အာခီမီးဒီးစ်
အာခီမီးဒီးစ် (အင်္ဂလိပ်: Archimedes /ˌɑːkɪˈmiːdiːz/; ဂရိ: Ἀρχιμήδης) (ဘီစီ ) သည် ဂရိလူမျိုး သင်္ချာ ပညာရှင်၊ ရူပဗေဒ ပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်ပညာရှင် နှင့် နက္ခတ္တဗေဒ ပညာရှင်ကြီး ဖြစ်သည်။ သူသည် Hydrostatics နှင့် Statics စသော ရူပဗေဒ ပညာရပ်များကို အုတ်မြစ်ချ ပေးခဲ့သူဖြစ်ပြီး ကုတ်နိယာမ သဘောတရား ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်သည်။ Seige engine နှင့် Screw pump တို့ကဲ့သို့သော ဆန်းသစ်သည့် စက်ပစ္စည်းများကို တီထွင်ခဲ့သည့် အတွက်ကြောင့်လည်း သူ့အား အင်ဂျင်နီယာ တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ ထပ်မံ တွေ့ရှိချက်များအရ အာခီမီးဒီးစ်သည် ကြေးမုံမှ အလင်းပြန်အားကို အသုံးပြပြီး တစ်ဘက်ရန်သူ၏ စစ်သင်္ဘောများကို မီးရှို့ဖျက်ဆီးနိုင်သည့် အတတ်ပညာကိုလည်း တီထွင်ခဲ့သည်ဟု သိရသည်။
အာခီမီးဒီးစ် | |
---|---|
အမည်ရင်း | အာခီမီးဒီးစ် |
မွေးသက္ကရာဇ် | ဘီစီ ၂၈၇ ခန့် ဆိုင်ရာကျူးစ်၊ aစ္စလီ၊ ဂရိ |
ကွယ်လွန် | ဘီစီ ၂၁၂ ခန့် |
နိုင်ငံသား | ဂရိ |
လူမျိုး | ဂရိ |
ပညာရေး | သင်္ချာ ရူပဗေဒ နက္ခတ္တဗေဒ အင်ဂျင်နီယာ တီထွင်ပညာရှင် |
အလုပ်အကိုင် | သိပ္ပံပညာရှင် |
အာခီမီးဒီးစ်ကို လူသိများသည်မှာ သင်္ချာပညာရှင် တစ်ဦးအဖြစ် ဖြစ်ပါသည်။ ပါရာဘိုလာ မျဉ်းကွေးတစ်ခုအောက်ရှိ ဧရိယာကို အနန္တကိန်းစဉ် ပေါင်းလာဒ်ဖြင့် ရှာဖွေတွက်ချက်နိုင်သည့် Method of Exhaustion ကို တီထွင် ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် pi (π) ၏ တန်ဖိုးကိုလည်း ယခင်ကထက် ပိုမိုတိကျအောင် တွက်ထုတ် ပေးနိုင်ခဲ့သည်။ ဝက်အူရစ် လှည့်ခြင်း နိယာမကို သူ၏အမည်နှင့်တွဲ၍ ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထုထည်တွက်နည်း ဖော်မြူလာ အများအပြားကိုလည်း ဖော်ထုတ်ပေးခဲ့သည်။
အာခီမီးဒီးစ်သည် ဆိုင်ရာကျူးစ် စစ်ပွဲအတွင်း ရောမဘုရင်က သူ့အားမသတ်ဖြတ်ရန် အမိန့်ပေးထားခဲ့သော်လည်း ရောမစစ်သားတစ်ယောက်၏ သတ်ဖြတ်ခြင်းခံရကာ သေဆုံးခဲ့ရသည်။ စက်လုံးတစ်ခု၏ ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့သည် ၎င်းနှင့် အချင်းဝက် တူညီသော ထုလုံးရှည်မှန် တစ်ခု၏ ထုထည်နှင့် မျက်နှာပြင် ဧရိယာတို့၏ သုံးပုံ နှစ်ပုံ ရှိကြောင်းကို အာခီမီးဒီးစ်က သက်သေပြခဲ့သည်။ ယင်းသက်သေပြချက်သည် သင်္ချာပညာရပ်တွင် အကြီးမားဆုံးသော တိုးတက်မှုကြီးတစ်ခု ဖြစ်သည်။ သူ၏တွေ့ရှိချက်စာများကို အေဒီ ၃၅၀ မတိုင်ခင်အထိ စုစည်း စာအုပ်ထုတ်ခြင်း မရှိခဲ့ပေ။ အေဒီ ၆ ရာစု ကျမှသာ သူ၏ပညာရပ်များကို လူအများသိအောင် ဖြန့်ချိနိုင်ခဲ့သည်။ ရီနေးဆွန်းခေတ် တစ်လျောက်လုံး သိပ္ပံပညာရှင် များ အပေါ်တွင် သူ၏ အယူအဆ သဘောတရားများ လွှမ်းမိုးထားခဲ့သည်။
အတ္ထုပ္ပတ္တိအကျဉ်း
အာခီမီးဒီးစ်ကို ဘီစီ ၂၈၇ ခန့်က ရှေးဟောင်း မဂ္ဂနာဂရေစီယာပြည်လက်အောက်ခံ စစ္စလီပြည် ဆိုင်ရာကျူးစ် မြို့ တွင် မွေးဖွားခဲ့သည်။ ဘိုင်ဇန်တိုင်းဂရိခေတ် က သမိုင်းပညာရှင် ဂျွန်ဇီဇီ ၏ မှတ်တမ်းအရ အာခီမီးဒီးစ်သည် အသက် ၇၅ နှစ်အထိ နေထိုင်သွားရကြောင်း သိရသည်။ အာခီမီးဒီးစ်သည် သူ၏ တီထွင်မှု တစ်ခုဖြစ်သော သဲနာရီ နှင့် ပတ်သက်၍ ရေးသားထားသော Sand Reckoners အမည်ရှိ စာတမ်းများတွင် သူ၏ ဖခင်အမည်ကို နက္ခတ္တဗေဒပညာရှင် ဖီးဒီးယပ်စ် ဟု ဖော်ပြထားသည်။ သမိုင်းပညာရှင် ပလူးတပ် ရေးသားသော ခေတ်ပြိုင်ပုဂ္ဂိုလ်ထူးကြီးများ စာအုပ်တွင် အာခီမီးဒီးစ်သည် ဆိုင်ရာကျူးစ်ဘုရင် ဒုတိယမြောက်ဟီရိုးနှင့် ဆွေမျိုး တော်စပ်ကြောင်း ဖော်ပြထားသည်။ သူငယ်ရွယ်စဉ်က အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့ တွင် ပညာဆည်းပူး ခဲ့သည်ဟု ယူဆရသည်။ ဘီစီ ၂၁၂ တွင် အာခီမီးဒီးစ် သေဆုံးခဲ့သည်။ ရောမစစ်ဗိုလ်ချုပ် မားကပ်စ် ကလောဒီးယပ်စ် မာဆဲလပ်စ် က နှစ်နှစ်ကြာဝိုင်းရံ ပိတ်ဆို့ပြီးနောက် ဆိုင်ရာကျူးစ် မြို့ကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် အာခီမီးဒီးသည် ဂျော်မက်ထရီ ပုစ္ဆာတစ်ပုဒ်ကို စဉ်းစား အဖြေရှာနေခိုက် ဖြစ်သည်။ ရောမစစ်သားက သူ့အား ဖမ်းဆီးလိုက်ပြီး ဗိုလ်ချုပ် မာဆဲလပ်စ် နှင့် တွေ့ဆုံရန် ပြောဆိုရာ သူက သူ၏ပုစ္ဆာစဉ်းစားနေဆဲဖြစ်၍ မတွေ့လိုကြောင်း ငြင်းဆိုသည်တွင် ရောမစစ်သားက ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်လိုက်သည်ဟု ပလူးတပ် က ရေးသားခဲ့သည်။ ဗိုလ်ချုပ် မာဆဲလပ်စ်သည် အာခီမီးဒီးစ် သေဆုံးသွားသည့် အတွက် များစွာ နှမြောတသဖြစ်ရသည်။ အာခီမီးဒီးစ်အား ပညာရှင် တစ်ယောက်အဖြစ် သိရှိထားသောကြောင့် မသတ်ရန် ကြိုတင် အမိန့်ပေးထားခဲ့သည်။ “ငါ့စက်ဝိုင်းတွေပေါ် တက်မနင်းပါနဲ့”ဟူသော စကားကို အာခီမီးဒီးစ် နောက်ဆုံး ပြောဆိုခဲ့သည်ဟု အချို့က ယူဆကြသော်လည်း သမိုင်းပညာရှင် ပလူးတပ် ရေးသော စာအုပ်တွင်မူ မပါရှိပေ။ အာခီမီးဒီးစ်၏ ဂူဗိမ္မာန်တွင် ထုလုံးရှည်မှန်တစ်ခုအတွင်း စက်လုံးတစ်ခုကို ထည့်သွင်းထားသည့် ရုပ်တုတစ်ခုကို စိုက်ထူထားသည်။ အာခီမီးဒီးစ် သေဆုံးပြီး နှစ်ပေါင်း ၁၃၇နှစ်အကြာ ဘီစီ ၇၅တွင် ရောမခေတ် နိုင်ငံရေးသုခမိန် ဆီဇာရိုက အာခီမီးဒီးစ် အကြောင်းကြားသိရ၍ သူ၏ အုတ်ဂူအား ရှာဖွေခဲ့သည်။ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်နေသော အာခီမီးဒီးစ်၏ အုတ်ဂူကို ဆိုင်ရာကျူးစ်မြို့အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ပြီး သန့်ရှင်းရေးပြုလုပ်ကာ အုတ်ဂူပေါ်မှ စာသားများကို ဖတ်ရှုသွားသည်။ ဆိုင်ရာကျူးစ်စစ်ပွဲ အပြီး နှစ်ပေါင်း ၇၀ အကြာတွင် ပိုလီးဘီးယပ်စ် ရေးသားသော ဆိုင်ရာကျူးစ်စစ်ပွဲ အကြောင်း စာအုပ်တွင် အာခီမီးဒီးစ်နှင့် ပတ်သက်သော အကြောင်းများ ပါရှိ၍ သမိုင်းပညာရှင် ပလူးတပ် က ထပ်မံ ရေးသားနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်ရာကျူးစ်မြို့ ကာကွယ်ရေးအတွက် စစ်ပွဲဝင် စက်ကိရိယာ လက်နက်ဆန်းများကိုလည်း အာခီမီးဒီးစ်က တီထွင်ပေးခဲ့ကြောင်း အဆိုပါ စာအုပ်တွင် ဖော်ပြပါရှိပါသည်။
ရှာဖွေတွေ့ရှိမှုများနှင့်တီထွင်မှုများ
အားခီးမီးဒီးသည် မက္ကင်းနစ်ပညာ(စက်ပညာ)ကို နက်နက်နဲနဲ လိုက်စား ရေးသားခဲ့ပြီးလျှင် နည်းသစ်နည်း ဆန်းများကို ကြံစည်တီထွင်သည့်ဘက်တွင် အကျော်ကြားဆုံးသော ပညာရှိကြီးအဖြစ်ဖြင့်လည်း ထင်ရှားခဲ့လေသည်။ အားအနည်းငယ် စိုက်ထုတ်ရုံမျှဖြင့် အဆမတန် ကြီးမားသော ဝန်စည်ပစ္စည်းများကို ရွှေ့ပြောင်း ချီပင့်နိုင်သည့်ကုတ်၏ စွမ်းရည်သတ္တိကို ပထမဦးစွာ သဘောပေါက်တွေ့ရှိသူမှာ အားခီးမီးဒီးဖြစ်သည်။ သူသည် ကုန်တင်ကုန်ချရာတွင် အလွန်အကျိုးများ အသုံးဝင်လျက်ရှိသော စက်သီးတွဲများကိုလည်း ကြံစည် တီထွင်ခဲ့လေသည်။ အီဂျစ်ပြည်တွင် ရေတင်ရန်အတွက် အားခီးမီးဒီး တီထွင်ပေးခဲ့သော ကိရိယာတစ်မျိုးမှာ ယခုထက်တိုင်အောင် အသုံးများလျက် ရှိပေသေးရာ အဆိုပါကိရိယာမှာ လွန်ပူပုံ ဝက်အူရစ်နှင့်သဏ္ဌာန်တူသဖြင့် အားခီးမီးဒီးဝက်အူဟူ၍ အမည်တွင်ရစ်လေသည်။
