တပ်ကုန်းမြို့

တပ်ကုန်းမြို့သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တွင် ပါဝင်သည့်တပ်ကုန်းမြို့နယ် ရုံးစိုက်ရာ မြို့ဖြစ်သည်။ နေပြည်တော် တပ်ကုန်းမြို့ ဟုလည်း ခေါ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ဆက်စပ်လူပ်ငန်းများဖြစ်သော ဆန်စက်၊ ဆီစက်၊နို့ချက်လုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ ကုန်သည်ပွဲစားလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပြီး ရာသီပေါ်သီးနှံ အမျိုးမျိုးတို့ကို ရန်ကုန် မန္တလေး မူဆယ် တို့မှ တဆင့် ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်ကြသည်။

တပ်ကုန်းမြို့
တပ်ကုန်းမြို့
တပ်ကုန်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 20°7′N 96°13′E
နိုင်ငံ မြန်မာ
ဒေသနေပြည်တော် ပြည်ထောင်စုနယ်မြေ
မြို့နယ်တပ်ကုန်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြေမျက်နှာပြင်၊ ပထဝီအနေအထား၊ တည်နေရာနှင့် အကျယ်အဝန်း

မြေမျက်နှာသွင်ပြင်သည် အများအားဖြင့် တောင်ကုန်းထူထပ်ပေါများပြီး ညီညာပြန့်ပြူးမှု မရှိလှပေ။ မြို့နယ်၏ ငါးပုံ သုံးပုံမျှသာ မြေညီညာသော ချိုင့်ဝှမ်းလွင်ပြင် ဖြစ်ပါသည်။ အရှေ့ဘက်တွင် ရှမ်းကုန်းမြေမြင့်ရှိ၍ အမြင့်ဆုံးတောင်တန်းမှာ ပေပေါင်း ၄၃၁၀ ပေ မြင့်သည်။ ပေါင်းလောင်းမြစ်သည် ရှမ်းပြည်နယ် နှင့် တပ်ကုန်းမြို့နယ်ကို နယ်ခြားမျဉ်းသဖွယ် စီးဆင်းလျက်ရှိသည်။

တပ်ကုန်းမြို့သည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၀' နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀' အတွင်းတည်ရှိသည်။ ရန်ကုန်-မန္တလေးသွား ကားလမ်း(ဟောင်း)နှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ရန်ကုန်မှ မြောက်ဘက်သို့ မော်တော်ကားလမ်း မိုင်တိုင်အမှတ် ၂၅၈/၂ မှ ၂၈၅/၅ အထိ တောင်နှင့် မြောက် ၂၇-မိုင် ၃ဖာလုံ ရှည်လျားသည်။ ပင်လယ်ရေမျက်နှင်ပြင် အထက် ပေပေါင်း ၂၂၅၀ အမြင့်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ပင်လောင်းမြို့၊ အနောက်ဘက်တွင် မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် မန္တလေးတိုင်းရမည်းသင်းမြို့နယ် နှင့် တောင်ဘက်တွင် ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့နယ်တို့ ဆက်စပ်လျက်ရှိပါသည်။

စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများနှင့် အဆက်မပြတ် စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ ဆန်စပါးရောင်းဝယ်ရေး၊ ကောက်ပဲသီးနှံရောင်းဝယ်ရေးနှင့် ဒေသသုံး လူသုံးကုန်၊ စားသောက်ကုန်များအတွက် စက်ရုံ အလုပ်ရုံများသည် မြို့၏ အဓိကစီးပွားရေး ဖြစ်ပါသည်။ စာသင်ကျောင်းများ အများအပြားရှိသည်။ သာသနာရေးအတွက် အားထားရာ ပရိယတ္ထိ စာသင်တိုက်များကို မြို့ပေါ်တွင် သာမက ကျေးရွာများတွင်ပါ အင်တိုက်အားတိုက် သင်ကြားပို့ချလျက်ရှိသည်။ တပ်ကုန်းမြို့၏ အထင်ကရ နေရာများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ သကြားစက် အစရှိသော နေရာများဖြစ်သည်။

ဖွံ့ဖြိုးရေး

တပ်ကုန်းသည် ၁၂၄၇-ခုနှစ် မတိုင်မီ မြန်မာဘုရင်များ လက်ထက်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။ ထိုအချိန်က ဆက်သွယ်ရေးလမ်းကြောင်းမှာ တပ်ကုန်းအရှေ့ ဘော်ရွာနှင့် တပ်ကုန်းအနောက် ခရမ်းစပ်ကုန်းရွာကို ဖြတ်သန်းသွားသည့် လှည်းလမ်းမျှသာ ဖြစ်သည်။ အရေးကြီးက စစ်ချီလမ်းများလည်း ဖြစ်သည်။ တပ်ကုန်းသည် အင်္ဂလိပ် အစိုးရအုပ်ချုပ်သည့် အချိန်ထိ ခရမ်းစပ်ကုန်း ဒိုင်သူကြီး ဦးမေဒါ၏ လက်အောက်ခံ ရွာငယ်မျှသာ ဖြစ်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်ရေး အသားကျလာပြီးနောက် ရန်ကုန်-မန္တလေး မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လာသည့် အချိန်တွင် တပ်ကုန်းမှာ ထင်ရှားလာသည်။ ကူးသန်းရောင်းဝယ်ရေး အခြေအနေ ကောင်းမွန်လာသဖြင့် စည်ကားတိုးတက်လာခဲ့သည်။ တပ်ကုန်းမြို့နယ်သည် ကျောထောက်နောက်ခံနယ်မြေ၏ထွက်ကုန်သီးနှံ အခြေအနေ ကောင်းမွန်မှုကြောင့် စီးပွားရေးအချက်အချာ ဒေသတစ်ခု ဖြစ်လာခဲ့သည့် အကြောင်းမှာ ရထားလမ်း၊ ကားလမ်းများသည် မြို့လည်မှ ဖြတ်သန်းသွားလာသောကြောင့် ဖြစ်သည်။

ယခင် တပ်ကုန်း၏ တည်နေရာသည် မိုးကောင်းဘုရား အရှေ့ဘက် ကုန်းပေါ်တွင် ရှိပြီး တပ်ကုန်းဘူတာဆောက်လုပ်ပြီးနောက် ဘူတာအနောက်ဘက်တွင် (ဘူတာရွာ)(ယခု အမှတ်/၅) ဟူ၍၎င်း၊ ဘူတာအရှေ့ဘက်တွင် မြို့ကုန်း (ယခု အမှတ်/၁ နှင့် ၃-အုပ်စု/ ၁နှင့် ၂)ဟူ၍၎င်း ရွှေ့ပြောင်း တိုးချဲ့လာသည်။ ရွာမရပ်မှာ မူလရွာဟောင်းပင် ဖြစ်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်နေသည့် ၁၃၀၄-၁၉၄၂ ခုနှစ်ထိ သူကြီးဦးပု အုပ်ချုပ်သော အိမ်ခြေ ငါးရာကျော်၊ လူဦးရေ နှစ်ထောင်ခန့် ရှိသည်။ ဒိုင်နယ်ရွာတစ်ရွာအဖြစ် တည်ရှိနေခဲ့သည်။

[1]

ကိုးကား

  1. ဆင်ကျုံးဆရာတော် ရေးသားပြုစုသည့်၊ ရမည်းသင်းခရိုင်သမိုင်းနှင့် ရမည်းသင်း ရာဇဝင်၊ ဒုကြိမ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ စာ-၇
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.