အောက်ဆီဂျင်

အောက်ဆီဂျင်သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသည့် ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ အက်တမ် အမှတ်စဉ် မှာ ၈ ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ ‘O’ ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ရှိသည်။ ၎င်း၏ အမည်မှာ ဂရိဝေါဟာရ ὀξύς (oxys) (အက်ဆစ် - ဆူးရှသည်ဟု အဓိပ္ပာယ် ရသည်။ အက်ဆစ်များ၏ ချဉ်သော အရသာကို ညွှန်းဆိုသည်။) နှင့် -γενής (-genēs) (ထုတ်လုပ်သည်၊ ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။) မှ ဆင်းသက်လာသည်။ အက်ဆစ်ဖြစ်စေသည့် ပစ္စည်းဟု တိုက်ရိုက် ဘာသာပြန်နိုင်သည်။ အောက်ဆီဂျင်အား အမည်ပေးသည့် ခေတ်ကာလတွင် အက်ဆစ်အားလုံး၌ အောက်ဆီဂျင်ပါဝင်သည်ဟု ယူဆခဲ့သောကြောင့် ဤကဲ့သို့ အမည်တွင်လာခြင်းဖြစ်သည်။

အောက်ဆီဂျင်,  8O
Spectral lines of oxygen
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအောက်ဆီဂျင်, O
အသံထွက်/ˈɒksɪən/
OK-si-jən
အဆင်းgas: colorless
liquid: pale blue
ဒြပ်စင်အလှည့်ကျဇယားရှိ အောက်ဆီဂျင်


O

S
နိုက်ထရိုဂျင်အောက်ဆီဂျင်ဖလိုရင်း
အက်တမ် အမှတ်စဉ် (Z)8
အုပ်စုဘလော့group 16 (chalcogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 2
ဒြပ်စင် ကဏ္ဍ  diatomic nonmetal
စံ အက်တောမစ် အလေးချိန် (Ar)15.999[1] (15.99903–15.99977)[2]
အီလက်ထရွန် ပြုပြင်မှု[He] 2s2 2p4
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 6
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အငွေ့
အရည်ပျော်မှတ်54.36 K (−218.79 °C, −361.82 °F)
အရည်ဆူမှတ်90.188 K (−182.962 °C, −297.332 °F)
သိပ်သည်းမှု (သုည °C)1.429 g/L
(အရည်ဆူမှတ်)1.141 g/cm3
သုံးပွင့်ဆိုင်မှတ်54.361 K, 0.1463 kPa
Critical point154.581 K, 5.043 MPa
ဖျူးရှင်းအပူ(O2) 0.444 kJ/mol
အငွေ့ပျံခြင်း အပူ(O2) 6.82 kJ/mol
မိုလာ အပူအင်အား(O2) 29.378 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K)       61 73 90
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 1, 1, 2
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 3.44
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 1313.9 kJ/mol
2nd: 3388.3 kJ/mol
3rd: 5300.5 kJ/mol
(more)
ကိုဗေးလန့်အချင်းဝက်66±2 pm
ဗန်ဒါဝေါ့စ် အချင်းဝက်152 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ cubic
အသံ၏အမြန်နှုန်း330 m/s (gas, at 27 °C)
အပူစီးကူးမှု26.58×10−3  W/(m·K)
သံလိုက်ဓာတ်paramagnetic
သံလိုက် ထိတွေ့နိုင်မှု (χmol)+3449.0·10−6 cm3/mol (293 K)[3]
CAS Number7782-44-7
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုCarl Wilhelm Scheele (၁၇၇၁)
အမည်တပ် ခဲ့Antoine Lavoisier (၁၇၇၇)
Most stable isotopes of အောက်ဆီဂျင်
iso NA သက်တမ်းဝက် DM DE (MeV) DP
16O 99.76% is stable with 8 neutrons
17O 0.04% is stable with 9 neutrons
18O 0.20% is stable with 10 neutrons

အောက်ဆီဂျင်သည် ဒြပ်စင်အလှည့်ကျဇယားတွင် ချာကိုဂျင် (chalcogen) အုပ်စုဝင်ဖြစ်သည်။ ဓာတ်ပြုလွယ်သည့် သတ္တုမဟုတ်သည့် ဒြပ်စင်ဖြစ်ပြီး အခြားဒြပ်စင် အားလုံးနီးပါးနှင့် ဒြပ်ပေါင်းများ အဖြစ် (အထူးသဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများအဖြစ်) ပေါင်းစပ်နေလေ့ရှိသည်။ သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အောက်ဆီဂျင် အက်တမ် နှစ်ခုပူးတွဲကာ အနံ့အသက် အရသာနှင့် အရောင်အဆင်း ကင်းမဲ့သည့် ဒိုင်အောက်ဆီဂျင် (O2) ဓာတ်ငွေ့ အဖြစ်တည်ရှိသည်။ အောက်ဆီဂျင်သည် စကြာဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နှင့် ဟီလီယမ် ပြီးနောက် တတိယ အများဆုံးတွေ့ရသည့် ဒြပ်စင်လည်းဖြစ်ပြီး[4] ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာတွင် အများဆုံး ပါဝင်သည်။ ကမ္ဘာ့လေထု၏ ၂၀.၈% မှာ အောက်ဆီဂျင် ဓာတ်ငွေ့ဖြစ်သည်။

အသားဓာတ် (ပရိုတိန်း)၊ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်)၊ အဆီဓာတ် စသည့် သက်ရှိများ၏ အခြေခံ မော်လီကျူးများတွင် အောက်ဆီဂျင် ပါဝင်သကဲ့သို့ သတ္တဝါများ၏ အခွံ၊ သွားနှင့် အရိုးများကို ဖွဲ့စည်းထားသည့် အင်ဩဂဲနစ် ဒြပ်ပေါင်းများတွင်လဲ အောက်ဆီဂျင်ကို တွေ့ရှိနိုင်သည်။ စိမ်းပြာရောင်ရေညှိ၊ ရေမှော်ပင်နှင့် ရွက်စိမ်းပင်များ အလင်းဖြင့် အစာချက်လုပ်ရာတွင် ရေမော်လီကျူးအား ဖြိုခွဲကာ အောက်ဆီဂျင်ကို O2 အသွင်ဖြင့် ထုတ်လွှတ်ပေးသည်။ အောက်ဆီဂျင်သည် ရှုပ်ထွေးပွေလီသည့် (ဗဟုကလာပ်စည်းပါ) သက်ရှိအများစု အသက်ရှူရာတွင် အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။

အောက်ဆီဂျင်သည် ၎င်း၏ allotrope တစ်မျိုးဖြစ်သည့် အိုဇုန်း (O3) အဖြစ်လည်း တည်ရှိသည်။ ကမ္ဘာ့လေထု အပြင်လွှာရှိ အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည်များ နေမှ ကမ္ဘာပေါ်သို့ အမြားအပြား မရောက်လာအောင် ကာကွယ်ပေးသည်။ အိုဇုန်းသည် ကမ္ဘာ့မြေမျက်နှာပြင် အနီးတွင်မူ ညစ်ညမ်းမှု ဖြစ်စေသည်။ အက်တောမစ် (အက်တမ် တစ်ခုတည်းအဖြစ် တည်ရှိသည့်) အောက်ဆီဂျင်သည် မြင့်မားသည့် ကမ္ဘာပတ်လမ်းနိမ့်များတွင်ပင် သိသာထင်ရှားစွာ များပြားပြီး အာကာသယာဉ်များ ယိုယွင်းပျက်စီးစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။ [5]

