ရိုမေးနီးယားနိုင်ငံ

ဒန်းညုမြစ်ဝှမ်း အောက်ပိုင်းမှ လွတ်လပ်သောနိုင်ငံရူမေးနီးယားနိုင်ငံသည် ဥရောပတိုက်တွင် ဆိုဗီယက်ယူနီယံက လွဲလျှင် ရေနံအများဆုံး ထွက်သော နိုင်ငံဖြစ်၏။ ၁၉၈၉ ခုနှစ် တော်လှန်ရေး အပြီး၌ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ နှင့် ဈေးကွက်စီးပွားရေး စနစ်သို့ ဦးတည် လာခဲ့ပြီ ဖြစ်သည်။ ရူမေးနီးယားနိုင်ငံသည် ဥရောပတိုက်အရှေ့တောင်ပိုင်းတွင် ဒန်းညုမြစ်ဝှမ်းအောက်ပိုင်း ၌ တည်ရှိသော နိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၉၂,၀၄၃ စတုရန်း မိုင်ရှိ၍ လူဦးရေမှာ ၂၁ သန်း (၂၀၁၁) ရှိ၏။ ရူမေး နီးယားနိုင်ငံ၏ နယ်နိမိတ်မှာ အနောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ နှင့် ဆားဘီးယားနိုင်ငံ၊ အရှေ့မြောက်ဘက် နှင့် အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံနှင့်မော်လ်ဒိုဗာနိုင်ငံ၊ တောင်ဘက်တွင် ဘူလ်ဂေးရီးယားနိုင်ငံတို့နှင့် ဆက်စပ်လျှက် ရှိသည်။ ထို့ပြင် အရှေ့တောင်ဘက်၌ ၁၅၂ မိုင်ခန့် ရှည်လျားသော ပင်လယ်နက် ကမ်းခြေဒေသလည်း ရှိ၏။

ရိုမေးနီးယားနိုင်ငံ
România
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Awaken Thee, Romanian
မြို့တော်
နှင့် အကြီးဆုံးမြို့
ဗူးခရက်မြို့
ရုံးသုံး ဘာသာစကားများရိုမေးနီးယား
အမျိုးအစားUnitary semi-presidential republic
အစိုးရ
 သမ္မတ
Traian Băsescu
 ဝန်ကြီးချုပ်
Emil Boc
တည်ထောင်
 အိုတိုမန်အင်ပိုင်ယာမှ လွတ်မြောက်ြခင်း
၁၈၇၇၊ ၁၈၇၈
 မဟာပြည်ထောင်စု
ဒီဇင်ဘာ ၁၊ ၁၉၁၈
ဧရိယာ
 စုစုပေါင်း
၂၃၈ , ၃၉၁ km2(၉၂,၀၄၃ စတုရန်းမိုင်)
 ရေထု (%)
လူဦးရေ
 ခန့်မှန်း
၂၁,၉၀၄,၅၅၁ (အဆင့် - ၅၃)
 သိပ်သည်းမှု
၉၀/km² (၂၃၃/sq mi) (အဆင့် - ၁၀၄)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၂၅၄.၁၆၀ ဘီလီယံ
 Per capita
$၁၁,၈၆၀
HDI ၀.၇၆၇
မြင့် · ၅၀
ငွေကြေးရိုမေးနီးယန်း လျူ
တယ်လီဖုန်းကုဒ်+၄၀
Internet TLD.ro

ကာပေသီယန်တောင်တန်းသည် ရူမေးနီးယားနိုင်ငံကို ပထဝီအနေအထားအရ ကာပေသိယန် အရှေ့ပိုင်းဒေသ၊ ကာပေသီယန် တောင်ပိုင်းဒေသနှင့် ကာပေသီယန် အနောက် ပိုင်းဒေသဟူ၍ သုံးပိုင်း ပိုင်းခြားလျက် ရှိ၏။ ထိုဒေသ သုံးပိုင်းအကြားတွင် ထရန်ဆီလဗေးနီးယန်းကုန်ပြင်မြင့် ရှိသည်။ ၈၃၄၇ ပေရှိသော မော်လဒိုဗီယာနူး တောင်ထိပ်သည် အမြင့်ဆုံးတောင်ထိပ် ဖြစ်၏။

