ဥတ္တရ အလင်းတန်းများ

ဥတ္တရအလင်းတန်း (Northern Light) ဆိုသည်မှာ ညဉ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံ အလင်းတန်းများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသေးသည်။ ဥတ္တရအလင်းတန်းများသည် လွန်စွာ ထူခြားဆန်းပြားသည်သာမက မှော်ပညာဖြင့် ဖန်တီးထားသည်ဟုပင် ထင်မှတ်မှားလောက်အောင် လှပပေသည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ အပြင်ဘက်တွင် မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဥတ္တရအလင်းတန်းများကို ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်း ဒေသများတွင်သာ မြင်တွေ့ရလေ့ရှိသောကြောင့် ဖြစ်ပါသည်။

ဥတ္တရာအလင်းတန်းများ

ဥတ္တရအလင်းတန်း(Northen Light) ဖြစ်ပေါ်လာပုံ

အကြမ်းဖျင်းအားဖြင့် Aurora (သို့) Northern Lights ဖြစ်ပေါ်လာရခြင်းမှာ နေမှ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်ဓာတ်ဆောင် အမှုန်ကလေးများ ကမ္ဘာလေထုထဲသို့ရောက်ရှိလာပြီး လေထုထဲမှ မော်လီကျူးများနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်။ ဥတ္တရအလင်းတန်းများနှင့် နေပြောက်ဖြစ်စဉ် (Sunspot activity) ဆက်နွယ်မှုကို ၁၈⁠၈၀ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် ပြုလုပ်သော သုတေသနလုပ်ငန်းများ၏ အကျိုးကျေးဇူးကြောင့် နေမှ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်လေးများသည် Solar Wind ဟုသော ဖြစ်စဉ်ဖြင့် ကမ္ဘာလေထုထဲသို့ ဝင်ရောက်ကြောင်း သိရှိလာခဲ့ကြသည်။

နေ၏ မျက်နှာပြင် အပူချိန်သည် ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပြီး ၎င်းအပူချိန်သည် ဓာတ်ငွေ့မော်လီကျူးများ အချင်းချင်း ပွတ်တိုက်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်၍ ပြင်းထန်စွာ ပေါက်ကွဲကြသည်။ နေသည် မိမိဝင်ရိုးပေါ်တွင် လှည့်ပါတ်နေသည်ဖြစ်ရာ ပေါက်ကွဲမှုဖြစ်ချိန်တွင် အီလက်ထရွန်နှင့် ပရိုတွန်အမှုန်များသည် နေမှ လွတ်ကာ အာကာသသို့ လွင့်စင်သွားကြသည်။ ထိုဖြစ်စဉ်ကို Solar Wind ဟုခေါ်ပြီး အဆိုပါနည်းလမ်းဖြင့် ကမ္ဘာလေထုထဲသို့ လျှပ်စစ်ဆောင် အမှုန်များ ရောက်ရှိလာကြသည်။ သို့သော် အားပြင်းသော ကမ္ဘာသံလိုက်စက်ကွင်းကြောင့် ၎င်းလျှပ်စစ်ဆောင် အမှုန်များသည် ကမ္ဘာမြေပေါ်သို့တိုက်ရိုက် မကျရောက်နိုင်ပဲ သံလိုက်စက်ကွင်းအားအပျော့ဆုံးဖြစ်သည့် ဝင်ရိုးစွန်းဒေသများသို့ လမ်းကြောင်းသွေဖယ်သွားကြသည်။ ဝင်ရိုးစွန်းဒေသများသို့ ရောက်ရှိသောအခါ ကမ္ဘာပေါ်မှ ဓာတ်ငွေ့အမှုန်များနှင့် နေမှ လွင့်စင်လာသော လျှပ်စစ်ဆောင် အမှုန်များ ပွတ်တိုက်မှုဖြစ်ပြီး Northern Lights ဟုခေါ်သော ဥတ္တရအလင်းတန်းများ ထွက်ပေါ်လာကြသည်။