အောက်ဆီဂျင်ကို ငွေ့ရည်ဖွဲ့ထားသည့် လေထဲမှ ခွဲထုတ် ငွေ့ရည်ဖွဲ့နည်း၊ ရေမော်လီကျူးအား လျှပ်စစ်ဓာတ်ဖြင့် ဖြိုခွဲနည်း သို့မဟုတ် အခြားနည်းများဖြင့် အမြားအပြား ထုတ်လုပ်သည်။ အောက်ဆီဂျင်ကို သံမဏိ၊ ပလတ်စတစ်၊ အထည်အလိပ် ထုတ်လုပ်ရာတွင်လည်းကောင်း၊ အာကာသယာဉ်များအတွက် လောင်စာအဖြစ်လည်းကောင်း၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများတွင် ခရီးသည်များ အသက်ရှူရန်လည်းကောင်း အသုံးပြုကြသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် အလွန်အသုံး ဝင်၍ စိတ်ဝင်စားဖွယ်လည်းအလွန်ကောင်းသည်။ ထိုဓာတ်ငွေ့ ကို ၁၇၇၄ ခုနှစ်တွင် ဂျိုးဇက်ပရီးဆလီအမည်ရှိ အင်္ဂလိပ် ဓာတုဗေဒပညာရှင်ကြီးက ဒြဗ်စင်တစ်ခုအဖြစ်ဖြင့် တွေ့ရှိခဲ့သည်။ ထိုဓာတ်ငွေ့သည် မာကျူရစ်အောက်ဆိုက်ဟုခေါ်သော ပြဒါးဓာတ်ဆား အမှုန့်တစ်မျိုးကို မီးပြင်းပြင်းလှော်ပေးရာမှ ထွက်ပေါ်လာသောဓာတ်ငွေ့ဖြစ်၏။ ဆွီဒင် ပြည်သား ဝီလဟမ်း ရှေးလ ဆိုသူသည်လည်း ယမ်းစိမ်းကိုမီးရှို့ခြင်းဖြင့် အောက်ဆီဂျင်ဓာတ်ငွေ့ကို ပရီးဆလီထက် တစ်နှစ်စော၍ ၁၇၇၃ ခုနှစ်က တွေ့ရှိခဲ့၏။ သို့သော် ရှေးလသည် သူ၏တွေ့ရှိမှုကို ၁၇၇၅ ခုနှစ်ကျမှ ကမ္ဘာအား ထုတ်ဖော်ပြောပြရာ၊ ထိုအချိန်၌ ပရီဆလီမှာ သူ၏တွေ့ရှိချက်ကို ထုတ်ဖော်ခဲ့ပြီးဖြစ်လေသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးလိုပင် အောက်ဆီဂျင်ကို ပထမ ဦးဆုံးရှာဖွေတွေ့ရှိသူများအဖြစ် ကမ္ဘာကအသိအမှတ်ပြုခဲ့ကြသည်။ (ပရီဆလီ ဂျိုးဇက်-။)

ပရီဆလီနှင့်တစ်ခေတ်တည်းထွန်းပေါက်သော ပြင်သစ်လူမျိုး ဓာတုဗေဒပညာကျော် အန်းတွိုင်း လဗွာ စီယေသည် ပရီဆလီ၏နည်းအတိုင်း ဆက်လက်စမ်းသပ်ကြည့်ရာ လေထဲတွင် မီးလောင်ခြင်းမှာ အောက်ဆီဂျင်ဓာတ်ငွေ့နှင့်သာ လုံးဝ သက်ဆိုင်ကြောင်းကို သိရှိသည်သာမက အောက်ဆီဂျင်ဓာတ်ငွေ့ မပါရှိသော လေထဲတွင်လောင်ကျွမ်းမှု မဖြစ်မြောက်နိုင်ပုံကိုလည်း အထူးတလည်သိရှိခဲ့လေသည်။ ဤဓာတ်ငွေ့ကို အောက်ဆီဂျင်ဟုအမည်ပေးသူမှာ လဗွာစီယေ ပင်ဖြစ်သည်။ အောက်ဆီဂျင်ဆိုသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ အဓိပ္ပာယ်မှာ အချဉ်ဓာတ်ကိုဖြစ်စေတတ်သောပစ္စည်းဟူ၍ ဖြစ်သည်။ အမှန်စင်စစ် လဗွာစီယေ၏ယူဆချက်မှာ လုံးဝမမှန်ချေ။ အောက်ဆီဂျင် ဒြဗ်ပေါင်းတို့သည် ရေထဲတွင်ပျော်ဝင်သွားသောအခါ အချဉ်ဓာတ်မဖြစ်ကြောင်းကို နောင်အခါ၌တွေ့ရှိရလေသည်။ ( လဗွာစီ ယေ အေအယ်။)