ရူမေးနီးယားနိုင်ငံရှိ မြစ်များသည် များသောအားဖြင့် ကာပေသီယန်တောင်တန်း၌ မြစ်ဖျားခံ၍ ဒန်းညု မြစ်ထဲသို့ စီးဝင်ကြသည်။ဒန်းညုမြစ်သည် နိုင်ငံ၏တောင်ဘက် နယ်နိမိတ် တစ်လျှောက် စီးဆင်းလာပြီးလျှင် မြောက်ဘက်သို့ ကွေ့တက်၍ ပရုမြစ်နှင့် ပေါင်းဆုံကာ ပင်လယ်နက်ထဲသို့ စီးဝင်သည်။ ဒန်းညုမြစ်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ချီလီယာမြစ်၊ စူလီနာမြစ်နှင့် စဖန့်တူးလဂီယော်ဂေ (စိန်ဂျော့)မြစ်ဟူ၍ မြစ် သုံးမြွာ ခွဲလျက် စီးဆင်းသည်။( ဒန်းညုမြစ်။) အခြား ထင်ရှားသော မြစ်များမှာ ကရစ္စမြစ်၊ မူးရက်ရှမြစ်၊ အားဂျက် မြစ်၊ ယားလိုမစ္ဆမြစ်နှင့် ဆီးရက်မြစ် စသည်တို့ဖြစ်သည်။ ငါးဖမ်းရာ အိုင်များနှင့် ဆေးစမ်းများလည်း ရှိလေသည်။ရာသီဥတုမှာ ဆောင်းရာသီ၌ အရှေ့မြောက်ဘက်မှ လေအေး တိုက်ခတ်သဖြင့် အပူချိန်သည် ရေခဲမှတ်အောက်သို့ ကျဆင်း၍ ဒန်းညုမြစ်တွင်း၌လည်း ရေခဲများဖြင့် ပိတ်ဆို့လျက် ရှိ၏။ ဆောင်းရာသီသည် ဒီဇင်ဘာလမှ မတ်လအထိ ကြာရှည် သည်။ နွေရာသီတွင် ပူသော်လည်း မိုးရွာလေ့ရှိသည်။ တောင် ကုန်းဒေသများ၌ မိုးများသည်။ ပင်လယ်နက်ကမ်းခြေ တစ်လျှောက်တွင် မိုးနည်းသည်။ ယေဘုယျအားဖြင့်ကား တစ်နိုင်ငံလုံးလိုလိုတွင် စိုက်ပျိုးဖြစ်ထွန်းလောက်အောင် မိုးအလုံအလောက် ရွာသွန်းသည်။

ရူမေးနီးယားနိုင်ငံတွင် လူဦးရေ ၈၅ ရာခိုင်နှုန်းမှာ ရူမေးနီးယားလူမျိုး ဖြစ်သည်။ ရူမေးနီးယားလူမျိုးအပြင် ဟန်ဂေရီလူမျိုး၊ ဂျာမန်လူမျိုး၊ ယဟူဒီလူမျိုး၊ ယူကရိန်းလူမျိုး၊ ဆဗ်လူမျိုး၊ ရုရှလူမျိုး၊ တာတာလူမျိုး၊ တူရကီလူမျိုးနှင့် ဘူလ်ဂေးရီးယန်းလူမျိုးတို့လည်း ရှိ၏။ ရူမေးနီးယား ဘာသာ စကားသည် ရိုမန့်ဇဘာသာ စကား (လက်တင်နွယ်ဝင် ဘာသာ စကား)တစ်မျိုး ဖြစ်သည်။

