည်း ရှေ့လူ အင်ဒရူး ဂျက်ဆန် ၏လောင်းရိပ်ကြောင့် အာဏာလျော့ပါးရသည်။ ဗျူရင်မှာ ဂျက်ဆန်ကဲ့သို့ လူရှေ့တွင် ရဲရဲတင်းတင်းဖြင့် အာဏာပေးတတ်သူမဟုတ်ပေ။ အတွင်းကျိတ်ဆွေးနွေးဖြေရှင်းတတ်သည့် သဘောရှိသည်။ ထိုသို့ အနေအထိုင် ရိုးကုတ်သဖြင့် အများပေါ်တွင် ဩဇာသက်ရောက်မှုနဲတော့သည်။ လူပုံကလည်း ပုပျက်ပျက်နှင့် ဟိတ်ဟန်ကောင်းလှသည်မဟုတ်ပေ။

သတ္တမမြောက် သမ္မတ အင်ဒရူးဂျက်ဆန်က ဒုတိယ အမေရိကန်ဘဏ်တွင် အပ်နှံထားသော အစိုးရငွေကြေးဓနများကို ပယ်နုတ်လိုက်သဖြင့် တိုင်းပြည်၏ စီးပွားအခြေအနေမှာ ယိုယွင်းနေခဲ့ပြီဖြစ်သည်။ အနောက်ဖတ်တစ်လွှားမှ ပျံနှံလာသည့် အဆိုပါ မြေယာဈေးကွက် ပြိုလဲမှုသည် အမေရိကန် အရှေ့ဖျားသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ဗျူရင်က အစိုးရအနေဖြင့် လွတ်လပ်သောဈေးကွက်ကို ဝင်ထိန်းသိမ်းရန် မသင့်ဟုယူဆကာ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိသဖြင့် အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ ၁၈၄ဝတွင် ပေါ်ပေါက်လာသည့် လွတ်လပ်သော ငွေတိုက် အက်ဥပဒေမှာ ဗျူရင့်လက်ရာဖြစ်သော်လည်း စီးပွားပျက်ကပ်အတွင်းမှ တိုင်းပြည်ကို အချိန်မီဆည်တင်နိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြင့် ခြောက်နှစ်ကြာသော စီးပွားပျက်ကပ်ကြီးသည် ဗျူရင်၏ သမ္မတသက်တမ်းကို ဝါးမြိုသွားခဲ့တော့သည်။

သို့ဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲကြီးတွင် ဗျူရင် မရှုမလှရှုံးနိမ့်ပြီး သမ္မတရာထူးကို လက်လွတ်ရတော့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လည်ပတ်ကျွမ်းကျင်သော်လည်း ခေတ်ကာလအရ ခေတ်ဆိုးကြီးတွင် ကြားညှပ်ခံရရှာသော သမ္မတတစ်ဦးအဖြစ် နှောင်းလူတို့က သတ်မှတ်ကြပါသည်။ ၁၈၆၂တွင် ဗျူရင်ကွယ်လွန်သည်။ ကျန်ရှိသော ရုပ်အလောင်းကို ဇာတိ ကင်ဒါဟွတ်ခ်ရွာတွင်ပင် မြုပ်နှံခဲ့သည်။

ကိုးကား

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.