သစ်ကုလားအုပ်

သစ်ကုလားအုပ်သည် အာဖရိကတွင် ပေါက်ဖွားသော နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ကုန်းနေသတ္တဝါများတွင် အရပ်အရှည်ဆုံး ဖြစ်ပြီး စားမြှုံ့ပြန်တတ်သော သတ္တဝါများတွင် အကြီးဆုံးဖြစ်သည်။ သိပ္ပံနည်းအားဖြင့် camelopard ဟုခေါ်ပြီး camel မှာ ကုလားအုပ်နှင့် မျက်နှာခြင်း ဆင်သောကြောင့် ဖြစ်ပြီး lopard မှာ ကျားသစ်ကဲ့သို့သော အကွက်များ ရှိသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီးသော သစ်ကုလားအုပ် အထီး တစ်ကောင်၏ ပျမ်းမျှ အရွယ်အစားမှာ ၁,၂၀၀ ကီလိုဂရမ် (၂၆၀၀ ပေါင်) ခန့် ရှိပြီး သစ်ကုလားအုပ် အမ တစ်ကောင်၏ ပျမ်းမျှ အရွယ်အစားမှာ ၈၃၀ ကီလိုဂရမ် (၁၈၀၀ ပေါင်) ခန့်မျှ ရှိသည်။ ပုံမှန်အားဖြင့် ၁၄ ပေမှ ၁၇ ပေ အထိ အမြင့် ရှိသည်။ အရပ်အရှည်ဆုံး သစ်ကုလားအုပ်မှာ ပေ၂၀ ကျော်ခန့်မျှ မြင့်သည်ဟု မှတ်တမ်း ရှိသည်။

Giraffe[1]
A giraffe in Mikumi National Park, Tanzania
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[2]
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
မျိုးစဉ်:
Artiodactyla
မျိုးရင်း:
Giraffidae
မျိုးစု:
Giraffa
မျိုးစိတ်:
G. camelopardalis
ဒွိနာမ
Giraffa camelopardalis
(Linnaeus, 1758)
Range map (Rothschild Giraffe, not marked on this map, is found in Uganda and west-central Kenya)

သက်ရှိ နို့တိုက်သတ္တဝါများ ထဲတွင် သစ်ကုလားအုတ်သည် အမြင့်ဆုံးဖြစ်၍ မြေကြီးမှ ဦးခေါင်းအထိ ၁၆ ပေမှ ၁၈ ပေကျော်အထိ မြင့်သည်။ ဤမျှလောက် မြင့်ခြင်းမှာ ကိုယ်လုံး ကိုယ်ထည် ကြီးမားသောကြောင့်မဟုတ်ဘဲ ယင်း၏ အလွန်အမင်း ရှည်လျားသေးသွယ်သော ခြေ ထောက်များနှင့် အလွန့်အလွန် ရှည်လျားသေးသွယ်သော လည်တံတို့ကြောင့် ဖြစ်သည်။ သစ်ကုလားအပ်၏ ကိုယ်ထည်မှာ မြင်း၏ ကိုယ်ထည်လောက်သာ ရှိသည်။ သို့သော်လည်း ခြေလက် ရှည်လျားလွန်းသောကြောင့် ရေသောက်သောအခါ၌ဖြစ်စေ၊ အပင်ငယ်ကလေးများကို စားသည့်အခါ၌ဖြစ်စေ ရှေ့လက်နှစ် ဖက်ကို ခပ်ကျဲကျဲ ကားထားပြီးမှသာ စားသောက်နိုင်သည်။ သစ်ကုလားအုတ်ဟူသော အမည်ဖြင့် ခေါ်ရခြင်းမှာ ထိုသတ္တဝါသည် ပုံပန်းသဏ္ဌာန် အားဖြင့် ကုလားအုတ်နှင့် ခပ်ဆင်ဆင်တူပြီးလျှင် အရောင်အဆင်းမှာ ကျားသစ်ကဲ့သို့ အပြောက်အပြောက်များရှိ သောကြောင့် သစ်ကုလားအုတ်ဟု ခေါ်ဝေါ်လာကြသည်။ သစ်ကုလားအုတ်သည် ဂျီရပ်ဖီရီးမျိုးရင်း တွင် ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ဂျီရပ်ဖာ ကယ်မယ်လိုပါဒါလစ်ဟု ခေါ်သည်။