ရူမေးနီးယားနိုင်ငံသည် ဥရောပတိုက်တွင် ရေနံအထွက်များသောနိုင်ငံ ဖြစ်၏။ ရေနံတွင်းအားလုံးလိုလိုပင် နိုင်ငံ၏ တောင်ပိုင်း၌ ပလိုယက် စတီ၊ အိုလတီးနီယနှင့် အားဂျက်ဒေသများတွင်၎င်း၊ အရှေ့ ပိုင်း၌ ဗကုအူးဒေသတွင်၎င်း တည်ရှိ၏။ ရေနံချက်စက်ရုံ အများအပြားပင် ပလိုယက်စတီ မြို့တွင် ရှိသည်။ ရေနံလုပ်ငန်း အတွက် အချက်အခြာမြို့ဖြစ်၏။ အွန်နက်စတီ၊ ဗော်ဇက်စတီ နှင့် ဗရပ်ရှော့တို့ တွင်လည်း ရေနံချက်စက်ရုံသစ်များ ဆောက် လုပ်ပြီး ဖြစ်သည်။ ရေနံကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတွက် ပင်လယ်နက်ကမ်းခြေသို့ ပိုက်လုံးများဖြင့် ပို့ပေး လေသည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ သဘာဝဓာတ်ငွေ့၊ ဆား၊ ကျောက်မီးသွေးညို၊ သံ၊ ခရိုမီယံ၊ မိုလစ်ဒီနမ်၊ ကြေးနီ၊ သွပ်၊ ဗောက်ဆိုက်၊ ရွှေ၊ ငွေ စသည်တို့ ဖြစ်သည်။

ကွန်မြူနစ် အစိုးရအား ဖြုတ်ချအပြီး ဆယ်စုနှစ် တစ်ခု အတွင်းတွင် ရိုမေးနီးယားနိုင်ငံသည် စီးပွားရေး ကျဆင်းမှုနှင့် မတည်ငြိမ်မှုတို့ဖြင့် ရင်ဆိုင်ရသည်။ သို့သော်လည်း ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ရိုမေးနီးယားသည် တည်ငြိမ်သော စီးပွားရေး စနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး အလုပ်လက်မဲ့ ဦးရေ ကျဆင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ပေါ်လာခြင်းနှင့် ငွေကြေးဖောင်းပွမှု လျော့နည်းလာခြင်းတို့ ဖြစ်လာခဲ့သည်။

သယ်ယူပို့ဆောင်ရေး

ဒန်းညုမြစ်သည် ရေကြောင်းသွားလာရေးအတွက် အဓိက လမ်းခရီး ဖြစ်သည်။ စီအိုင်အေ၏ စာရင်းဇယားအရ ရိုမေးနီးယားနိုင်ငံတွင် လမ်းမိုင်ပေါင်း ၁၉၈,၈၁၇ ကီလိုမီတာ ရှိပြီး ၎င်းတွင် ၆၀,၀၄၃ ကီလိုမီတာမှာ ခင်းထားသော လမ်းဖြစ်ပြီး ၁၃၈,၇၇၄ ကီလိုမီတာမှာ ခင်းမထားသော လမ်းဖြစ်သည်။ ရိုမေးနီးယားနိုင်ငံတွင် ဗူးခရက်မြို့သည် မီးရထားလမ်းနှင့် မော်တော်ကား လမ်းဆုံမြို့ ဖြစ်သည့်အပြင် လေကြောင်းခရီး ဗဟိုဌာနလည်း ဖြစ်၏။