Aurora australis

Northern Lights ကို ကမ္ဘာတောင်ဘက်စွန်း နှင့် မြောက်ဘက်စွန်းတွင် တွေ့နိုင်ပြီး မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နေသော Northern Lights များကို 'Aurora borealis' ဟုခေါ်ပြီး တောင်ပိုင်းတွင် 'Aurora australis' ဟုခေါ်ဝေါ်ကြသည်။ Aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့် တွေ့မြင်နိုင်ပြီး အစိမ်းနုရောင်နှင့် ပန်းရောင်များမှာ အတွေ့ရအများဆုံးဖြစ်သည်။ ထို့ပြင် အနီ၊ အဝါ၊ အစိမ်း၊ အပြာ နှင့် မရမ်းရောင် များကိုလည်း တွေ့ရတက်သည်။ လျှပ်စစ်ဓာတ်ဆောင် အမှုန်များနှင့် ပွတ်တိုက်သော ဓာတ်ငွေ့အမျိုးအစားပေါ်မူတည်၍ ဥတ္တရအလင်းတန်းများ၏ အရောင်သည် ပြောင်းလဲလေ့ရှိသည်။ တွေ့ရအများဆုံးဖြစ်သော ဥတ္တရအလင်းတန်းအရောင်ဖြစ်သည့် စိမ်းဝါရောင်နု⁠နုသည် ကမ္ဘာမြေပြင်အထက် မိုင် ၆၀ တွင်ရှိသော အောက်ဆီဂျင် မော်လီကျူးများ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်။ အလွန်တွေ့ရခဲသော အနီရောင် သီးသန့် Aurora အလင်းတန်းများသည် အမြင့်ပေ မိုင် ၂၀၀ ဝန်းကျင်တွင်ရှိသော အောက်ဆီဂျင် ဓာတ်ငွေ့မှုန်များ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သည်။ နိုက်ထရိုဂျင်ဓာတ်ငွေ့များသည် အပြာနှင့် ကြက်သွေးအလင်းတန်းများ ဖြစ်ပေါ်စေသည်။ အလင်းတန်းများသည် ပုံစံမျိုးစုံဖြင့် တည်ရှိနိုင်ပြီး အချို့မှာ အကွက်ပုံစံ (သို့မဟုတ်) ပြန့်ကျဲနေသော တိမ်တိုက်ပုံစံ၊ အချို့မှာ တံခွန်ပုံစံ၊ စက်ဝန်းပြတ်ပုံစံ၊ လှိုင်းထလှုပ်ရှားနေသော ပြတင်းပေါက်ခန်းဆီး ပုံစံ အစရှိသဖြင့် ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ကောင်းကင်ယံတွင် ခပ်မှိန်မှိန် အရောင်များဖြာထွက်လေ့ရှိသည်။ ဥတ္တရအလင်းတန်းဖြာထွက်မှုသည် အမြင့်ပေ မိုင် ၅၀ မှ မိုင် ၄၀၀ အတွင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။

ဥတ္တရအလင်းတန်းများ ကြည့်ရန် အကောင်းဆုံးနေရာများ

အထက်တွင် ဖော်ပြထားသည့်အတိုင်း ဥတ္တရအလင်းတန်းများကို တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းဒေသများတွင် အတွေ့ရများသည်။ ကမ္ဘာအနောက်ဘက်ခြမ်း တောင်ဘက်စွန်းတွင်ရှိသော ဒေသတစ်ခုဖြစ်သည့် နယူးအော့လန်း(New Orleans) ဒေသများတွင် တွေ့ရသော်လည်း ကမ္ဘာအရှေ့ခြမ်း တောင်ဘက်စွန်းဒေသများတွင်မှာ ဥတ္တရအလင်းတန်းများကို တွေ့မြင်နိုင်ခြင်းမရှိပေ။ ဥတ္တရအလင်းတန်းများကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ(Yukon၊ Nunavut အစရှိသော ဒေသများ) နှင့် အလက်စကာပြည်နယ်(Alaska) အနောက်မြောက်ဘက်တို့ဖြစ်ကြသည်။ ထို့ပြင် ဥတ္တရအလင်းတန်းများကို ဂရင်းလန်ကျွန်း(Greenland) နှင့် အိုက်စလန်နိုင်ငံ(Iceland) တောင်ဘက်စွန်းဒေသများ၊ နော်ဝေးနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းနှင့် ဆိုက်ဘေးရီးယား(Siberia)၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့မြင်နိုင်ပေသည်။ ကမ္ဘာတောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လေ့ရှိသော Aurora အလင်းတန်းများသည် အန္တာတိကတိုက် နှင့် အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသောကြောင့် မြင်တွေ့ခဲလှသည်။ ယေဘုယျအားဖြင့် ဥတ္တရအလင်းတန်းများကို အလင်းရောင်နည်းပါးသော နေရာများတွင်လည်း ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။ လူနေနည်းသော မြောက်ဘက်ပိုင်းဒေသများသည် ဥတ္တရအလင်းတန်းများ ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။

