လယ်ဝေးမြို့နယ်

လယ်ဝေးမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လယ်ဝေးမြို့နယ်ရှိ လူဦးရေမှာ ၂၈၄,၁၄၄ ယောက်[1] ဖြစ်သည်။

လယ်ဝေးမြို့နယ်
Lewe Township
မြို့နယ်
ကိုဩဒိနိတ်: 19°38′N 96°7′E
နိုင်ငံ မြန်မာ
နယ်မြေနေပြည်တော် ပြည်ထောင်စုနယ်မြေ
မြို့တော်လယ်ဝေးမြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၈၄,၁၄၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

နယ်နမိတ်နှင့် အကျယ်အဝန်း

အရှေ့ဖက်တွင် ပျဉ်းမနားမြို့နယ်၊ တောင်ဖက်တွင် ရေတာရှည်မြို့နယ်၊ အနောက်ဖက်တွင် တောင်တွင်းကြီးမြို့နယ်၊ မြောက်ဖက်တွင် ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အရှေ့မှအနောက်သို့ ၄၇.၀၂ မိုင်၊ တောင်မှမြောက်သို့ ၁၈.၆၄ မိုင်ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၈၇၂.၂၄၈ မိုင် ကျယ်ဝန်းသည်။[2]

မြေမျက်နှာသွင်ပြင်

လယ်ဝေးမြို့နယ်၏ အနောက်ဖက်တွင် ပဲခူးရိုးမတောင်တန်း၊ အရှေ့ဖက်တွင် ရှမ်းရိုးမတောင်တန်းများ တည်ရှိသည်။ လွင်ပြင်များသီးခြားမရှိဘဲ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး ၂၁၀ ပေ၊ အမြင့်ဆုံး ၂၀၉၀ ပေတွင် တည်ရှိသည်။[2]

အုပ်ချုပ်ရေးနယ်မြေ

လယ်ဝေးမြို့နယ်ကို မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၀ အုပ်စုနှင့် ကျေးရွာပေါင်း ၂၆၁ ရွာဖြင့် ဖွဲ့စည်းထားသည်။[2]

ရာသီဥတုနှင့် သဘာဝပေါက်ပင်

လယ်ဝေးမြို့နယ်သည် အပူပိုင်းမုတ်သုန်ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ လယ်ဝေးမြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွှမ်းမှု ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းအနက်မှ ကြိုးဝိုင်းသစ်တောနှင့် ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ ၆၈ ရာခိုင်နှုန်းဖြစ်သည်။ သဘာဝပေါက်ပင်များအနေဖြင့် အဖိုးတန်သစ်များဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ သစ်မာနှင့် အခြားသစ်၊ ဝါးမျိုးစုံ ပေါက်ရောက်တွေ့ရှိရသည်။[2]

စီးပွားရေး

နေပြည်တော်ကောင်စီနယ်မြေအတွင်းပါဝင်ကာ အဓိကလမ်းမကြီးများဆုံရာ ဆက်သွယ်မှုလမ်းကြောင်းပေါ်တွင်တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကရောင်းဝယ်ဖောက်ကားကြသည်။

လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ နှင့် စားကျက်မြေ အမျိုးအစားစုံလင်စွာရှိပြီး စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများအပြင် ဈေးကွက်ဝင် အခြားရာသီပေါ်သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်။


မြို့နယ်အတွင်း မွေးမြူရေးဇုန် ၂ ခု ရှိပြီး ကြက်၊ ဝက်၊ ဘဲ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ငုံး၊ နို့စားနွား၊ ငါး၊ ပုဇွန် စသည့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ခရီးသွားလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ၊ စက်မှုလက်မှု လုပ်ငန်းများ၊ ပရိဘောဂလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။[2]

ပညာရေး

လယ်ဝေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၁၆ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၂၆ ကျောင်း၊ မူလတန်းကြိုကျောင်း ၁၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၉ ကျောင်း တည်ရှိသည်။ စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၉၉.၉၅ ဖြစ်သည်။[2]

ကျန်းမာရေး

မြို့နယ်အတွင်း ကုတင် ၁၀၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ ၁ ရုံ၊ အစိုးရတိုက်နယ်ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ခု နှင့် ပုဂ္ဂလိကဆေးပေးခန်းပေါင်း ၉ ခု ရှိသည်။[2]

အထင်ကရနေရာများ

ဓာတ်ပုံများ

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 23, 2015 တွင် ပြန်စစ်ပြီး
  2. https://www.nptdc.gov.mm/
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.