အောက်ဆီဂျင်ကို ဓာတ်ငွေ့သန့်သန့် အဖြစ်ဖြင့်သော်လည်းကောင်း၊ အခြားဒြပ်စင်များနှင့် ပေါင်းစပ်၍သော်လည်းကောင်း သဘာဝတွင် အများအပြားတွေ့ရှိနိုင်သည်။ လေ၏ ငါးပုံတစ်ပုံမျှသည် အောက်ဆီဂျင်ဖြစ်၍ ရေထဲတွင်လည်း အောက်ဆီဂျင်ဓာတ်သည် ဟိုက်ဒြိုဂျင်ဓာတ်နှင့် ပေါင်းစပ်နေ ကြောင်းတွေ့ရ၏။ ရေတွင်ဓာတ်ဖက်စပ်နေသော အောက်ဆီဂျင်၏အလေးချိန်သည် ရေအလေးချိန်၏ ကိုးပိုင်းရှစ်ပိုင်းနှင့်ညီမျှသည်။ ဤမျှမကသေး အောက်ဆီဂျင်သည် ရေထဲတွင်အနည်းငယ်လည်းပျော်ဝင်လျက်ရှိ၏။ ထို့ကြောင့်ပင် ငါးများသည် ရေထဲမှ အောက်ဆီဂျင်ဓာတ်ကိုရ၍ အသက်ရှင် နေနိုင်ကြလေသည်။ တွင်းထွက်သတ္တုများ သစ်ပင်နှင့် သက်ရှိသတ္တဝါအပေါင်းတို့တွင်လည်း ဤဓာတ်သည်ပေါင်းစပ်၍ အမြောက်အမြားပါဝင်လျက်ရှိသည်။ အမှန်စင်စစ် ဤလောကကြီးတွင် အောက်ဆီဂျင်လောက်ပေါများသော ဒြဗ်စင်ကိုမတွေ့ရသေးချေ။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်ယူသောနည်းအမျိုးမျိုး ရှိရာတွင် အလွယ်ကူဆုံးနည်းမှာ မာကျူရစ်အောက်ဆိုက်ခေါ် ပြဒါးဓာတ်ဆားအနည်းငယ်ကို ဖန်ပြွန်ထဲတွင်ထည့်၍မီးပြင်းပြင်း တိုက်ပေးသောနည်းဖြစ်သည်။ မာကျူရစ်အောက်ဆိုက်မှာ ပြဒါးနှင့် အောက်ဆီဂျင်ဓာတ်တွဲ၍ ထွက်လာပုံမှာ ဤသို့ဖြစ်၏။