ပညာရေး

၁၉၈၉ ခုနှစ် ရိုမေးနီးယား တော်လှန်ရေးနောက်ပိုင်းတွင် ရိုမေးနီးယား၏ ပညာရေးစနစ်သည် သိသာစွာ ပြောင်းလဲမှု ဖြစ်လာခဲ့ပြီး ချီးမွမ်းခြင်းနှင့် ဝေဖန်ခြင်း နှစ်မျိုးစလုံးကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပညာရေး ဥပဒေအရ ပညာရေးစနစ်ကို ပညာရေး နှင့် သုတေသန ဝန်ကြီးဌာနမှ ထိန်းချုပ် ထားသည်။ အဆင့်တိုင်းတွင် ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်း ရှိပြီး ဥပဒေ သီးသန့် ရှိသည်။ မူကြိုမှာ ကလေးငယ် အသက် ၃ နှစ်မှ ၇ နှစ် အထိ ဖြစ်ပြီး မတက်မနေရ မဟုတ်ပေ။ ကျောင်းနေသည့် အရွယ်မှာ ၇ နှစ်မစပြီး ၁၀ တန်းအထိ မတက်မနေရ တက်ရသည်။ မူလတန်းနှင့် အထက်တန်း ပညာရေးကို ၁၂ တန်း ပိုင်းခြား သတ်မှတ်ထားသည်။ အဆင့်မြင့် ပညာရေးမှာ ဥရောပ၏ အဆင့်မြင့် ပညာရေး နှင့် တန်းညှိထားသည်။

ရူမေးနီးယားတို့သည် ကျွမ်းကျင်သော ရက်ကန်းပညာရှင် များနှင့် သစ်ပန်းပုပညာရှင်များ ဖြစ်သည်။ မိမိတို့၏ လှပသော အမျိုးသားဝတ်စုံကို ရှေးအခါကနည်းတူ ရက်လုပ်သုံးစွဲလျက်ပင် ရှိ၏။ ဝတ်စုံများ၏ရောင်စုံအဆင်အသွေးနှင့် ပုံပန်းအချိုးအစား သည်လည်း လိုက်ဘက်လှ၏။ ရူမေးနီးယန်းတို့၏ စောင်၊ စားပွဲခင်း၊ ကော်ဇော စသော အိမ်သုံးအထည်များသည်လည်း အသွေးအရောင် အလွန်တောက်ပလေသည်။

ရူမေးနီးယားအမျိုးသား တေးဂီတမှာ အလုပ်ရက်အားနေ့၊ ကောက်သိမ်းပွဲ၊ မင်္ဂလာဆောင်ပွဲ၊ နှစ်သစ်ကူးပွဲ စသည်တို့ အတွက် စပ်ဆိုသော တေးသီချင်းများဖြစ်၍ သီဆိုကခုန်ရင်း ဒဏ္ဍာရီပုံပြင်များကို ပြောပြတတ်ကြသည်။ အကြောင်းအရာ အမျိုးမျိုးပေါ်တွင် အခြေခံ၍ စပ်ဆိုသည့်ရိုးရာသီချင်း၊ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ သီချင်းနှင့် တေးဂီတကဗျာများ လည်း ရှိသည်။ အထက်ပါ ရိုးရာတေးသီချင်းများကို ရိုးရာ အကဟန်ဖြင့်လည်း သရုပ်ဖော်နိုင်ကြသည်။ ရူမေးနီးယန်း တေးဂီတပညာရှင် ဂျော့အီနက်စကျူ(ခရစ် ၁၈၈၁-၁၉၅၅) ဆိုသူက ရူမေးနီးယားတေးဂီတ အဆင့်အတန်းကို မြှင့်တင် ပေးခဲ့လေသည်။

ရူမေးနီးယားဘာသာဖြင့် စာပေများကို ၁၆ ရာစုနှစ် ဒုတိယပိုင်းတွင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာပေတို့မှာ အယူဝါဒရေးနှင့်ဆိုင်သော ဘာသာပြန်စာပေများသာ ဖြစ်၏။ ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် မူကား သမိုင်းစာပေများ ထွက်ပေါ်လာသည်။ ၁၉ ရာစုနှင့် ၂ဝ ရာစုနှစ်များသို့ ရောက် သောအခါ ရူမေးနီး ယန်း အမျိုးသားတို့၏ စရိုက်ဓလေ့တို့ကို ဖော်ပြသည့် စကားပြေအရေးအသားနှင့် ကဗျာလင်္ကာအရေး အသားများ ထွန်းကားလာလေသည်။

