ရစ်ချက် ဒရိပ် အာဒါး

ဗိုလ်ချုပ်ကြီး ရစ်ချက် ဒရိပ် အာဒါးသည် ၁၈၆၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လန်ဒန် ကင်း ကောလိပ်တွင် မြန်မာစာ ပါမောက္ခတစ်ဦးအဖြစ် ၁၈၈၉ မှ ၁၈၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[1]

မိသားစု ဘဝ

အာဒါး အား ၁၈၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ အိန္ဒိယနိုင်ငံ မဒရပ် အုပ်ချုပ်ရေးဒေသမှ စစ်ဖက်ဆိုင်ရာ ရှေ့နေချုပ် ဗိုလ်မှူးကြီး ဂျွန်အာဒါး ဖြစ်သည်။ အာဒါးသည် ဗိုလ်မှူးကြီး ဟတ်ချင်၏ သမီးနှင့် လက်ဆက်ခဲ့ပြီး သား ၃ယောက် သမီး ၅ ယောက် ထွန်းကားခဲ့သည်။[2]

စစ်မှုထမ်းဘဝ

အသက် ၁၆ နှစ်တွင် စစ်တပ်သို့ စတင်ဝင်ရောက်ပြီး မဒရပ် ခြေလျင် တပ်ရင်း ၁၁ တွင် တာဝန်ကျကာ နောင်တွင် ဂျဘာပူလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် ဗိုလ်ဖြစ်လာခဲ့ပြီး ၃နှစ်အကြာတွင် ဟိန္ဒူစတန်နီဘာသာ ကို ကျွမ်းကျင်သဖြင့် ဘာသာပြန်နှင့် တပ်ရေးအရာရှိ ဖြစ်လာခဲ့သည်။ ၁၈၄၇ တွင် သူ၏ တပ်ရင်းအား တနင်္သာရီတိုင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တွင် တပ်စွဲခဲ့သည်။ မကြာခင်တွင် သူသည် မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်လာခဲ့သဖြင့် မဟာဝန်ရှင်တော်မင်းကြီး ဆာ အာချီဘော ဘိုဂယ် ၏ မေတ္တာရပ်ခံချက်အရ အရပ်ဖက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။[2]

၁၈၅၂ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားသော အခါတွင် သူသည် အတွင်းပိုင်းမှ ဝင်ရောက်လာမည့် မြန်မာတပ်တို့အား ကာကွယ်ရန် သံလွင် အထက်ပိုင်းသို့ စေလွှတ်သည့် တပ်ခွဲကို ဦးဆောင်ခဲ့ပြီး မုတ္တမကို သိမ်းပိုက်ရာတွင် ဆန္ဒပြု ပါဝင်ခဲ့သည်။ ၁၈၅၂ ဒီဇင်ဘာလတွင် ပဲခူးအား အင်္ဂလိပ်လက်အောက်သို့ သွတ်သွင်းပြီးနောက် ပဲခူး၏ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခြင်း ခံရသော ဆာအာသာ ဖယ်ယာသည် ဗိုလ်အာဒါးအား ရန်ကုန်၏ တရားသူကြီး အဖြစ်ခန့်အပ်ရန် ဆာ အာချီဘော ဘိုဂယ်လ် ထံတွင် တောင်းဆိုခဲ့သည်။[2]

