ပြက္ခရွေတောင်

ပြက္ခရွေတောင်သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်ကူမဲမြို့အနီး၊ ရန်ကုန်−မန္တ​​လေး ကားလမ်း၊ (၂၁)မိုင်ဂိတ်မှ (၉)မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၎င်း(၂၁)မိုင်ဂိတ်မှ လမ်းခွဲပြီး ကင်းတားလမ်းမကြီးအတိုင်း အရှေ့တောင်ဘက် ယွန်းယွန်းရှိ ကင်းတားတူးမြောင်း၊ လက်ဝဲတူးမြောင်း၊ ခဝဲဖြူချောင်းတံတားအထိ သွားရသည်။ ထို့နောက် သဲဖြူချောင်းတံတားကို ကျော်၍ လက်ယာဘက်ချိုးကာ ကင်းတားလက်ဝဲ တူးမြောင်းမကြီး အတိုင်းစုန်ဆင်းပြီး ကော်ဖီခြံတံတားထိပ်ထိ ဆက်လက်သွားရသည်။ ၎င်းမှ လက်ဝဲဘက်သို့ ချိုးကာ တောင်ကြီးလမ်းအတိုင်း ပြက္ခရွေတောင်ခြေသို့ သွားရသည်။ တောင်ခြေတွင် ကားရပ်နားစခန်းရှိသည်။

ခေါ်တွင်ပုံ

ပြက္ခရွေတောင်ဟူသော အမည်ကား တောင်တစ်လုံးတည်း၏ အမည်မဟုတ်ပေ။ ပြက်တောင်နှင့် ခရွေတောင် တောင်နှစ်လုံးအမည်ကို ပေါင်း၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဒေသအခေါ်အဝေါ်အရ အရှေ့တောင်ကြီး၊ အနောက်တောင်ကြီးဟု ခေါ်ကြသည်။ ပြက္ခရွေ အရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟူ၍လည်း ခေါ်ကြသည်။ ပြက်တောင်ခေါ် ပြက္ခရွေအနောက်တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၃၇၃၃)ပေ မြင့်ပြီး၊ ခရွေတောင် ခေါ် ပြက္ခရွေအရှေ့တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၃၅၅၉)ပေ မြင့်သည်။ တောင်​ခြေအနီးတွင် မြသုခရွာရှိသည်။

အလယ်ဗဟိုချက်

တောင်ပေါ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မဟု သတ်မှတ်ထားသော အုတ်ပန္နက် မှတ်တိုင်ရှိသည်။ GPS ဖြင့် တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁°၁၂.၆၉၅ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆°၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။

ထင်ရှားသော နေရာများ

စွယ်တော်စေတီ

ပြက္ခရွေ အနောက်တောင်ပေါ်တွင် အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ငါးဆူမြောက် စွယ်တော်စေတီ တည်ရှိသည်။ စေတီတော်သို့ ခြေလျင်တက်ရပြီး (၃)မိုင်ခန့်ဝေးကာ (၃)နာရီခန့် တက်ရသည်။ တောင်ပေါ်သို့တက်ရာတွင် တောင်ခြေရှိ မြသုခရွာမှ အထမ်းသမားများက ကူညီပေးလျက်ရှိသည်။

မောနားကျောင်းတိုက်

ပြက္ခရွေတောင်ခြေမှ (၄)ဖာလုံခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၀၅၈)ပေ အမြင့်တွင် ဆုတောင်းပြည့် မောနားကျောင်းတိုက် တည်ရှိသည်။ တစ်နာရီခန့် တက်ရပြီး ဆင်ဖြူတော် မော၍ နားသောနေရာဖြစ်သည်ဟု ရှေးလူကြီးတို့ ဆိုရိုးစကား ရှိသည်။ ၎င်းကျောင်းတိုက်မှ ပြက္ခရွေ အရှေ့တောင်နှင့် ပြက္ခရွေအနောက်တောင်တို့၏ အလယ် တောင်ခုလပ်လွင်ပြင်ပေါ်တွင် တည်ရှိသည်။ ထိုကျောင်းတိုက်တွင် ဝင်ရောက်နားနေပြီးမှ တဆင့် စွယ်တော်ရှင်စေတီတော်သို့ သွားရောက်ဖူးမျှော်နိုင်သည်။

ဗောင်းတော်ကျ

တောင်တက်လမ်းတွင် ဗောင်းတော်ကျဘုရားကို ဖူးတွေ့နိုင်သည်။ စွယ်တော်ဆောင်ယူသော ဆင်ဖြူတော်သည် တောင်ထိပ်ပေါ်သို့ တက်နေသည်ကို အနော်ရထာမင်းကြီး မော့အကြည့်၌ ဗောင်းတော်ပြုတ်ကျသောကြောင့် ဗောင်းတော်ကျစေတီကို တည်သည်ဟု ဆိုသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.