သစ်ကုလားအုတ်၏ မူလနေထိုင်ရာဒေသမှာ အိန္ဒိယသမုဒ္ဒရာမှသည် အတ္တလန္တိတ်သမုဒ္ဒရာအထိ ကျယ်ပြန့်သော အာဖရိကတိုက် တစ်တိုက်လုံးဖြစ်သော်လည်း ယခုအခါ၌မူ ဆဟားယားသဲကန္တာရနှင့် ဇမ်ဗီဇီမြစ်အကြားရှိ အာဖရိကတိုက်အရှေ့ပိုင်းနှင့် အလယ်ပိုင်း လွင်ပြင်များ၌သာ တွေ့ရ တော့သည်။သစ်ကုလားအုတ်သည် မြက်ပင်များ အလွန်ရှားပါးသော အဆိုပါခြောက်သွေ့သော ဒေသများ ၌ ပေါက်ဖွားသဖြင့် ယင်းတို့၏အစာမှာ သစ်ရွက်များသာ ဖြစ်ချေသည်။ သို့သော် ထိုဒေသများတွင် ပေါက်ရောက်သော သစ်ပင်များ၏ အကိုင်းများမှာ မြေကြီးမှ အလွန်မြင့်သော နေရာများ၌သာ ရှိကြ သည်။ ထိုအကိုင်းများမှ အညွန့်အတက် အရွက်များကို မှီအောင်စားနိုင်ရန် သစ်ကုလားအုတ်တွင် အဆမတန် ရှည်လျားသော လည်တံနှင့် ခြေထောက်များ ရှိရခြင်း ဖြစ်ပေသည်။ ထိုအညွန့် အတက် အရွက်များကို မိမိရရ ကိုက်ဖဲ့နိုင်ရန် အတွက်လည်း အပေါ်နှုတ်ခမ်းမှာ ရှည်ထွက်လျှက် ရှိပြီးလျှင် လျှာမှာလည်း တစ်တောင်ခန့် ရှည်လျားသည်။ ဤသည်တို့ကား သဘာဝ၏ ပြုပြင်မှုပင်တည်း။ သစ်ကုလားအုတ်၏ လည်တံမှာ အလွန်ရှည်လျားသော်လည်း လည်ချောင်းရိုးအဆက်မှာ အခြား တိရစ္ဆာန်များကဲ့သို့ ခုနစ်ဆက်သာ ရှိသည်။ပုံစံအားဖြင့် ရေမြင်းသည် အလွန်တုတ်ခိုင်သော သတ္တဝါ ဖြစ်၍ လည်ပင်းမှာ အလွန်တိုသော်လည်း အရိုးဆက် ခုနစ်ဆက်ပင် ရှိသည်။ ဤသို့ လည်တံရှည်သလောက် အရိုးဆက် မများသောကြောင့်လည်း သစ်ကုလားအုတ်သည် လည်တံကို ငန်းများကဲ့သို့ ပျော့ ပျော့ပျောင်းပျောင်း လှည့်ပတ်ချင်သလို မလှည့်ပတ်နိုင်ဘဲ တောင့်တောင့်ခိုင်ခိုင်နှင့်သာ ရှိနေလေသည်။ သစ်ကုလားအုတ်သည် ထနောင်းပင်မျိုး၊ နန်းလုံးကြိုင်ပင်မျိုးကဲ့သို့ ဆူးရှိသောအပင်များမှ အရွက်များ ကို လိုက်လံ စားသောက်လေ့ရှိ၏။ ထိုအရွက်များကို လှမ်းစားနေသည့် အခါမျိုး၌ ယင်း၏ လည်တံရှည်ကြီးသည် သစ်ကိုင်းကဲ့သို့၎င်း၊ အဝါနှင့် အညိုပြောက်များရှိသည့် ယင်း၏ကိုယ်လုံးမှာ သစ်ပင်အုပ်များပေါ်သို့ နေပြောက်ထိုးနေဘိသကဲ့သို့ တစ်ကိုယ်လုံးမှာ သစ်ပင်နှင့် ရုတ်တရက် ခွဲမရ အောင်ရှိနေသဖြင့် ရန်သူများ မြင်နိုင်ရန် ခဲယဉ်းလေသည်။ယင်းသို့ သစ်ရွက်များကို အေးအေးသာသာ လှမ်း၍စားနေစဉ် သစ်ကုလားအုတ်၏ ဦးခေါင်းသည် ရန်သူကိုစောင့်ကြည့်နိုင်ရန် မျှော်စင်သဖွယ် ရှိနေလေသည်။ ထို့ကြောင့်လည်း ရန်သူ၏အရိပ်အရောင်ကို ရိပ်ခနဲမြင်လိုက်လျှင် ဖြစ်စေ၊ ရန်သူ၏ အသံကို ချွတ်ခနဲ ကြားလိုက်လျှင်ဖြစ်စေ ခြေကုန်သုတ်၍ ပြေးတတ်လေသည်။ သစ်ကုလားအုတ် မျိုးစိတ်တစ်ခုတွင် အထီးရော အမတွင်ပါ ဦးချိုများရှိတတ်သော်လည်း များ သောအားဖြင့် အထီးများ၌သာ ဦးချိုများ ရှိကြသည်။ ဦးချိုဟု ဆိုရသော်လည်း ကျွဲ နွား ဦးချို တို့ကဲ့သို့ အလွန်မာကြော သည်မဟုတ်ဘဲ ချိုစောင်း၌ ဦးချိုကဲ့သို့ ချွန်ထွက်နေသည့် ဦးချိုယောင်ယောင် မျှသာဖြစ်၍ အရေပြားဖြင့်လည်း ဖုံးအုပ်လျှက်ရှိပြီးလျှင် ထိပ်တွင် အမွှေးကြမ်းများအစုလိုက် ဖုံးလျှက်ရှိသည်။ ထိုဦးချိုယောင်ယောင် နှစ်ခုကြားရှေ့တွင် လည်း အောက်ခံအရိုးသည် ကုန်းတန်းကလေးသဖွယ် အလယ်တွင် ခပ်ခုံးခုံး ရှိနေသောကြောင့် ယင်းကိုလည်း တတိယဦးချိုဟု ခေါ်လိုက ခေါ်နိုင်သေးသည်။ သစ်ကုလားအုတ်၏ ဦးခေါင်းနေပုံမှာ သမင် ဒရယ်တို့၏ ဦးခေါင်းပုံသဏ္ဌာန်ကဲ့သို့ ရှိပြီးလျှင် မျက်လုံးများမှာလည်းသမင် ဒရယ်မျက်လုံးများနှင့် များစွာတူလေသည်။ သစ်ကုလားအုတ်၏ ခြေလက်များတွင် ခွာများရှိ၍ အလယ်၌ နှစ်ခြမ်းကွဲလျှက် ရှိသည်။ ထို့ပြင် နွားသိုးဆိတ်သမင်ဒရယ် တို့ကဲ့သို့ စမြုံ့ပြန်တတ်သော တိရစ္ဆာန်မျိုးလည်း ဖြစ်သည်။ သစ်ကုလားအုတ်၏ သွားလာ ရွေ့ရှားမှုဟန်သည် ကိုယ်ထည်တည်ဆောက်ထားပုံကဲ့သို့ ထူးဆန်းပေသည်။ ယင်းသည် ဖြေးဖြေးသက်သာ ပြေး၍မရဘဲ လျှင်မြန်သောနှုန်းဖြင့် ကဆုန်ပေါက်၍ ပြေးတတ်သည်။ အကယ်၍ မပြေးဘဲ လမ်းလျှောက်သွားပါက လည်တိုင်ကိုမော့ကာ ဣန္ဒြေရရနှင့် ဖြေးဖြေးသက်သာ လျှောက်လေ့ရှိသည်။ သစ်ကုလားအုတ်၏အသားသည် အလွန်ကောင်း၍ လူများဈေးကြီးပေး ဝယ်ကြသည်။ အရေခွံကိုကား သားရေအဖြစ်ဖြင့် အသုံးပြုကြသည်။