ပိုတက်ဆီယမ်ကလိုရိတ် + မန်ဂနိဒိုင်အောက်ဆိုက် ပိုတက်ဆီယမ်ကလိုရိတ် + အောက်ဆီဂျင်+ မန်ဂနိဒိုင်အောက်ဆိုက် ပိုတက်ဆီယမ်ကလိုရိတ် တစ်ခုတည်းကိုသာ လှော်လျှင် မီးအလွန်ပြင်းပြင်းတိုက်ပေးရန်လို၏။ သို့သော် အကယ်၍ မန်ဂနိဒိုင်အောက်ဆိုက်နှင့်ရော၍ လှော်လျှင်ကား မီးပြင်းဖို့ လည်းမလိုဘဲ၊ အောက်ဆီဂျင်လည်းလျှင်မြန်စွာ ဓာတ်ကွဲ၍ထွက်လာသည်။ အမှန်စင်စစ် အောက်ဆီဂျင်သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း မန်ဂနိဒိုင်အောက်ဆိုက်မှ ထွက်လာခြင်းမဟုတ်၊ ပိုတက်ဆီယမ်ကလိုရိတ်မှ ထွက်လာခြင်းသာဖြစ်သည်။ မန်ဂနိဒိုင်အောက်ဆိုက်သည် ဤနေရာ၌ ကက်တလစ် ခေါ် ဓာတ်ကူပစ္စည်းအဖြစ်နှင့် ပါဝင်ခြင်းဖြစ်သည်ဟု ဆိုရလေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် အရောင်အဆင်းမရှိ၊ အနံ့အရသာလည်းမရှိဘဲ လေထက်အနည်းငယ်မျှ ပို၍လေး၏။ ရေတွင် အနည်းငယ်မျှပျော်ဝင်နိုင်၏။ ထိုဓာတ်ငွေ့ကို အအေးဓာတ်ပေးပြီး ဖိနှိပ်ပေးလိုက်လျှင် အရည်ဖြစ်သွားနိုင်လေသည်။ အောက်ဆီဂျင်ဓာတ်ငွေ့သည် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကဲ့သို့ မီးမလောင်ချေ။ သို့သော် မီးလောင်မှုကိုအားပေးသည်။ ထိုဓာတ်ငွေ့သည် ဓာတ်ပေါင်းစပ်ရာ၌ အလွန်လျှင်မြန်ထက်မြက်၍ ဒြဗ်စင်ဟူသရွေ့လိုလိုနှင့် ဓာတ်ပေါင်းစပ်ပြီးလျှင် အောက်ဆိုက်များကို ဖြစ်ပေါ်စေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့သည် များစွာအသုံးဝင်၏။ အောက်ဆီဂျင်မရှိက လူနှင့်တိရစ္ဆာန်တို့သာမက သစ်ပင်များပင် အသက်ရှင်နိုင်စရာအကြောင်းမရှိချေ။ ကျွန်တော်တို့သည် အောက်ဆီဂျင်ကို လေထဲမှ အဆုတ်ထဲသို့ရောက်အောင် ရှူသွင်းကြ၏။ ထိုနေရာမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားအောင် သွေးတွင်ပါသည့် ဟီမိုဂလိုဗင်က သယ်ယူသွား၏။ ဟီမိုဂလိုဗင်သည် သွေးနီဥများကို အရောင်ပေးသော ဓာတ်ပစ္စည်းဖြစ်သည်။ ငါးအပေါင်းတို့သည် ရေထဲ၌ပျော်ဝင်နေသော အောက်ဆီဂျင်ကိုရှူ၍ အသက်ရှင်ကြရ၏။ တစ်စုံတစ်ခုသော အကြောင်းကြောင့်သာ ရေတွင်အောက်ဆီဂျင်ဓာတ်သည် မပျော်ဝင်ဘဲရှိခဲ့ပါမူ ငါးတို့သည် အသက်ရှင်၍မနေနိုင်ကြပေ။ အဆုတ်ရောင်ရောဂါ စွဲကပ်နေသူများအား အသက်ရှူလွယ်ကူစေရန်အတွက် လေအစား အောက်ဆီဂျင်ကိုပေးရ၏။ ထို့ကြောင့်အောက်ဆီဂျင်ဓာတ်ငွေ့ကို ခိုင်ခန့်သော သံမဏိစည်များ၌ ဖိ၍ထည့်ပြီးလျှင် ရောဂါသည်များအတွက် တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ရလေသည်။ ရေငုပ်သမား၊ တောင်မြင့်တက်သမားနှင့် လေယာဉ်ပျံသူရဲတို့သည် အသက်ရှူလွယ်ကူရန် အတွက် အောက်ဆီဂျင်ကို ယူဆောင်သွားကြရ၏။ သတ္တုဆက် အလုပ်ရုံများတွင် သတ္တုဆက်သမားတို့သည် မီးအပူချိန်ဒီဂရီ အလွန်များများ လိုသောအခါ အဆက်တီလင်းဓာတ်ငွေ့ကို ရိုးရိုးလေနှင့်မီးမရှို့ပဲ အောက်ဆီဂျင်နှင့်ရှို့ပြီးလျှင် အလိုရှိသော အပူချိန်ဒီဂရီကိုရယူကြရ၏။ ထိုဓာတ်ငွေ့ကို အောက်ဆီအဆက်တီလင်းဟု ခေါ်လေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့ သန့်သန့်သည် အက်တမ်နှစ်ခုစီပါရှိသော မော်လီကျူးများအဖြစ်ဖြင့် တည်ရှိနေခြင်းကြောင့် သာမန်အောက်ဆီဂျင်ကို ဓာတုသင်္ကေတဖြင့် အို၂ ဟူ၍ ရေးလေ့ရှိကြသည်။ သို့သော် အောက်ဆီဂျင်အက်တမ် သုံးခုပါရှိသော မော်လီကျူးများလည်းရှိသေးရာ ထိုဓာတ်ကို အိုဇုန်း ဟုခေါ်၍ အို၃ ဟူသောသင်္ကေတဖြင့် ရေးရသည်။ အိုဇုန်းသည် လေထဲ၌လျှပ်စစ်ပြတ်သည့်အတွက် ဖြစ်ပေါပြီးလျှင် လေထု၏ မြင့်မားသောအထက်ပိုင်းတွင် သဘာဝအလျှောက်တွေ့ရလေသည်။

