သမီးလှကျွန်း

မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပုသိမ်မြစ်ဝ၏ တောင်ဘက်တွင် ကျွန်းကလေးများအတော်အသင့်ရှိရာ နဂရသာဂီကျွန်း (ခေါ်)ဟိုင်းကြီးကျွန်းနှင့် ဒိုင်းမွန်းကျွန်း(ခေါ်)သမီးလှကျွန်းတို့သည် ထင်ရှားသောကျွန်းများ ဖြစ်ကြသည်။ သမီးလှကျွန်းကို လိပ်ကျွန်းဟုလည်း ခေါ်ကြသည်။ သမီးလှကျွန်းသည် ဟိုင်းကြီးကျွန်းမှ ၁၂-မိုင် ကွာဝေးသည်။ ပုသိမ်မြို့နှင့် မိုင် ၈၀ ကွာဝေးသည်။

သမီးလှကျွန်း၏ ပုံသဏ္ဌာန်သည် မှန်ကူကွက် ပုံသဏ္ဌာန်ရှိသဖြင့် အနောက်နိုင်ငံသားတို့ကဒိုင်းမွန်းကျွန်း သို့မဟုတ် စိန်ကျွန်းဟု အမည်ပေးခဲ့ကြသည်။ ကျွန်း၏အတိအကျ တည်နေရာမှ မြောက်ဘက်လတ္တီတွဒ် ၁၅ံ ၅၁ ၃ဝနှင့်အရှေ့ဘက်လောင်ဂျီတွဒ် ၉၄ ၁၈ ၄၅ တွင်ဖြစ်သည်။ ဟိုင်းကြီးကျွန်းမှတောင်ဘက် ၈ မိုင် အကွာတွင် တည်ရှိသည်။ သမီးလှကျွန်း၏တောင်ဘက်စူးစူးတွင် မီးပြတိုက်တည်ထား သောအယ်ဂူအာဒါကျောက်တန်းတည်ရှိရာ ပုသိမ်ကမ်းခြေနှင့် ထိုအယ်ဂူအာဒါမီးပြတိုက် (ယခုပုသိမ်မီးပြတိုက်)၊ အကြားတွင် သမီးလှကျွန်းကဗဟိုကဲ့သို့ တည်ရှိနေလေသည်။ သမီးလှကျွန်းတွင်လည်း မီးပြတိုက်ရှိသည်။

သမီးလှကျွန်းသည် စတုရန်းတစ်မိုင်ခန့်ကျယ်ဝန်း၍ အစဉ်စိမ်းလန်းစိုပြည်သော သစ်ပင်ချုံနွယ်တို့ဖြင့်ပိတ်ဖုံးလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက ဤကျွန်းပေါ်၌ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးဌာနငယ်တစ်ခု ဖွင့်လှစ် ထားရှိသည်။ မြန်မာပြည်မကြီးမှကပ္ပလီကျွန်းသို့ ဆက်သွယ်ပြောကြား လိုသည့်အခါ ထိုကြိုးမဲ့ကြေးနန်းရုံမှတစ် ဆင့်ပြောရလေသည်။ ပုသိမ်မြို့နှင့်လည်းကြေးနန်းအဆက်အသွယ်ရှိလေသည်။ ဤကျွန်း၌ အုန်းပင်အနည်းငယ်သာ ပေါက်ရောက်သည်။

ကျွန်းပတ်လည်၌ လိပ်များဥလေ့ရှိသဖြင့် လိပ်ဥများ ထွက်သောကြောင့် သမီးလှကျွန်းကို လိပ်ကျွန်းဟုလည်း ခေါ်ကြခြင်းဖြစ်သည်။ မြန်မာလှေသမားများက သမီးလှ ကျွန်း၌ နတ်ကြီးသည်ဟုယုံကြည်ကြသည်။ ထို့ကြောင့်ယင်းကျွန်းအနီးသို့ ရောက်ရှိသည့်အခါ ရုန့်ရင်းကြမ်းတမ်း သောစကားများကို မပြောဝံ့ကြချေ။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.