အစိုးရ

ရိုမေးနီးယားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ အတည်ပြု ခဲ့သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ဆန္ဒခံယူပွဲမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ၇၉ ကြိမ်မြောက် ပြင်ဆင်ခြင်းကို အတည်ပြုခဲ့သည်။

ရူမေးနီးယားနိုင်ငံတွင် အယူဝါဒရေးရာ လွတ်လပ်မှုရှိ၏။ ရူမေးနီးယားလူမျိုးတို့သည် များသောအားဖြင့် အရှေ့ပိုင်းအသင်းတော်ဝင် ခရစ်ယာန်များ ဖြစ်ကြလေသည်။ ရှေးအခါက ရူမေးနီးယားသည် ဒေးရှားဟု အမည်တွင်ခဲ့၍ နှစ်ရာစုတွင် ရောမဧကရာဇ် ထရေဂျန်၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့၏။ သုံးရာစုနှစ်မှ အစပြု၍ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေတတ်သော လူမျိုးစု အမျိုးမျိုးသည် ဒေးရှားနယ်ကို ဖြတ်သန်းသွားလာခဲ့ကြ၏။ခရစ်တော် ပေါ်ပြီးနောက် ပထမအနှစ် ၁ဝဝဝ အတွင်း ဒေးရှန်းလူမျိုးနှင့် ရောမလူမျိုးတို့ သွေးနှောသွားကာ၊ ထိုနောက် ဆလဗ်လူမျိုး တို့ပါ ဒွေးရောယှက်တင် ဖြစ်သွားခဲ့ပြီးနောက်တွင် ရူမေးနီးယား ဘာသာစကားနှင့် ရူမေးနီးယား လူမျိုးဟူ၍ ပေါ်ပေါက်လာခဲ့ လေသည်။ ထိုနောက် ၁၄ ရာစုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားဟူသော ပြည်နယ်နှစ်ခု ပေါ်ပေါက်ခဲ့လေ သည်။

ကိုးရာစုနှစ်လောက်မှ အစပြု၍ ထရန်ဆီလဗေးနီးယား ကုန်းပြင်မြင့်တွင် ၁၃ ရာစုနှစ်အတွင်း ဟန်ဂေရီလူမျိုးတို့သည် ထရန်ဆီလဗေးနီးယားအတွင်းဝင်ရောက်လာ၍ သီးခြားနယ်ကြီး အဖြစ် တည်ထောင်ခဲ့သည်။ ထိုပြည်နယ်များကို မင်းသား တစ်ပါးစီ သီးခြားအုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ၁၄ ရာစုနှစ်မှ စ၍ ယင်းပြည်နယ်တို့သည် အော့တိုမန်အင်ပိုင်ယာ၏ နယ်ချဲ့ အန္တရာယ်ကို ကြိုးပမ်းကာကွယ်ခဲ့လေသည်။

ဝေါလေ့ကီးယား ပြည့်ရှင် မင်းသားမိုက်ကယ်သည် သုံးပြည်ထောင်ကို စုပေါင်း အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ရာ တောင်သူလယ်သမားတို့၏ လိုအင် ဆန္ဒများကို မဖြည့်စွမ်းနိုင်ခဲ့သောကြောင့်၎င်း၊ မော်လဒေးဗီးယား နယ်နှင့် ထရန်ဆီလဗေးနီးယားနယ်တို့မှ မှူးမတ်မျိုးနွယ်တို့နှင့် အချင်းများခဲ့သောကြောင့်၎င်း ခေတ္တမျှသာ အောင်မြင်ခဲ့သည်။ နောက်ဆုံးတွင် အော့တိုမန်အင်ပိုင်ယာ၏ လက်အောက်ခံ ပြည် နယ်များ ဖြစ်သွားလေသည်။

