လောင်စာ

လှုပ်ရှားသွားလာမှုအတွက် စွမ်းအင်ရရှိစေရန် လူတို့သည် အစားအစာကို အမြဲတမ်းစားသောက်၍ ဖြည့်တင်းပေးနေကြရသည်။ အစာ၌ပါရှိသော ကာဗိုဟိုက်ဒြိတ်ဓာတ်သည် အသက်ရှူရာတွင် အဆုတ်တွင်းသို့ဝင်လာသော အောက်ဆီဂျင်ဓာတ်ငွေ့၏ အကူအညီဖြင့် လောင်ကျွမ်း၍ အပူစွမ်းအင်ကိုဖြစ်ပေါ်စေသည်။ ထိုအပူစွမ်းအင်ကို ကျွန်ုပ်တို့၏ ကြွက်သားများနှင့် နာဗ်ကြောများက ရရှိ၍ လှုပ်ရှားထကြွခြင်းဖြစ်ပေါ်သည်။ ထို့အတူ စက်ကြီးများ၊ မီးဖိုကြီးများစသည်တို့တွင် အပူစွမ်းအင်ကို လောင်စာများဖြင့် ဖြည့်တင်းပေးကြရလေသည်။ လောင်စာများတွင် ကာဗွန်အောက်ဆီဂျင်ဟိုက်ဒရိုဂျင်ဓာတ်များ အဓိက ပါဝင်ကြ၍ နိုက်ထရိုဂျင်နှင့် ဆားလဖာ(ကန့်)တို့လည်း အနည်းအကျဉ်း ပါဝင်ကြသည်။ တခါတရံ ဖော့(စ်ဖ်)ရပ်စ် (မီးစုန်းဓာတ်)၊ အောက်ဆီဂျင် နှင့် ပူးပေါင်းကာ အောက်ဆိုဒ်ဖြစ်လွယ်သည့် မဂ္ဂနီစီယမ်အလူမီနီယမ်တို့ကဲ့သို့သော ဒြပ်စင်များကိုလည်း လောင်စာအဖြစ် အသုံးပြုကြသည်။ လောင်စာများ လောင်ကျွမ်းသောအခါ လောင်စာထဲ၌ပါရှိသော ကာဗွန်ဓာတ်သည် အောက်ဆိုဒ်အဖြစ်ပြောင်းလဲ၍ အပူကိုဖြစ်ပေါ်စေသည်။

ထင်းသည် လူသားများ အဓိကထားသုံးစွဲခဲ့ရသည့် ပင်မလောင်စာဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ၏အတော်များများ၍ အားထားနေရဆဲဖြစ်သည်။ [1]

လောင်စာကို ရှေးပဝေဏီ ကာလကပင် အသုံးပြုခဲ့ကြ၏။ လူတို့သည် မီးကို အစားအစာများ ချက်ပြုတ်ရန်အတွက်လည်းကောင်း၊ အေးသည့်ရာသီဥတုဒဏ်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ သားရဲတိရစ္ဆာန်တို့အား ခြောက်လှန့်ရန်အတွက်လည်းကောင်း စတင်အသုံးပြုခဲ့ကြဟန် တူသည်။ ထို့နောက် တဖြည်းဖြည်းနှင့် အပူဓာတ်ကို လက်နက်များလုပ်ဆောင်သောလုပ်ငန်းများအတွက် အသုံးချလာနိုင်ကြလေသည်။ အပူဓာတ်ကို အသုံးချပေးမှုနယ်လည်း ကျယ်သည်ထက် ကျယ်လာသည့် အလျောက် အပူဓာတ်ကို ပိုမိုအင်အားကြီးမားစွာရရှိနိုင်ပြီး အသုံးပြုရာ၌ ပိုမိုလွယ်ကူ၍ သက်သာစေသည့် အသားဆီများ၊ သစ်သားများနှင့် မီးသွေးစသည့် အခြားလောင်စာများကိုလည်း ရှာဖွေတွေ့ရှိလာကြလေသည်။ ထိုအချိန်မှာ ကြာမြင့်လှပြီဖြစ်၍ မည်သည့်အချိန်မှ စတင်ခဲ့သည်ကိုကား မခန့်မှန်းနိုင်ချေ။ ကျောက်မီးသွေးကိုမူ သမိုင်းအရ ဘီစီ ၃ဝဝ ခန့်တွင် ဂရိပန်းပဲဆရာများက စတင်အသုံးပြုခဲ့ကြသည်ကို တွေ့ရပေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ဓာတ်ဆီ၊ ရေနံဆီ စသည်တို့နှင့် ဓာတ်ငွေ့အမျိုးမျိုးတို့ကို တွေ့ရှိလာကြလေသည်။