နောက်တစ်နှစ်တွင် သူ့အား ပြည်မြို့ မြန်မာတို့ လုပ်ကြံသဖြင့် သေဆုံးခဲ့သော ကပ္ပတိန်လက်တာ၏ နေရာတွင် ဒု-မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအချိန်နှင့် နောက်နှစ်အနည်းငယ်အတွင်း ပြည်မြို့သည် အင်္ဂလိပ်တို့အတွက် ခက်ခဲ့ပြီး အန္တရာယ်ကြီးသော ဒေသဖြစ်သည်။ အဘယ်ကြောင့်ဆိုသော မြန်မာပိုင်နက်နှင့် နယ်စပ်ဖြစ်သည့် ပြည်မြို့တွင် ခက်ထန်ကြမ်းတမ်းပြီး အင်္ဂလိပ်တို့အား မောင်းထုတ်လိုစိတ် ပြင်းပြနေကြသည့် ဗမာလူမျိုးတို့ဖြင့် ပြည့်နှက်နေသည်။ ထိုရာထူးကို ရယူမည့်သူမှာ အေးဆေးတည်ငြိမ်၍ သတ္တိရှိပြီး ဗဟုသုတပြည့်စုံသူ၊ ဆုံးဖြတ်နိုင်စွမ်းရှိသူ၊ စိတ်ဓာတ်ခိုင်မာသူ နှင့် ပရိယာယ် ကြွယ်ဝသူ ဖြစ်ရမည် ဖြစ်သဖြင့် အာဒါးမှာ အသင့်တော်ဆုံးလူပင် ဖြစ်သည်။ ထို့ပြင် ထိုအချိန်က မြန်မာပြည်ရှိ အင်္ဂလိပ်တို့ အုပ်ချုပ်ရသည့် အစိုးရဌာနများတွင် လူ အလုံအလောက် မရှိပေ။ အာဒါး အနေနှင့် ပြည် အား ၆ နှစ်အုပ်ချုပ်ရသည့် အချိန်ကာလအတွင်း မြန်မာပြည်သူတို့နှင့် သင့်မြတ်အောင် ပေါင်းသင်းနိုင်ခဲ့ပြီး အာဏာစက်တည်မြဲစေရန် ဆောင်ရွက်နိုင်ခဲ့ကာ သူ့အား ဗမာတို့မှ မိတ်ဆွေ အဖြစ်နှင့် အုပ်ချုပ်သူ အရာရှိ အဖြစ် လက်ခံလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။[2]

၁၈၅၉ ခုနှစ်တွင် အာဒါးအား ရန်ကုန်၏ ဒု-မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခဲ့ပြီး ၁၈၆၃ ခုနှစ် တနင်္သာရီ၊ ရခိုင် နှင့် ပဲခူးတို့အား အိန္ဒိယလက်အောက်ခံ မြန်မာပြည်အောက်ပိုင်းပြည်နယ် အဖြစ် ပေါင်းစည်းလိုက်ပြီးသည့် နောက်တစ်နှစ်တွင် သူ့အား ပြည်နယ်အတွင်း အရေးအပါဆုံး ဒေသဖြစ်သည့် ပဲခူး ၏ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ၁၈၇၈ တွင် မြန်မာပြည်မှ အငြိမ်းစားယူခဲ့ပြီး ၄ နှစ်အကြာတွင် စစ်တပ်၏ အလုပ်လက်မဲ့ အရာရှိ စာရင်းဝင် ဖြစ်ခဲ့သည်။[2]

အာဒါးသည် ၁၈၅၅ တွင် ဗိုလ်ကြီး ၊ ၁၈၆၁ တွင် ဗိုလ်မှူး ၊ ၁၈၆၆ တွင် ဒု-ဗိုလ်မှူးကြီး ၊ ၁၈၇၁ တွင် ဗိုလ်မှူးကြီး ၊ ၁၈၈၁ တွင် ဗိုလ်ချုပ်၊ ၁၈၈၇ တွင် ဒု-ဗိုလ်ချုပ်ကြီး နှင့် ၁၈၉၁ တွင် ဗိုလ်ချုပ်ကြီး အဖြစ် ရာထူး အဆင့်ဆင့် တိုးခဲ့သည်။ သူသည် အငြိမ်းစားယူပြီးချိန်တွင် အောက်စဖို့ဒ် တက္ကသိုလ်၊ ကိန်းဘရစ်ချ် တက္ကသိုလ် နှင့် လန်ဒန် ကင်း ကောလိပ်တို့တွင် မြန်မာစာ သင်ကြားရန် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် အင်ပီရီယယ် အင်စတီကျုတွင် ပညာသင်ဆု ရွေးချယ်သည့် စစ်ဆေးသူ အဖြစ် တာဝန်ယူခဲ့သည်။[2]

ကွယ်လွန်ခြင်း

အာဒါးသည် ၁၈၉၉ ခု ဧပြီ ၂၉ ရက်တွင် အင်္ဂလန်နိုင်ငံ ဆမ်းမားဆက် ကောင်တီရှိ ဘတ်သ်မြို့တွင် ကွယ်လွန်ခဲ့သည်။[2]

ကိုးကား

  1. Ardagh, Richard Drapes King's Collection Victorian Lives King College London။ 2020-08-12 တွင် ပြန်စစ်ပြီး။
  2. "Obituary"၊ The Times၊ The Times Digital Archive၊ 01 May 1899၊ စာ- 12။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.