ထိုနောက် ရူမေးနီးယန်းလူမျိုးတို့ သည် အမျိုးသားလွတ်မြောက်ရေးအတွက် မကြာခဏလက်နက် စွဲကိုင် တော်လှန်ပုန်ကန်ခဲ့ကြ၏။ ၁၈၂၁ ခုနှစ်တွင် ဝေါလေ့ ကီးယားနယ်တွင် တျူဒေါ်ဗလာဒီမီရက် စကူး ဦးဆောင်၍ အမျိုးသား တော်လှန်မှုကြီးတစ်ရပ် ဖြစ်ပွားခဲ့၏။ ၁၈၄၈ ခုနှစ် တွင် ယင်းသည့် ရူမေးနီးယားသုံးနယ်တွင် တော်လှန်မှုကြီးများ ဖြစ်ပွားခဲ့လေသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲအဆက်ဆက် ဖြစ်ပွားခဲ့ပြီးနောက်၊ ၁၈၅၉ ခုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားတို့သည် မင်းသားကြီး အယ်လက်ဇန်ဒရူယို အန်ကူဇာ၏ လက်အောက်တွင် ပူးပေါင်းမိလေသည်။ ၁၈၆၂ ခုနှစ်တွင် ထိုသို့ပူးပေါင်းပြီးသော နယ်ပယ်ကြီးကို ရူမေးနီးယား ဟူ၍ ခေါ်ဝေါ်ခဲ့လေသည်။

၁၈၇၇ ခုနှစ်တွင် ဖြစ်ပွားသော ရုရှ-တူရကီစစ်ပွဲ၌ ရူမေးနီးယားပြည်နယ်သည် ရုရှဘက်မှ ကူညီတိုက်ခိုက်ခဲ့ရာ ၁၈၇၇ ခုနှစ်တွင် တူရကီတို့၏ အာဏာစက်အတွင်းမှ လွတ် ကင်း၍ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ကျေညာခဲ့သည်။ ပထမကမ္ဘာစစ် (ခရစ် ၁၉၁၄-၁၈) ဖြစ်ပွားလာသောအခါ ဦးစွာ၌ ကြားနေခဲ့သော်လည်း၊ ၁၉၁၆ ခုနှစ် ဩဂုတ်လတွင် ရူမေးနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ ဂျာမနီနှင့် ဟန်ဂေရီတို့ကို တိုက်ခိုက်ခဲ့လေသည်။၁၉၁၉ ခုနှစ်တွင် ချုပ်ဆို သော ဗာဆေးစာချုပ်အရ ရူမေးနီးယားသည် ဟန်ဂေရီတို့ထံမှ ထရန်ဆီလဗေးနီးယားပြည်နယ်ကို ရရှိလိုက်၏။

ရူမေးနီးယားနိုင်ငံ၏ ပထမဦးဆုံးဘုရင် ပထမကာရိုးသည် ၁၈၈၁ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ အုပ်စိုးပြီးနောက် တူတော် ဖာဒီနန်က ထီးနန်းကို ဆက်ခံသည်။၁၉၂၇ ခုနှစ်တွင် ဖာဒီနန် ဘုရင် နတ်ရွာစံသဖြင့် ငါးနှစ်သားအရွယ်ရှိ မြေးတော် မိုက်ကယ်က ဆက်လက်အုပ်စိုးနေစဉ်၊ ယခင်က ထီးနန်းဆက်ခံ ခွင့်ကို စွန့်လွှတ်ပြီးဖြစ်သော ဖာဒီနန်၏ သားတော်ဖြစ်၍ မိုက်ကယ်၏ခမည်းတော်လည်းဖြစ်သော ကာရိုးက အာဏာကို လုယူကာ ဒုတိယကာရိုးဘုရင်အဖြစ် နန်းတက်လာ၏။ ဒုတိယ ကာရိုးဘုရင်သည် ရူမေးနီးယားနိုင်ငံ နယ်ခြားဒေသများနှင့် စပ် လျဉ်း၍ ရုရှနိုင်ငံ၊ ဂျာမနီနိုင်ငံတို့နှင့် ပြေလည်အောင် မဖြေရှင်း နိုင်သဖြင့် ၁၉၄ဝ ပြည့်နှစ်တွင် ထီးနန်းကို စွန့်လွှတ်ရသည်။ သားတော်မိုက်ကယ် ပြန်လည်နန်းတက်သည်။

