ပုဇွန်တောင်ဆရာခ

ပုဇွန်တောင်ဆရာခ သည် ခရစ်သက္ကရာဇ် ၁၈၆၈ ခုနှစ် ဝန်းကျင်တွင် လူကြိုက်များခဲ့သော ပြဇာတ်ဆရာတစ်ဦး ဖြစ်သည်။ ၁၈၆၈ ခုနှစ် ပတ်ဝန်းကျင်၊ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ခေတ်ပေါ် ပြဇာတ်ရေးဆရာများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ထိုသူများအနက် ဆတိုင်မွှတ် ဦးကူး နှင့် မော်လမြိုင် ဆရာယော တို့မှာ အထူးကျော်ကြားသည်။ ထိုသူများလောက် မကျော်ကြားသော်လည်း သူ့စာဖတ်ပရိသတ်နှင့်သူ အတော်အတန် လူကြိုက်များခဲ့သည့် ပြဇာတ်ဆရာ တစ်ဦးမှာ ပုဇွန်တောင် ဆရာခ ပင် ဖြစ်လေသည်။ ဆရာခသည် ပုဇွန်တောင် တပ်မြေတွင် နေထိုင်ပြီး စာဆိုတန်းခေါ် ၂၅ လမ်းရှိ ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်တွင် စာပြင်ဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

ဆရာခသည် ခရစ်သက္ကရာဇ် ၁၈၈၁ ခုနှစ်မှ အစပြု၍ ပြဇာတ်အတော်များများကို ရေးသားခဲ့သည်။ သူရေးသားခဲ့သော ပြဇာတ်စာရင်း အပြည့်အစုံကို မသိရသော်လည်း ပုံနှိပ်စာကိုယ်များအရ သိရှိရသော ပြဇာတ်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]

  1. ဥစ္စာစောင့်ဖြစ် မသိန်းယဉ်ပြဇာတ်
  2. မယ်သော်တာပြဇာတ်
  3. ကျိုက်ထီးရိုးသမိုင်းပြဇာတ်
  4. သူခိုးကြီးမောင်ထိလတ် ပြဇာတ်
  5. သင်္ခပုဏ္ဏမီ၊ ဝံသာကီ မောင်နှမ ပြဇာတ်
  6. မြနှင်းနွယ် မင်းသမီး ပြဇာတ်
  7. ပုသိမ် ရွှေမုဋ္ဌောသမိုင်း ပြဇာတ်
  8. စိန်ဝဇီ စံမမီ ပြဇာတ်
  9. လစန္ဒာမင်းသမီး လင်းပြာဖြစ် ပြဇာတ်
  10. ရွှေတိဂုံသမိုင်း ပြဇာတ်
  11. ဘို့မယ်နှင့် သူခိုးတက်ခါး ပြဇာတ်
  12. စလေငခွေးပြဇာတ်
  13. တာဝတိံသာ မဟာမြင်းမိုရ်ပွဲကြီး ပြဇာတ်[2]
  14. ဓားပြဗိုလ်အောင်စွာ ပြဇာတ်
  15. သမ္ဘာရ သားသတ် ပြဇာတ်

ဆရာခ ရေးသားသမျှသော ပြဇာတ်စာအုပ်တို့ကို သူကိုယ်တိုင် စာပြင်ဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်ပေးနေသော ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်မှပင် ရိုက်နှိပ်ထုတ်ဝေသည်။ ထိုသို့ ထုတ်ဝေသော စာအုပ်အကြောင်းနှင့် ပတ်သက်သည့် ကြော်ငြာကလေးများကိုလည်း ခေတ်ကာလနှင့် လျော်ညီအောင် သူကိုယ်တိုင် တေထပ်၊ သဖြန်၊ လေးချိုးများဖြင့် စပ်ဆိုရေးသားခဲ့သည်။ စာအုပ်တစ်အုပ်ပြီးတိုင်း အလျဉ်းသင့်သလို ထည့်သွင်း ကြော်ငြာခဲ့ပေသည်။ သက္ကရာဇ် ၁၈၈၂ ခုထုတ် "ဝိဇ္ဇာဖြစ် မယ်သော်တာပြဇာတ်" အဆုံးတွင် ရေးသားထားသော ဒွေးချိုးကို ကြည့်ခြင်းအားဖြင့် ထိုခေတ်၏ ကြော်ငြာပုံ ကြော်ငြာနည်းအပြင် ဆရာခ၏ ကဗျာအစွမ်း၊ ကဗျာအဆင့်အတန်းကိုလည်း မှန်းဆဆုံးဖြတ်နိုင်သည်။[3]

ထုံခြွေမှုန်ဝေ ဆို့ပါလို့၊ စုံအခြေ ယုန်ငွေမို့လိုနှင့်၊ ကုန်ရွှေမြို့ ကျက်သရေ။ ။

တည်အမှီးမှာတော့၊ ပြည်ကြီးဗွေမဏ္ဍိုင်ဟု၊ ခံ့အခိုင် စာတော် တိုက်ကယ်လို့၊ မဝိုက်အောင် ဇမ္ဗူကျွန်းမှာ၊ ထွန်းတဲ့အခြေ။ ။

သိမှတ်စရာ ကျွတ်ဆုမှန်းတဲ့ပြင်၊ နိပါတ်စာ ဝတ္ထုကျမ်းတွေနှင့်၊ လမ်းမူရှိ အထွေထွေ၊ တွက်ရေလို့ ပြနိုင်ဘူး။ ။

ဖတ်ပြောရာ၊ ဇာတ်ဟောစာ တေးသီချင်းတွေနှင့်၊ မယွင်းပေါင် လိုရာမေးလှဲ့တော့၊ ဖေ မောင် ဘနှင့် မမတို့ရေ ... ရှေးကထက် ထူး။ ။

ကိုးကား

  1. သက္ကရာဇ် (၁၈၈၁-၁၈၈၈) ခုနှစ်အတွင်း ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေသည့် ပြဇာတ်စာကိုယ်များ
  2. မောင်မြသွင်၊ သိပ္ပံကျောင်းသား၏ "မြန်မာပြဇာတ်များ" ဆောင်ပါး၊ ၁၉၃၁ ခု
  3. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၇၃
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.