သစ်ကုလားအပ်၏အသံကို ကြားရခဲသောကြောင့် အသံမထွက်ဟု ထင်မြင်ယူဆကြသော်လည်း တစ်ခါတစ်ရံ မိခင်သစ်ကုလားအုတ်မက သားငယ်ကိုခေါ်သည့် တိုးတိုးအော်သံကို ကြားရဖူးသည်ဟုဆို သည်။ အသံမထွက်ဟု ဆိုရသလောက် အကြားအမြင်နှင့် အနံ့ဘက်တွင်ကား ထူးထူးခြားခြားကောင်း ပေသည်။ ပကတိအားဖြင့် သစ်ကုလားအုတ်သည် သဘောကောင်း၍ ငြိမ်သက်အေးချမ်းသော တိရစ္ဆာန် ဖြစ်ပြီးလျှင် မိမိကိုယ်ကိုမိမိ ခုခံကာကွယ်သည်မှအပ ရန်မမူတတ်ချေ။ သို့သော်အသက်ဘေးနှင့် အရေးကြုံလာသည့် အခါတွင်ကား သစ်ကုလားအုတ်မသည် သားငယ်များအတွက် ခြင်္သေ့ကိုပင် မိမိ၏ သန်မာသော နောက်ခြေများဖြင့် ကန်ကျောက်၍ သတ်နိုင်လေသည်။[3]

ကိုးကား

  1. Wilson၊ D.E.; Reeder၊ D.M., eds. (2005)။ Mammal Species of the World: A Taxonomic and Geographic Reference (3rd ed.)။ Johns Hopkins University Press။ pp. 136–138။ ISBN 978-0-8018-8221-0OCLC 62265494CS1 maint: ref=harv (link)
  2. Fennessy, J.; Brown, D. (2008). Giraffa camelopardalis. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 13 March 2009.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.