နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၁၃-၁၈)၊ အခန်း(၂)၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ လိုတိုရှင်း သိသာလွယ်ရန်အတွက် ကောက်နုတ် တင်ပြခြင်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဥပဒေကြောင်းအရ ဒွိဟဖြစ်စရာကြုံလာပါက မူရင်း အခြေခံဥပဒေစာအုပ်ပါ ပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင် စစ်ဆေး၍ အတည်ပြုရန်သာ ဖြစ်ပါသည်။ ထို့အပြင် ဥပဒေကြောင်းအရ အဓိပ္ပါယ် ဆိုလိုရင်း လွဲမှားနေသည့်အချက်များ၊ နားလည်မှုလွဲ၊ အတွေးလွဲစေ နိုင်သည့် အချက်များ ပါရှိနေပါကလည်း ယင်း မူရင်း အခြေခံ ဥပဒေစာအုပ်ကိုသာ ကိုးကားညှိနှိုင်း အတည်ယူကြရန် နှင့် ဤဆောင်းပါးပါ အချက်အလက်များကို ပိုမိုမှန်ကန်ပြည့်စုံအောင် စီရင်တည်းဖြတ်ပေးကြရန် ဖြစ်ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံမှာ တိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများ ပါဝင်ကြောင်း ပုဒ်မ (၄၉) အရ သတ်မှတ်ထားသည်။

နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ကြောင်း ပုဒ်မ (၅၀) တွင် ပြဋ္ဌာန်းထားသည်။

အဆင့်ဆင့်စုစည်းပုံ

ပုဒ်မ (၅၁) တွင်မူ နိုင်ငံတော် ဖွဲ့စည်းပုံကို အဆင့်ဆင့် စုစည်းမှုကို သတ်မှတ်ထားသည်။ ယင်းအဆင့်ဆင့်စုစည်းပုံမျာ ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် လည်းကောင်း၊ ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် လည်းကောင်း၊ ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်လည်းကောင်း၊ မြို့နယ်များကို ခရိုင်အဖြစ် လည်းကောင်း၊ ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ် စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် လည်းကောင်း၊ တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖြစ် လည်းကောင်း၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော် အဖြစ် လည်းကောင်း စုစည်းသည် ဟု ပြဋ္ဌာန်းထားသည်။

နယ်နိမိတ်ပြင်ဆင်ခြင်း

နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ရှေးဦးစွာ လွှတ်တော်(၃)ရပ်လုံးတွင် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲ လိုအပ်မည်။ အကယ်၍ လွှတ်တော်တစ်ရပ်ရပ်၏ လိုအပ်သောထောက်ခံမဲ ထက်ဝက်ကျော် မရရှိလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံမှသာ နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပုဒ်မ (၅၂) တွင်ပြဋ္ဌာန်းထားသည်။ အလားတူ ပုဒ်မ (၅၃)တွင်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရေးအတွက် ရှေးဦးစွာ သက်ဆိုင်ရာ မြို့နယ်အတွင်း နေထိုင်ကြသောဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲလိုအပ်မည်။ အကယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်၏ လိုအပ်သောထောက်ခံမဲ လေးပုံသုံးပုံ မရရှိလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံမှသာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပုဒ်မ (၅၃) တွင်ပြဋ္ဌာန်းထားသည်။ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြောင်းလဲနိုင်ကြောင်း ပုဒ်မ (၅၄)တွင် ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

ပုဒ်မ (၅၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဖွဲ့စည်းပုံများကို ပြဋ္ဌာန်းထားသည်။

ကိုးကား

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၃-၁၈)။

ဆက်စပ်ကြည့်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.