ထိုနောက် ဂျာမနီ၏ ဩဇာခံ ဗိုလ်ချုပ်အန်တိုနက်စကူးက စစ်အာဏာရှင် စံနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်သည်။ ၁၉၄၁ ခုနှစ်တွင် ရူမေး နီးယားသည် ဂျာမနီဘက်မှ ကူညီ၍ ရုရှကို တိုက်၏။ သို့ရာ တွင် ၁၉၄၄ ခုနှစ်၌ ဆိုဗီယက်တပ်မတော်က အောင်မြင်စွာ ထိုးစစ်များ ဆင်နွဲနေနိုင်သည့် အခြေတွင် ရူမေးနီးယား ကွန်မြူ နစ်ပါတီ ဦးဆောင်သည့် မျိုးချစ်အင်အားစုများက လက်နက်ကိုင် တော်လှန်မှုတစ်ရပ်ကို ဖန်တီးကာ စစ်အာဏာ ရှင်အစိုးရကို ဖြုတ်ချလိုက်လေသည်။ ထိုနောက်တွင် ရူမေးနီး ယား နိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ စစ်ပြီးဆုံးသည် အထိ ဖက်ဆစ်ဂျာမနီကို ပြန်တိုက်ခဲ့လေသည်။၁၉၄၇ ခုနှစ်တွင် မဟာမိတ်နိုင်ငံများနှင့် ချုပ်ဆိုသော ငြိမ်းချမ်းရေးစာချုပ်အရ ဒုတိယကာရိုးဘုရင် လက်ထက်က ဟန်ဂေရီနိုင်ငံသို့ ပေးခဲ့ရသော ထရန်ဆီလဗေးနီးယား မြောက်ပိုင်းနယ်ကို၎င်း၊ ဗူလဂေးရီးယားနိုင်ငံသို့ ပေးခဲ့ရသော ဒိုးဗရုဂျ နယ်ကို၎င်း ပြန်လည်ရရှိလေသည်။

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မိုက်ကယ် ဘုရင် နန်းစွန့်ခဲ့ရ၍ ရူမေးနီးယားပြည်သူ့သမ္မတနိုင်ငံ ထူ ထောင်ခဲ့သည်။ ထိုနောက်တွင် ဆိုရှယ်လစ်စံနစ် ထူထောင်ရေး ကို ကြိုးပမ်းခဲ့ရာ ၁၉၆၂ ခုနှစ်တွင် ရူမေးနီးယားနိုင်ငံ၌ ဆိုရှယ်လစ်စံနစ်သည် တောရောမြို့ပါ အသေအချာ အောင်ပွဲ ခံခဲ့ပြီး ဖြစ်သည်။ ရူမေးနီးယား ပြည်သူ့သမ္မတနိုင်ငံသည် ဆိုရှယ်လစ်စံနစ် ထူထောင်မှုတွင် နောက်ဆုံးအခြေသို့ ရောက်နေပြီဖြစ်၍ ကွန်မြူနစ်စံနစ် ထူထောင်ရေးသို့ တဖြည်း ဖြည်း ကူးပြောင်းနေဆဲ ဖြစ်လေသည်။ ရူမေးနီးယားနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာ ခဲ့၏။ ၁၉၆၅ ခုနှစ်တွင် ရူမေးနီးယားဆိုရှယ်လစ်သမ္မတနိုင်ငံ ဟု အမည်ပြောင်းခဲ့သည်။ ဗူးခရက်မြို့သည် ရူမေးနီးယားနိုင်ငံ ၏ မြို့တော်ဖြစ်၍ လူဦးရေ ၁၃၇၂ဝဝဝ ယောက် (၁၉၆၄) ရှိသည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ယတ်ဆီ၊ ကလူးဇ၊ တီမီရွှားရား၊ ဂလတ်ဆီ၊ ဗရပ်ရှော့၊ ပလိုယက်စတီ၊ ကွန်စတင်ဆာ စသည့်မြို့များ ဖြစ်သည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.