အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများ

အင်္ဂါဂြိုဟ်ဂြိုဟ်ရံလ ၂ စင်းရှိပြီး ဖိုဘော့စ်နှင့် ဒိုင်မိုစ် တို့ဖြစ်ကြသည်။[1] နှစ်ခုစလုံးအား ၁၈၇၇ ခုနှစ် ဩဂုတ်လတွင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။[2] ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်နှင့် ပိုမိုနီးကပ်ပြီး ၉,၃၇၇ km (၅,၈၂၇ mi) ကွာဝေးကာ ဒိုင်မိုစ်သည် ၂၃,၄၆၀ km (၁၄,၅၈၀ mi) ကွာဝေးသည်။ အကယ်၍ ဖိုဘော့စ်အား အင်္ဂါဂြိုဟ်မျက်နှာပြင်ရှိ အီကွေတာအနီးမှ ကြည့်မည်ဆိုပါက လကမ္ဘာ၏ ၃ ပုံ ၁ ပုံခန့် မြင်ရမည်ဖြစ်ပြီး ဒိုင်မို့စ်ကိုမူ ဗီးနပ်စ်ဂြိုဟ်ထက် အနည်းငယ်ကြီးသော ကြယ်တစ်စင်းအဖြစ် မြင်ရမည်ဖြစ်သည်။ အကယ်၍ လေ့လာသူသည် အီကွေတာမှ ဝေးကွာသည်နှင့်အမျှ မြင်နိုင်သော အရွယ်အစားမှာလည်း ပိုမိုသေးငယ်သွားမည်ဖြစ်ကာ ဝင်ရိုးစွန်းမှကြည့်လျင် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများသည် နေအား ဖုံးကွယ်ရန် အရွယ်အစား မကြီးသောကြောင့် နေအပြည့်ကြတ်ခြင်း မရှိပေ။ တနည်းအားဖြင့်ဆိုသော် ဖိုဘော့စ်၏ လအပြည့်ကြတ်ခြင်းဖြစ်စဉ်သည် ညတိုင်းလိုလို ဖြစ်ပျက်သည်။[3] ဖိုဘော့စ်နှင့် ဒိုင်မိုစ်တို့၏ ရွေ့လျားမှုသည် မိမိတို့လကမ္ဘာနှင့် လွန်စွာကွဲပြားမည်ဖြစ်သည်။ မြန်ဆန်သော ဖိုဘော့စ်သည် အနောက်ဘက်မှ ထွက်လာပြီး အရှေ့အရပ်၌ ဝင်သွားကာ ၇ နာရီကြာလျင် ပြန်ထွက်လာသည်။ ယင်းအချိန်၌ ဒိုင်မိုစ်သည် အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် နာရီ ၃၀ ခန့်သာ ကြာမြင့်သော်လည်း အင်္ဂါဂြိုဟ်မျက်နှာပြင်မှ လေ့လာသူအတွက်မူ အနောက်အရပ်မှ ထွက်ပေါ်လာပြီး အရှေ့အရပ်သို့ ဝင်သွားရန် ၂.၇ ရက် ကြာမြင့်မည်ဖြစ်သည်။ ဂြိုဟ်ရံလ ၂ စင်းစလုံးသည် ဒီရေပိတ်လှောင်ခြင်း (tidal lock) ဖြစ်နေပြီး မျက်နှာပြင်တစ်ဘက်သည် အင်္ဂါဂြိုဟ်ဘက်သို့ အမြဲမျက်နှာမူလျက်ရှိသည်။ ယင်းကဲ့သို့ tidal force ကြောင့် အတွင်းပိုင်း ပိုကျသည့် ဖိုဘော့စ်သည် နောင်အနာဂါတ်ကာလတစ်ခုတွင် ပျက်စီးပြိုကွဲသွားမည်ဖြစ်သည်။[4]

ဖိုဘော့စ်၏ ရောင်စုံဓာတ်ပုံ (MRO, 23 March 2008)
ဒိုင်မိုစ်၏ ရောင်စုံဓာတ်ပုံ (MRO, 21 February 2009)


ကိုးကား

  1. NASA - Under the Moons of Mars Nasa.gov။ 28 February 2013 တွင် ပြန်စစ်ပြီး။
  2. The Planet Mars: A History of Observation and Discovery. Chapter 5: 1877. University of Arizona Press Uapress.arizona.edu။ 2013-02-28 တွင် ပြန်စစ်ပြီး။
  3. Moon Shadows: "Somewhere near the martian equator, Phobos eclipses the sun nearly every day."
  4. Phobos: Doomed Moon of Mars Astronomy Picture of the Day NASA (14 April 2008)။ “In 100 million years or so Phobos will likely be shattered by stress caused by the relentless tidal forces, the debris forming a decaying ring around Mars.”


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.