လောင်စာကို အခဲ၊ အရည်၊ အငွေ့ဟူ၍ သုံးမျိုးခွဲခြားပြနိုင်သည်။ လောင်စာခဲတွင် သဘာဝမှဖြစ်သော လောင်စာနှင့် ပြုလုပ်စီမံယူသောလောင်စာဟူ၍ နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။ ကျောက်မီးသွေး၊ ထင်း၊ သစ်ဆွေးမီးသွေး စသည်တို့သည် ပထမအမျိုး၌ပါဝင်၍ ကုတ်ခေါ် မီးဖုတ်ပြီး ကျောက်မီးသွေးနှင့် မီးသွေးတို့မှာ ဒုတိယအမျိုးတွင် ပါဝင်သည်။ ကျောက်မီးသွေးနှင့် ထင်းတို့ကို လေလုံသော အသုံးအဆောင်ထဲ၌ မီးတိုက်ပေးလျှင် မီးဖုတ်ပြီးကျောက်မီးသွေးနှင့် မီးသွေးတို့ကိုရရှိသည်။ ထို့ပြင် ဓာတ်ငွေ့နှင့် ကတ္တရာတို့ကိုလည်း ရရှိသေးသည်။

ကျောက်မီးသွေးသည် အရေးအကြီးဆုံး လောင်စာဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးမှပေးသော စွမ်းအင်စုစုပေါင်း၏ လေးပုံသုံးပုံမှာ ကျောက်မီးသွေးမှ ရသည်။ သစ်သားလောင်စာမှာ မီးခိုးအထွက်များပြီးလျှင် အလဟဿ အပူစွမ်းအင်ကို ဖြုန်းတီးသောကြောင့် ယခုအခါ၌ များစွာအသုံးမပြုတော့ချေ။ သစ်ဆွေးမီးသွေးသည် မီးအလောင်နှေး၍ အပူစွမ်းအင် အနည်းငယ်ကိုသာ ပေးနိုင်သည်။ မီသွေးသည် ရှေးခေတ်များက သတ္တုလုပ်ငန်း၌ အရေးပါသည့် လောင်စာဖြစ်ခဲ့သော်လည်း ယခုအခါမူ ထိုထက်သာလွန်ကောင်းမွန်သော မီးဖုတ်ထားသောကျောက်မီးသွေးကို အသုံးပြုနေကြလေပြီ။ အခြားလောင်စာအခဲများမှာ ဖယောင်းတိုင်များအဖြစ် အသုံးပြုနိုင်သော ပါရဖင်ဖယောင်းနှင့် တဲလိုးအမဲဆီတို့ ဖြစ်ကြသည်။ လောင်စာအခဲများကို စက်ရုံလုပ်ငန်းတွင်သာမက အိမ်တွင်းလုပ်ငန်းများတွင်လည်း အသုံးပြုကြသည်။

လောင်စာအရည်ကို ရှေးကတည်းကပင် တွေ့ရှိအသုံးပြုခဲ့ကြသော်လည်း ခေတ်မီလောင်စာအရည် ထုတ်လုပ်ရေးလုပ်ငန်းကို ၁၉ ရာစုနှစ် အလယ်ပိုင်းလောက်ကမှ စတင်နိုင်ခဲ့လေသည်။ အဓိကလောင်စာအရည်မှာ ရေနံစိမ်းဖြစ်သည်။ ရေနံစိမ်းမှတဆင့် ဓာတ်ဆီ၊ ရေနံဆီ၊ ပါရဖင်ဆီ၊ ထင်းဆီစသောအခြား လောင်စာအရည်များကို အဆင့်ဆင့်ပေါင်းခံခြင်းဖြင့် ခွဲထုတ်ယူကြရလေသည်။ ထိုလောင်စာများသည် အရည်ဖြစ်သည့်အလျောက် သိုမှီးခြင်း၊ သယ်ယူခြင်းတို့၌ လွယ်ကူသက်သာသည့်ပြင် ကျောက်မီးသွေးထက် နှစ်ဆမျှပို၍စွမ်းအင်ကို ဖြစ်စေနိုင်သဖြင့် ယခုအခါတွင် မီးသင်္ဘောများ၊ မီးရထားများ၌ ကျောက်မီးသွေးအစား လောင်စာရည်ဖြင့် မောင်းနှင်သောစက်များကိုအသုံးပြုလာကြပြီဖြစ်သည်။ လောင်စာအရည်သည် အင်ဂျင် (internal combustion engine) စက်များစတင် ပေါ်ပေါက်လာသောအခါတွင် အရေးအကြီးဆုံး လောင်စာအဖြစ် ထိပ်တန်းသို့ရောက်လာခဲ့ပေသည်။ ဒီဇယ်အင်ဂျင်စက်များကို ဈေးပေါသောရေနံချေးနှင့် မောင်းနှင်နိုင်ပေသည်။ အသားဆီနှင့် အသီးအရွက်ဆီတို့မှာ ရှေးကမီးထွန်းညှိရန် အတွက် အထူးအသုံးဝင်ခဲ့သော်လည်း ယခုအခါ၌ ပပျောက်သလောက် ဖြစ်၏။