ဥတ္တရအလင်းတန်းများကို ကြည့်ရှုရန် အကောင်းဆုံးအချိန်

Aurora ရောင်စဉ်ဖြာထွက်မှုဖြစ်စဉ်သည် ရာသီစက်ဝန်းကဲ့သို့ ထပ်ကာတလဲ⁠လဲဖြစ်နေသည်ကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပြီး အချိန် ၁၁ နှစ်ကြာတိုင်း တစ်ကြိမ် ရောင်စဉ်ဖြာထွက်မှု အထွဋ်အထိပ်သို့ ရောက်လေ့ရှိသည်။ နောက်ဆုံးရောင်စဉ်ဖြာထွက်မှု အမြင့်ဆုံးအချိန်မှာ ၂၀၁၃ ခုနှစ် ဖြစ်သည်။ မြောက်ဘက်ပိုင်း ဒေသများတွင် ဆောင်းရာသီသည် ရောင်စဉ်တန်းများကို ကြည့်ရှုရန် အလွန်ကောင်းသော ရာသီဖြစ်သည်။ ညတာရှည်ပြီး တိမ်ကင်းစင်သောညများသည် ဥတ္တရအလင်းတန်းများကို ကြည့်ရှုရန် အခွင့်ကောင်းဖြစ်သည်။ ဥတ္တရအလင်းတန်း ကြည့်ရှုရန် အကောင်းဆုံးအချိန်မှာ ဒေသစံတော်ချိန် ညသန်းခေါင် အချိန်ဖြစ်ပေသည်။

ဥတ္တရာအလင်းတန်းများနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာများ

ကမ္ဘာမြောက်ဘက်ခြမ်းတွင် တွေ့ရသော အလင်းတန်း 'Aurora borealis' သည် 'မြောက်ဘက်ဒေသ၏ အရုဏ်ဦး' ဟု အဓိပ္ပါယ်ရလေသည်။ ရောမတို့၏ ဒဏ္ဍာရီလာ Aurora သည် အရုဏ်ဦးနတ်သမီးတစ်ပါး ဖြစ်လေသည်။ လူမျိုးစုအသီးသီးတွင် ရောင်စဉ်တန်းများနှင့် ပတ်သက်၍ ဒဏ္ဍာရီများရှိကြသည်။ အေဒီ ၁⁠၁၀၀ မှ ၁၄၀၀ ခန့်က ရောင်စဉ်တန်းများဖြစ်ပေါ်ခြင်းသည် စစ် သို့မဟုတ် အငတ်ဘေး၏ ရှေ့ပြေးနိမိတ်ဟု မှတ်ယူကြသည်။ နယူးဇီလန်ကျွန်းမှ Maori ဟုခေါ်သော ဒေသခံတိုင်းရင်းသားများနှင့် မြောက်အမေရိကတိုက် အပါအဝင် အချို့ ဥရောပတိုက်သားများသည် ဥတ္တရအလင်းတန်းများသည် မီးရှူးမီးတိုင် သို့မဟုတ် မီးပုံပွဲမှ ရောင်ပြန်ဟပ်သော အလင်းများဟုပင် ထင်မြင်ယူဆခဲ့ကြသည်။ Winconsin ဒေသရှိ Menominee အင်ဒီးယန်းမျိုးနွယ်စုတို့ကမူ အလင်းတန်းများသည် manbai'wok ဟုခေါ်သော မုဆိုးနှင့် တံငါသည်များ၏ ဝိဉာဉ်များ တည်နေရာကို ညွှန်ပြသည်ဟု ယုံကြည်ကြသည်။ အလာစကာဒေသရှိ Inuit လူမျိုးတို့ကလည်း အလင်းတန်းများသည် ၎င်းတို့ အမဲလိုက်ရာမှ ရရှိလာသော သားကောင်များ၏ ဝိဉာဉ်များဟု ယုံကြည်ကြသည်။ Aurora ရောင်စဉ်တန်းများသည် ၎င်းတို့လူမျိုးစု၏ စိတ်ဓာတ်ကို ဖော်ကြူးနေသည်ဟု ယုံကြည်သော မျိုးနွယ်များလည်းရှိကြပေသည်။[1]

ကိုးကား

  1. Curiosity Science Magazine of Myanmar Issue 01.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.