လယ်တွင်း ဆယ့်တစ်ခရိုင်
လယ်တွင်း ဆယ့်တစ်ခရိုင် ခရစ်(၁၀၄၄−၁၀၇၇)ထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် အနော်ရထာမင်းကြီး တည်ထောင်သွားသော လယ်တွင်း ဆယ့်တစ်ခရိုန် (ခရိုင်) ဖြစ်သည်။ မြန်မာတို့၏ စပါးကျီတည်ရှိရာ ဒေသဖြစ်သော အနော်ရထာမင်းစော တည်ထောင်ပြုစုခဲ့သည့် လယ်တွင်း(၁၁)ရွာတို့သည် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိပေသည်။ မြစ်သားမြို့နယ်၏ အရှေ့ဘက်ခြမ်း၊ ကျောက်ဆည်မြို့နယ် ၏ အနောက်ဘက်ခြမ်းနှင့် စဉ့်ကိုင်မြို့နယ်တို့ ပါဝင်သည်။ တောင်ဘက်ဆုံး ပြက္ခရွေတောင်ခြေရင်းမှ မြောက်ဘက် ဒုတ္ထာဝတီခေါ်သော မြစ်ငယ်မြစ်အဆုံးတိုင်၊ အရှေ့ဘက်ရှမ်းရိုးမတောင်ခြေရင်းမှ အနောက်သို့ စမုံမြစ်အထိ ကျယ်ဝန်းသော ဒေသကြီးဖြစ်သည်။ မြောက် ၂၁ဒီဂရီ ၁၇'မှ ၂၁ဒီဂရီ၄၇' အထိ အရှေ့ ၉၆ဒီဂရီ၀၁' မှ ၉၆ဒီဂရီ၁၀' အတွင်း တည်ရှိပြီး မြေပုံအညွှန်း ၉၃ စီ/၁ - စီ/၂ - စီ/၃တို့တွင် ပါဝင်သည်။ လယ်တွင်း ဆယ့်တစ်ခရိုင်မှာ −
- ပင်လယ်၊
- ပြည်မနား(မြစ်မနား)
- မြစ်သား၊
- မြင်းခုံတိုင်၊
- ယမုံး၊
- ပနံ၊
- မက္ခရာ၊
- တပြတ်သာ၊
- သင်တောင်း၊
- တမုတ်၊
- ခံလူး တို့ဖြစ်ကြသည်။
ရှေးက လယ်တွင်း ဆယ့်တစ်ရွာဟုလည်း ခေါ်ကြပါသည်။ ထိုအချိန်က ခရိုန်ဟူ၍၎င်း၊ ရွာဟူ၍၎င်း ခေါ်ကြပါသည်။ ဤသည်ကို ထောက်၍ ရွာနှင့် ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။ ယခုခေတ်အခါကြမှာ ရွာက အဆင့်နိမ့်သွားခြင်း ဖြစ်သည်။[1]
လယ်တွင်းကိုးခရိုင်
ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ဆည်ခရိုင် တစ်ခုလုံးကို ကိုးခရိုင် ဖွဲ့စည်းတော်မူ၍ ကိုးခရိုင် ခေါ်တွင်စေခဲ့သည်။ [2]
ယခုအခါ ကျောက်ဆည်ခရိုင်ကို လယ်တွင်းကိုးခရိုင်ဟု ခေါ်ကြသည်။ ကျောက်ဆည်ခရိုင်ကို ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ်တို့နှင့် ဖွဲ့စည်းထားသည်။
ကိုးကား
- မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ
- စွယ်စုံကျမ်းအတွဲ(၉) စာ ၄၄၀