ဂဲရက် ဖို့ဒ်

အမေရိကန်သမိုင်းတွင် ထူးခြားစွာဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရခြင်းမရှိဘဲ ဒုတိယသမ္မတရာထူး၊ ထိုမှ သမ္မတရာထူးရရှိခဲ့သူမှာ ဖို့ဒ်တစ်ဦးသာရှိသည်။ ၃၈ဦးမြောက်သမ္မတ ဖို့ဒ်အား နီဘရားစကားပြည်နယ်၊ အိုဟားမားမြို့တွင် ၁၄၊ ဇူလိုင်၊ ၁၉၁၃ခုနှစ်က ဖွားမြင်သည်။ မိဘများမှာ လစ္စလီနှင့် ဒေါ်ရသီ ဂတ်နာကင်း တို့ဖြစ်ကြသည်။ အသက်၂နှစ်အရွယ်တွင် မိဘများအိမ်ထောင်ပြိုကွဲသဖြင့် မိခင်ဖြစ်သူနှင့် လိုက်ပါနေထိုင်ရင်းမှ မိခင်၏နောင်အိမ်ထောင်ဖြစ်သူ ဂဲရက် ရုဒေါ့ဖ်ဖို့ဒ်နှင့် ကြီးပြင်းခဲ့သည်။ ပထွေးဖြစ်သူမှာ ဖို့ဒ်အား သားအရင်းကဲ့သို့ချစ်ခင်စောင့်ရှောက်သလို အမည်နာမအား ၎င်းအမည်ဖြင့်ဆက်ခံစေသည်။ မီချီဂန်ပြည်နယ်၊ ဂရင်းရပ်ပစ်မြို့တွင် အခြေချနေထိုင်ခဲ့သည်။ ၁၉၃၅ တွင် မီချီဂန်တက္ကသိုလ်၊ ၁၉၄၁တွင် ယေးလ်တက္ကသိုလ်တို့မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ဂရင်းရပ်ပစ်တွင်ပင် ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။

ဂဲရက် ဖို့ဒ်
Gerald Ford
မွေးနေ့ ၁၄၊ ဇူလိုင်၊ ၁၉၁၃
မွေးရပ် အိုဟားမားမြို့နီဘရားစကားပြည်နယ်
ကွယ်လွန်နေ့ ၂၂ရက်၊ ဧပြီလ၊၁၉၉၄ခုနှစ်
ကွယ်လွန်ရပ် ရန်ချိုမီလားဂျ် ကယ်လီဖိုးနီးယားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၃၈ဦးမြှောက်သမ္မတ၊
အလုပ်အကိုင် အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၉၊ ဩဂုတ်၊ ၁၉၇၄ – ၂၀၊ ဇန်နဝါရီ၊ ၁၉၇၇
ဒုတိယ သမ္မတ နယ်လ်ဆင် ရော့ခ်အဖဲလား
လွှဲအပ်သူ ရစ်ချက် နစ်ကဆင်
ဆက်ခံသူ ဂျင်မီ ကာတာ
နိုင်ငံသား အမေရိကန် နိုင်ငံ

စစ်မှုထမ်းနှင့် နိုင်ငံရေး

၁၉၄၂ခုနှစ်တွင် အမေရိကန်ရေတပ်သို့ဝင်ရောက်အမှုထမ်းကာ ပစိဖိတ်သမုဒ္ဒရာတွင် တာဝန်ထမ်းခဲ့သည်။ ၁၉၄၆တွင် တပ်မှထွက်ခဲ့ပြီး ရီပါပလီကန်ပါတီဝင်အဖြစ် နိုင်ငံရေးလောကသို့ရောက်ခဲ့သည်။ ၁၉၄၉ခုနှစ်မှစကာ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီးနောက် ထိုရာထူးတွင် ၂၅နှစ်တိုင် ဆက်လက်ရွေးချယ်ခံရသည်။ ထိုနှစ်များအနက်မှ ၈နှစ်မှာ အောက်လွှတ်တော် ရီပါပလီကန်အမတ်များ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

သမ္မတအဖြစ်သို့

၁၉၇၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်တွင် ဒုတိယသမ္မတစပီရိုး အက်နျူး ရာထူးမှနုတ်ထွက်ရပြီးနောက်တွင် သမ္မတနစ်ကဆင်က ဖို့ဒ်အား ဒုသမ္မတရာထူးအတွက် ခေါ်ယူခန့်အပ်ခဲ့သည်။ ထိုသို့ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ်၂၅ကို စတင်ကျင့်သုံခြင်းလည်းဖြစ်သည်။ ၁၉၇၄ခုနှစ်၊ ဩဂုတ်လ၊ ၉ရက်တွင် သမ္မတနစ်ကဆင် ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် ရာထူးမှ နုတ်ထွက်ရပြီးနောက် ဖို့ဒ်သည် သမ္မတရာထူးကို ဆက်ခံရသည်။

သမ္မတရာထူးရလျှင် အစိုးရအနေဖြင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာအတွက် ပြန်လည်အဖတ်ဆယ်နိုင်ရန် ကြိုးစားခဲ့ရာ ထောက်ခံမှုများရသလို တဖက်မှလည်း နစ်ကဆင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများကို ခံရသည်။ သမ္မတသက်တမ်း၏ ပထမ၂၁လအတွင်း ဥပဒေကြမ်း ၄၈ခုကို အတည်မပြုဘဲ ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန်အတွက် ဗီတိုအာဏာဖြင့် ပယ်ချပစ်ခဲ့သည်။ အလုပ်လက်မဲ့နှုန်းကို လျော့ချရာ မဆိုစလောက်သာအောင်မြင်သော်လည်း နိုင်ငံခြားရေးတွင် သမ္မတနစ်ကဆင်လက်ထက် ရရှိထားသော အခြေခံများ မပျက်စေဘဲဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၇၆ရွေးကောက်ပွဲတွင်မူ ပြိုင်ဖက် ဂျင်မီ ကာတာအား မဲနည်းငယ်ဖြင့် ကပ်၍ရှံးနှိမ့်ခဲ့ရသည်။ ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၆ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ရန်ချို မီလားဂျ်ရှိ နေအိမ်တွင် ကွယ်လွန်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.