အရက်ပျံကို ပေါများစွာ ချက်လုပ်နိုင်သော်လည်း အရက်အဖြစ် အခွန်များကြီးလေးစွာ စည်းကြပ်ခြင်း၊ ကန့်သတ်ခြင်း ခံရသောကြောင့် ဈေးပေါပေါနှင့် ဝယ်ယူအသုံးမချနိုင်ဘဲ အချို့ဓာတ်မီးဆွဲအိမ်များ၌ မီးထွန်းညှိပေးရန်အတွက်သာ အနည်းငယ်အသုံးပြုကြသော်လည်း လောင်စာအရည်ကို ရေနံစိမ်းမှသာမက အခြားအရာဝတ္ထုများမှလည်း ဓာတုဗေဒနည်းဖြင့် ချက်လုပ်နိုင်ပေသည်။ ရေနံမထွက်သော ဒေသတို့၌ စစ်အတွင်းခရီးလမ်းပြတ်နေသည့်အခါတွင် လောင်စာအရည်ကို ဓာတုဗေဒနည်းဖြင့် ထုတ်ယူအသုံးပြုခဲ့ကြလေသည်။

လောင်စာအငွေ့များကို အသုံးပြုခဲ့ကြသည်မှာ အနှစ် ၁ဝဝ ကျော် ခန့်မျှသာရှိသေးသည်။ လောင်စာအငွေ့တို့ကို အုပ်စုခုနှစ်စု ခွဲနိုင်သည်။ ပထမအစုတွင် သဘာဝဓာတ်ငွေ့၊ ကာဗွန်ဓာတ်ဝတ္ထုတို့အား အဆင့်ဆင့်ပေါင်းခံခြင်းဖြင့် ခွဲထုတ်ယူရသော ကျောက်မီးသွေးဓာတ်ငွေ့ ကာဗွန်ဓာတ်ဝတ္ထုတို့ကို တစ်စိတ်တစ်ဒေသမျှ လောင်ကျွမ်းစေရာမှ ရရှိသော ဓာတ်ငွေ့၊ နီရဲနေသော ကာဗွန်ဓာတ်ဝတ္ထုပေါ်တွင် ရေနွေးငွေ့လွှတ်ပေး၍ ရရှိသောဓာတ်ငွေ့များပါဝင်သည်။ တတိယအစုတွင် ရေဓာတ်ငွေ့၊ ပရိုဂျူဆာဓာတ်ငွေ့၊ လေမှုတ်ဖိုမှဓာတ်ငွေ့ စသည်တို့ပါဝင်သည်။

သဘာဝဓာတ်ငွေ့ကို ကျောက်မီးသွေး သို့မဟုတ် ရေနံနှင့်ယှဉ်တွဲ၍ အပေါ်မှပိတ်ဖုံးလျက်ရှိသော ကျောက်တုံးအပေါက်များထဲ၌တွေ့ရသည်။ ကျောက်မီးသွေးဓာတ်ငွေ့ကို ကျောက်မီးသွေးမှ ထုတ်ယူရသည်။ ထိုဓာတ်ငွေ့နှစ်ခုစလုံးမှာ အရေးအကြီးဆုံး ဓာတ်ငွေ့များဖြစ်ကြ၍ ကျောက်မီးသွေးဓာတ်ငွေ့မှာ သဘာဝဓာတ်ငွေ့ထက် ကြီးမားသောအပူအားကို ပေးစွမ်းနိုင်ပေသည်။

အခြားလောင်စာများထက် လောင်စာအငွေ့တို့က သာလွန်သောအချက်များမှာ ဖြန့်ချိထုတ်ဝေရန်လွယ်ကူခြင်း၊ အပူအား ကြီးမားစွာပေးနိုင်ခြင်း၊ မီးခိုးပြာမထွက်ခြင်း စသည်တို့ဖြစ်လေသည်။ လောင်စာသည် စက်ရုံလုပ်ငန်းများ၌ လွန်စွာအရေးကြီးသော အသက်သွေးခဲတစ်ခု ဖြစ်သည့်အလျောက် လောင်စာနှင့် စပ်လျဉ်း၍ဖြစ်ပေါ်သော ကြီးကျယ်သည့်အကြောင်းအရာများကို နိုင်ငံသမိုင်းများ၌ တွေ့ရှိရလေသည်။ ယခုအခါ၌ အများသူငှာသုံးစွဲလျှက်ရှိသော ပစ္စည်းများ၌ လောင်စာလွတ်ကင်းပြီး ထုတ်လုပ်နိုင်သည့် ပစ္စည်းများမရှိသလောက် ရှားပါးလှပေသည်။[2]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Schobert၊ Harold (2013)။ Chemistry of Fossil Fuels and Biofuels (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ ISBN 978-0521114004
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.