သာမန်အောက်ဆီဂျင်ဓာတ်ငွေ့ထဲသို့ ဓာတ်အားအလွန်ကြီးသော လျှပ်စစ်ဓာတ်ကို လွှတ်ပေးခြင်းဖြင့်လည်း အိုဇုန်းဓာတ်ကို ရရှိနိုင်သည်။ အိုဇုန်း၏အရောင်အဆင်းသည် အပြာနုရောင်ဖြစ်၍ ထူးခြားသောအနံ့တစ်မျိုးရှိ၏။ အိုဇုန်းသည် အောက်ဆီဂျင်ထက် တစ်ဆခွဲမျှလေးပြီးလျှင် ရေတွင်လည်း အောက်ဆီဂျင်ထက် ပိုမို၍ပျော်ဝင်နိုင်သည်။ ရာဘာ၊ ဖော့ စသောပစ္စည်းတို့ကို အလွယ်တကူစားနိုင်သည်။ အထည်အလိပ်၊ ပန်းပွင့် အစရှိသော ပစ္စည်းတို့တွင်ရှိသော အရောင်တို့ကို ချွတ်ပစ်နိုင်သည်သာမက ရောဂါပိုးမွှားများကို သေစေတတ်သော သတ္တိလည်းရှိသည်။ မြို့ကြီးပြကြီးများ၌ သောက်ရေများကို ရောဂါပိုးတို့၏အန္တရာယ်မှ လွတ်ကင်း၍ သန့်ရှင်းစင်ကြယ်အောင် အိုဇုန်းဖြင့် စီမံပြုလုပ်ကြလေသည်။

အောက်ဆီဂျင်ဓာတ်ငွေ့၏ ဓာတုသင်္ကေတမှာ အင်္ဂလိပ် အက္ခရာ "အို" ဖြစ် ၍ ယင်း၏အက်တမ်အလေးဆမှာ ၁၆၊ အက်တမ်အမှတ်စဉ်မှာ ၈ ဖြစ်လေသည်။[6]

ကိုးကား

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  4. Emsley 2001, p.297
  5. Atomic oxygen erosion 13 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-08-08 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.