ဧရာဝတီတံတား (ရတနာပုံ)
ဧရာဝတီတံတား (ရတနာပုံ) သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား တစ်ခုဖြစ်သည်။ ယခင် အင်းဝတံတားဟောင်း၏ မြောက်ဖက်တွင် တည်ရှိသည်။ ဧရာဝတီတံတား (ရတနာပုံ)ကို ဧရာဝတီတံတား၊ ရတနာပုံတံတား၊ အင်းဝတံတားသစ် ဟူ၍လည်း ခေါ်ကြသည်။ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
ဧရာဝတီတံတား (ရတနာပုံ) | |
---|---|
ကိုဩဒိနိတ် | 21°52′39″N 95°59′42″Eတမ်းပလိတ်:WikidataOI |
သယ်ဆောင်မှု | လေးလမ်းသွားကားလမ်း၊ လူသွားလမ်း |
ဖြတ်သန်းမှု | ဧရာဝတီမြစ် |
တည်နေရာ | မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး |
အမည် | ဧရာဝတီတံတား (ရတနာပုံ) |
အခြားအမည်များ | ရတနာပုံတံတား၊ ဧရာဝတီတံတား |
ပြုပြင်ထိန်းသိမ်းသူ | ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း |
အချက်အလက်များ | |
တံတားဒီဇိုင်း | Fixed arch bridge |
စုစုပေါင်းအရှည် | ၅၆၁၄ ပေ (၁၇၁၁ မီတာ) |
အကျယ် | ၄၉ ပေ (၁၅ မီတာ) ရှိကားလမ်း၊ ၆ ပေ (၂ မီတာ)စီရှိ လူသွားလမ်း |
အကျယ်ဆုံး တံတားအခန်း | ၂၂၀ ပေ (၆၇ မီတာ) |
သမိုင်းကြောင်း | |
ဖွင့်လှစ်သည့်နေ့ | ၁၁ ဧပြီ ၂၀၀၈ |
စာရင်းအင်း | |
နေ့စဉ်ယာဉ်အသုံးပြုမှု | ၂,၇၀၀ |
တည်နေရာ
ဧရာဝတီတံတား (ရတနာပုံ) သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြား၊ အင်းဝတံတား၏ မြောက်ဖက် ပေ ၂၀၀၀ ခန့်အကွာ ရေဆန်ပိုင်းတွင် တည်ရှိသည်။ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်ဆုံတွေ့သည့် နေရာနှင့် မနီးမဝေးတွင်လည်း ဖြစ်သည်။[1]
သမိုင်းကြောင်း
၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ၃၉၄၈ ပေ အရှည်ရှိ အင်းဝတံတား သည် ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာနိုင်သည်။ ယင်းအတွက် ကုန်တင်ကားများမှာ ဇက်များဖြင့်သာ သွားလာရသောကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့ရသည်။[2]
ထို့ကြောင့် တံတားသစ်တည်ဆောက်ရန်အတွက် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ တံတားဒီဇိုင်းအတွက် တင်ဒါခေါ်ယူခဲ့ရာ တရုတ်နိုင်ငံမှ CAMC Engineering ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တင်ဒါတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၉ သန်းဖြင့် သဘောတူညီခဲ့သည်။[1] ဧရာဝတီတံတား (ရတနာပုံ)အား ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။[2][3]
တံတားအချက်အလက်များ
ဧရာဝတီတံတား (ရတနာပုံ)ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ခဲ့သည်။ တံတားအရှည် စုစုပေါင်းမှာ ၅၆၁၄ ပေ (၁၇၁၁ မီတာ)ရှိပြီး ၄၉ ပေ (၁၅ မီတာ) အကျယ်ရှိ လေးလမ်းသွား ကားလမ်းနှင့် ဘေးနှစ်ဖက်တွင် ၆ ပေ (၁.၈ မီတာ) အကျယ်ရှိ လူသွားလမ်းတစ်ခုစီ ပါဝင်သည်။ တံတားခံနိုင်ရည်ဝန်အားမှာ တန် ၆၀ ဖြစ်သည်။[2] တံတားတွင် ၂၂၄ မီတာစီကျယ်သော တံတားအခုံး ၃ ခုပါရှိသည်။[1] ပင်မတံတားအရှည်မှာ ၃၆၄၉ ပေ (၁၁၂၆ မီတာ) ဖြစ်သည်။ မန္တလေးဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၁၄၀ ပေ (၃၅၀ မီတာ) ဖြစ်ပြီး စစ်ကိုင်းဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၇၇၈ ပေ (၂၄၀ မီတာ) ဖြစ်သည်။[4]
ကိုးကား
- Contract for Burma Yadanabon Project Signed။ China Camc Engineering Co.,Ltd။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2013 တွင် ပြန်စစ်ပြီး။
- Aung၊ Yan Gyi။ "Ayeyawady Bridge (Yadanabon) facilitates transportation and commodity flow" (pdf)၊ Burma Library၊ October 12, 2009၊ စာ- 8။ 20 September 2013 တွင် ပြန်စစ်ပြီး။
- Ayeyarwady Bridge (Yadanabon)။ Hsdejong။ 20 September 2013 တွင် ပြန်စစ်ပြီး။
- Ayeyawady Bridge-Yadanar Pone Bridge။ Wikimapia.org။ 21 September 2013 တွင် ပြန်စစ်ပြီး။