ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council, UNHRC) သည် နိုင်ငံအသီးသီးမှ အစိုးရများပါဝင်သည့် ကုလသမဂ္ဂ အတွင်းရှိ အဖွဲ့အစည်းဖြစ်သည်။ UNHRC သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ ဆင်းသက်လာပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဖွဲ့ခွဲတရပ်ဖြစ်သည်။ ဂျနီဗာမြို့တွင် အခြေစိုက်သည့် UNHRC ၏ အဓိကရည်မှန်းချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရန်ဖြစ်သည်။ [1] UNHRC သည် ယင်းကဲ့သို့ တင်ပြရေးမှအပ အခြား အခွင့်အာဏာများ မရှိပါ။ UNHRC မှ တင်ပြလာသည့် အချက်များကို အထွေထွေညီလာခံမှတဆင့် လုံခြုံရေးကောင်စီထံသို့ အကြံပြုရမည် ဖြစ်သည်။
လူ့အခွင့်အရေး ကောင်စီ | |
အတိုကောက် | UNHRC |
---|---|
ဖွဲ့စည်းခြင်း | ၂၀၀၆ |
အမျိုးအစား | ကုလသမဂ္ဂ အဖွဲ့အစည်း |
ဝန်ဆောင်မှုဒေသ | ကမ္ဘာတစ်ဝှမ်း |
ရုံးသုံးဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ် |
မိခင်အဖွဲ့အစည်း | ကုလသမဂ္ဂ |
ဝက်ဘ်ဆိုဒ် | UN Human Rights Council |
ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၂၀၀၆ မတ်လ ၁၅ ရက်နေ့တွင် ထောက်ခံမဲ ၁၇၀ ကန့်ကွက်မဲ ၄ မဲ ကြားနေမဲ ၃ မဲဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် (A/RES/60/251) အရ UNHRC ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကောင်စီဖွဲ့စည်းပုံ
UNHRC ၏ အဖွဲ့ဝင် ၄၇ နေရာအား ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်သည်။ ကောင်စီဝင် သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး သက်တမ်းနှစ်ဆက်ထက်ပိုကာ မည်သည့်ကောင်စီဝင်မှ ထမ်းဆောင်ခွင့်မရှိပေ။ ကောင်စီဝင် ၄၇ နေရာတွင် ဒေသအလိုက် အာဖရိကအတွက် ၁၃ နေရာ၊ အာရှအတွက် ၁၃ နေရာ၊ အရှေ့ဥရောပအတွက် ၆ နေရာ၊ လက်တင်အမေရိကနှင့် ကယ်ရေဘီယံ ဒေသအတွက် ၈ နေရာ၊ အနောက်ဥရောပနှင့် အခြားအုပ်စုများအတွက် ၇ နေရာ အသီးသီး ခွဲဝေထားသည်။
UNHRC ဖြစ်ပေါ်လာစေသည့် ဆုံးဖြတ်ချက်တွင် "ကောင်စီဝင်အဖြစ် အရွေးချယ်ခံရသည့် အဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးနှင့် တိုးမြှင့်ရေး လုပ်ငန်းများအား အမြင့်ဆုံစံချိန်ဖြင့် လုပ်ဆောင်ရမည်"ဟု ရေးသားဖော်ပြထားသည်။ အကယ်၍ အဖွဲ့ဝင်နိုင်ငံမှ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ပါက အထွေထွေညီလာခံ သုံးပုံနှစ်ပုံ၏ သဘောတူညီချက်ဖြင့် ၎င်းကောင်စီဝင်၏ လုပ်ပိုင်ခွင့်များကို ရုပ်သိမ်းနိုင်သည်။