ဦးဃောသိတ

ဆရာတော်သည် မကွေးတိုင်းဒေသကြီးတောင်တွင်းကြီး၊ မြို့သစ်မြို့နယ်၊ ဖိုကြီးကျေးရွာတွင် ၁၂၉၂-ခု၊ ကဆုန်လ္ဆန်း(၉)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများသည် ဦးဘိုးချီ+ဒေါ်ဆယ်မိတို့ ဖြစ်ကြသည်။ မွေးချင်း(၇)ယောက်အနက် စတုတ္ထမြောက် သားရတနာဖြစ်ပါသည်။ (၇)နှစ်သားအရွယ်တွင် အစ်ကိုများနှင့်အတူ ဖိုကြီးရွာမ အနောက်ကျောင်းသို့ ပညာသင်ကြားရန် လိုက်ရသည်။ ကျောင်းထိုင်ဆရာတော်ကြီး ဦးနန္ဒိယ၊ လက်ထောက်ဘုန်းတော်ကြီး ဦးဝိမလတို့ထံတွင် မြန်မာစာသင်္ချာ၊ မင်္ဂလသုတ်ပရိတ်ကြီးအတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ မဟာနမက္ကာရ၊ လောကနီတိနှင့် ငါးရာ့ငါးဆယ် ဇာတ်တော်များကို သင်ပြပေးပါသည်။ အသက်(၁၂)နှစ်သို့ရောက်သောအခါ ထိုကျောင်းတွင်ပင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် လက်ထောက်ဆရာတော်ဦးဝိမလ၏ ဥပဇ္စျာယ်ကို ခံယူပြီး ရဟန်းအဖြစ်သို့ရောက်ခဲ့ပါသည်။ သက်တော် (၁၆)နှစ်အရွယ်ခန့်တွင် နောင်တော်ရင်း မင်္ဂလာတိုက် စာချဆရာတော် ဖြစ်နေသော ဦးသုမန က မဟာဂန္ဓာရုံဆရာတော်ထံသို့ အပ်နှံသည်။ ထိုစဥ်က သံဃာ(၂၅)ခန့်သာရှိသေးသည်။ သူငယ်ချင်းမရှိသဖြင့် ကျန်သောအချိန်များတွင် ကျောင်းပေါ်တွင်သာ နေလေ့ရှိသည်။ နောက်ပိုင်းတွင် နာယကတစ်ပါးဖြစ်လာမည့် ကိုရင်ကုဏ္ဍလ (ဦးကုဏ္ဍလာဘိဝံသ)၊ ကိုရင်ကဝိသာရ (နောင်သောအခါ ဝေဇယန္တာဆရာတော်)တို့နှင့် သူငယ်ချင်းဖြစ်လာသည်။ တစ်ခါက (ဦးကုဏ္ဍလာဘိဝံသ) ကိုရင်ကုဏ္ဍလ က စစ်ကိုင်းတွင် ပဌာန်းသွားလိုက်ကြသည့် သံဃာများကို "မြို့ကိုသာ ကျင်ခွါမြန်းပါတဲ့ ကိုယ့်လိုဆရာတွေ သေလာစခန်းဆီသို့ သေချာညွန်းပါလို့ မေတ္တာဝေ" ဟုရေးရာ သေချာညွန်းပါလို့ကို အဝေရာညွန်းပါလို့ဟု ပြင်ရန် ပြောဖူးပါသည်။ ကျောင်းစည်းကမ်းအရ ပရိယတ္တိစာပေကလွဲပြီး ကျန်တာ ဘာမျှလုပ်မရသော်လည်း ဆောင်းပါးများ မသိမသာရေးသည်။ ရံခါ ရွှေတံဆိပ်ဆုများရသည်။ တစ်နေ့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆောင်းပါးရေးရာ ဆရာတော်ကြီးဖတ်သော သတင်းစာတွင်ပါလာသည်။ ဆရာတော်ကြီးက ငယ်သေးသဖြင့် မရေးရန် တားမြစ်လေသည်။ ၁၃၁၇- ရဟန်းဖြစ်ပြီးစ အချိန်တွင် သာသနဓဇသိရီပဝရဓမ္မာစရိယ ဘွဲ့ကိုရလေသည်။ စာရေးဝါသနာပါသောကြောင့် ဆရာတော်ကြီးက အလင်္ကာ ဘာသာဋီကာ ကိုသင်ကြားပေးခဲ့ပါသည်။ ၁၃၃၆-ခုတွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကို ရခဲ့ပါသည်။ ထို့နောက်ကမ္ဘာအေး၊ ရေးကူးရပ်တွင် သံဃာ့တက္ကသိုလ်တည်ထောင်ကာ နှစ်(၃၀)ခန့် စာပေပို့ချခဲ့ပါသည်။ နောက်ပိုင်းတွင် ပဋိပတ်နယ်သို့ အားဝင်လာသောကြောင့် ရန်ကုန်မြို့ဗဟန်း၊ နတ်မောက်လမ်း၊ မိုးကုတ်ဝိပဿနာဌာနချုပ်သို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် အပါတ်စဥ် စနေ၊တနင်္ဂနွေနေ့တိုင်း ပျံလွန်တော်မူသည်အထိ တရားတော်များ ဟောကြားခဲ့သည်။ ရံဖန်ရံခါဆိုလျင် ဦးမိုးဒီ၊ ဦးစိန်သောင်း စသော ပုဂ္ဂိုလ်တို့ကလည်း လာရောက်နာကြားကြသည်။ ဆရာတော်သည် မဟာဂန္ဓာရုံဆရာတော်ကြီး၏ တစ်ဘဝသာသနာ၊ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘဝသာသနာ စာအုပ်များကို ရေးသားခဲ့သည်။ နိုင်ငံတော်က ဆပ်ကပ်သော အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့ကိုလည်း ရရှိခဲ့ပါသည်။ ဆရာတော်သည် ၇.၂.၂၀၀၇ ခုတွင် ဆရာတော်ကိုယ်တိုင်ရေးသားထားသည့် "မနက်ဖြန်ဆိုတာ တစ်နေ့တာသည့် သည်ကာလနောက် ညဥ့်မှောင်ရောက်၍ နောက်နေ့နံနက် အရုဏ်တက်မှာ ဆက်ဆက်ရောက်လာ ခရီးကြာ၏။ သို့ပါသော်လည်း မသဲကွဲသည့် ရောက်မြဲဌာန နောက်ဘဝကား ခဏခရီး ရောက်ဖို့နီးသည် ကွေးပြီးသောလက် မဆန့်မီ ဆန့်ပြီးသောလက် မကွေးမီ ဝေးလှပါပြီတကား"ဆိုသည့်အတိုင်း ပျံလွန်တော်မူလေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.