ဆာရာကျူမြို့တော် မကျဆုံးမီ ရောမစစ်သည်တော် များ သုံးနှစ်သုံးမိုးတိုင်တိုင် ကြိုးစားဝိုင်းရံထားလျက်ရှိစဉ်အချိန်အတွင်း၌လည်း အားခီးမီးဒီးသည် ရောမ စစ်သင်္ဘောများကို မှန်ဖြင့် ပြန်ဟပ်စေသော နေရောင်ခြည်ဖြင့် ထိုးပြမီးလောင်စေနိုင်သည့်နည်းကိုပင် ကြံစည်ခဲ့သေးသည်ဟု အဆိုရှိလေသည်။ အားခီးမီးဒီးနှင့်စပ်လျဉ်း၍ ယနေ့တိုင် မမေ့နိုင်အောင် စိတ်ဝင်စားဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုမှာ ဆာရာ ကျုမြို့တော်လမ်းမတစ်လျှောက်တွင် တွေ့ပြီ တွေ့ပြီဟု ဝတ်လစ်စလစ်နှင့် အော်ဟစ်ပြေးခဲ့သည့် အဖြစ် အပျက်ပင် ဖြစ်လေသည်။ ဖြစ်ပုံမှာ အခါတစ်ပါး၌ ဆာရာကျုမြို့တော်၏ဘုရင် ဒုတိယ ဟီအာရိုသည် ရွှေပန်းထိမ်ဆရာတစ်ဦးအား လိုသမျှရွှေကို ချိန်တွယ်ထုပ်ပေးပြီး သရဖူတစ်လုံးကို အလုပ်ခိုင်းလေသည်။ သို့ရာတွင် သရဖူပြီး၍ ဘုရင်ကို ဆက်သသောအခါ ရွှေခိုး၍ သတ္တုရောထည့်လိုက်သည်ဆိုသည့် ယနံ့မကင်းစရာ စွပ်စွဲသံများ ပေါ်ထွက်လာလေသည်။ ဘုရင်လည်း အားခီးမီးဒီးကိုဆင့်ခေါ်၍ အဆိုပါ သရဖူရှိရွှေ စစ်မစစ်ကို စမ်းသပ်ရန် လွှဲအပ်လေရာ အားခီးမီးဒီးမှာ ထိုအချိန်မှစ၍ ရွှေခိုးပြဿနာ ဖော်ထုတ်ရေး အတွက် နေ့ရောညဉ့်ပါ တွေးတောရင်းဖြင့်သာ အချိန်ကုန် လေတော့သည်။
တစ်နေ့သော် အားခီးမီးဒီးသည် ရေချိုးရန်အတွက် ရေချိုးခန်းသို့သွား၍ မိမိကိုယ်ကို ရေစည်ထဲသို့ နှစ်လိုက်စဉ် လျှံကျလာသောရေကိုမြင်ရာမှ မိမိပြဿနာအတွက် သဲလွန်စကို ရရှိပြီးလျှင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဝတ်လစ်စလစ် နှင့် တွေ့ပြီ တွေ့ပြီ ဟု အော်ဟစ်ယင်း ထပြေးလေတော့သည်။ အိမ်ရောက်လျှင်ရောက်ခြင်း အားခီးမီးဒီးသည် သရဖူအပြင် သရဖူနှင့်အလေးချိန်ညီသော ရွှေတုံးကို ရေအပြည့်ထည့်ထားသော အင်တုံတွင် တစ်လှည့်စီနှစ်ကြည့်ပြီးနောက် လျှံကျသော ရေ၏ အရွယ်ပမာဏကို တိုင်းတာကြည့်သည်။ သရဖူနှင့်ရွှေတုံး မှာ အလေးချိန်ချင်းညီသဖြင့် အကယ်၍ နှစ်ခုစလုံး ရွှေချည်း သက်သက်သာဖြစ်ပါက လျှံကျလာသောရေ၏ အရွယ်ထုချင်းမှာလည်း တူညီရပေမည်။ သို့သော် သရဖူကို နှစ်စဉ် လျှံကျလာသောရေ၏အရွယ်ထုက ကြီးမားနေသည်ကို တွေ့ရလေရာ သရဖူရှိရွှေမှာ ရွှေမစစ်ပဲ တစ်ခုခုရောထားကြောင်း ထင်ရှား၍ နေလေတော့သည်။
အားခီးမီးဒီးသည် ဤကဲ့သို့ သရဖူမှ ရွှေခိုးမှုကို ဖော်ထုတ်သွားပြီးနောက် အဆိုပါပြဿနာကို ဖြေရှင်းရာမှ သဘာဝစည်းတစ်ခုကို တွေ့ရှိလေသည်။ ထိုစည်းအရ ပစ္စည်းတစ်ခုသည် အရည်တစ်ခုတွင် နစ်သွားသောအခါ အလေးချိန်လျော့သွား၍ ဤလျော့သွားသော အလေးချိန်သည် ထိုပစ္စည်းအတွက် နေရာဖယ်ပေးရသော အရည်ထု၏ အလေးချိန်နှင့်တူညီသည်။ ထိုစည်းမှာ ယနေ့ထက်တိုင် အားခီးမီးဒီး၏စည်း ဟူ၍ တွင်လျက် ရှိလေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)