ရွှေဘုံနိဒါန်း
ရွှေဘုံနိဒါန်းဟူသည်မှာ မြန်မာဘုရင်များ၏ ရွှေလက်ထက်တော်အခါက မင်းခမ်းမင်းနားဆိုင်ရာ အဆောင်အယောင် အကြောင်းအရာတို့ကို ပြဆိုရာ ထီးနန်းမှတ်တမ်းကျမ်း ပင်ဖြစ်သည်။
ရွှေနန်းရွှေဘုံနှင့် စပ်လျဉ်းသော အဆောင်အယောင်အခမ်းအနားတို့၏ မူလအခြေအမြစ်နှင့်တကွ ဖော်ပြသော ကျမ်းကို ရွှေဘုံနိဒါန်းဟု မှည့်ခေါ်ခြင်း ဖြစ်သည်။ ရွှေဘုံနိဒါန်းကို အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အိမ်ရှေ့အတွင်းဝန်၊ ရတနာပူရမြို့တောင် မဟာဇေယျပထ တံတားဦးရွာ ဇာတိ သက္ကရာဇ် ၁၁ဝ၅-ခုနှစ်ဖွား ဇေယျသင်္ခယာ စီရင်ပြုစုခဲ့သည်။ သက္ကရာဇ် ၁၁၄၄-ခုနှစ်တွင် ဘိုးတော်ဘုရားသည် အမရပူရမြို့တော်သစ်ကို စတင်တည်ဆောက်၍ ၁၁၄၅-ခုနှစ်တွင် မြို့တော်သစ်သို့ ပြောင်းရွေ့စံတော်မူရာ ဘိုးတော်ဘုရား၏ ထီးသစ်နန်းသစ် မြို့တော်သစ်ကို ချီးမြှောက်ဂုဏ်ပြုသောအားဖြင့် မော်ကွန်းရေးထိုးထားသော ကျမ်းစာစောင် ဖြစ်သည်။ ယင်းကျမ်းကို မြို့တော်သစ်ပြောင်းသည့် သက္ကရာဇ် ၁၁၄၅-ခုနှစ်တွင် ရေးသားပြီးစီးကြောင်းကို ကျမ်းနိဂုံး၌ ရွှေဘုံနိဒါန်းစာစောင်သည်၊ ကမ္ဘာပတ်လုံးတည်သော ကပ္ပဋ္ဌိတိ လေးပါးကဲ့သို့ သုဝဏ္ဏဝိမာနနိဒါန တံဆိပ်ခတ်သဖြင့် သိရိလက္ခမာဃကာယော သာသနာတော် ၂၃၂၇-နှစ်၊ ကောဇာ ၁၁၄၅-ခုနှစ် ရောက်သောကာလ၌ ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံဂိမှေ ပါဠိတော်ရှိသည်နှင့်အညီ၊ တောအုပ်သစ်ပင်တို့ သည် အရင်းမှ အဖျားသို့ အရသာတက်သော ဂိမှာန်အစ ပထမဖြစ်သော တပေါင်းလဆန်း (၂)ရက်၊ စနေနေ့ နေတက် နံနက်တစ်ချက်တီးသောအခါ၌ ရွှေဘုန်းတော်ကို ခိုလှုံ၍ မပင်မပန်း ရေးသားပြီးစီးပြည့်စုံ၏ ဟု ရေးသားခဲ့သည်။ ကျမ်းပြုဆရာသည် မြန်မာဘုရင်မင်းတို့၏ ရွှေလက်တော်၊ အထူးအားဖြင့် ဘိုးတော်ဘုရား၏ လက်ထက်တော်၌ ပြည့်စုံထင်ရှားသော မင်းခမ်းမင်းနား အဆောင်အယောင်တို့ကို ပြဆိုလိုရင်း အာသီသဖြင့် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို သတိပြုခြင်းအားဖြင့် ရွှေဘုံနိဒါန်းပါ မြို့ပြကျုံးမြောင်းနှင့် စပ်လျဉ်းသော အမှတ်အသား အမည်သညာတို့သည် ထိုကျမ်းမပြုစုမီတည်သော အင်းဝမြို့တော်နှင့်၎င်း၊ ကျမ်းပြုပြီး အနှစ် (၈ဝ)ခန့်ကြာမှ တည်သော မန္တလေးမြို့တော်နှင့်၎င်း၊ တစ်ထပ်တည်း တိုက်ဆိုင်ညီညွတ်ခြင်း မရှိသည်ကို တွေ့ရပေမည်။ အခြားသော မင်းခမ်းမင်းနား အဆောင်အယောင်တို့သည်ကား ထီးနန်းစဉ်ဆက် လက်ခံလိုက်နာ သုံးစွဲရိုးရှိသည့်အတိုင်း ဤကျမ်းပါ အခမ်းအနား အဆောင်အယောင်တို့သည် ဤကျမ်းမပြုစုမီ ရှေးကနှင့် နှောင်းခေတ် အခမ်းအနား အဆောင်အယောင်တို့နှင့် ကွဲလွဲမှု မရှိလှချေ။
ရွှေဘုံနိဒါန်းတွင် အကြောင်းရပ်ကြီး ကိုးရပ် ပါဝင်သည်။ ယင်းတို့မှာ -
- နန်းပြာသာဒ်ပလ္လင် အဆောင်အယောင်များ၊
- မင်းခမ်းတော်များ၊
- နေရာတော်များ၊
- စည်တူရိယာများ၊
- မင်းမှုထမ်းများ၊
- လှေစု၊
- ဖောင်စု၊
- လှော်ကားစု၊
- ပလ္လင်တော်တို့ ဖြစ်လေသည်။
နန်းပြာသာဒ်ပလ္လင် အဆောင်အယောင်များ
နန်းပြာသာဒ်ပလ္လင် အဆောင်အယောင်အကြောင်းရပ်တွင် ပြာသာဒ်၊ သိကြားပေါက်၊ ကဒဏ်၊ မင်းဘုန်းပေါက်၊ နှာယောင်ခန်း၊ ရာဇပလ္လင်ဥကင်၊ သိကြားရုပ်၊ နဝရတ်ကိုးပါး၊တံခါးတိုင်၊ လောကနတ်၊ ဆင်ပျံ၊ ခြင်္သေ့ရုပ်၊ ပဒုမာကြာထက် သိကြားရုပ်၊ ဒေါင်းမြီးယပ်၊ ကိန္နရာ၊ ဆင်နားဇာ၊ ခြူးပန်းခြူးနွယ်၊ ဦးဆောက်ပန်း၊ မဟာဂိရိနတ်ကွန်းတို့အကြောင်း သိကောင်းစရာများကို ထည့်သွင်းရေးသားထားသည်။
မင်းခမ်းတော်များ
မင်းခမ်းတော်များ အကြောင်းရပ်၌ သီဟာသနနေရာ၊ မင်းမြောက်တန်ဆာငါးပါး၊ ရတနာပန်းတောင်း၊ စလင့်ကြာ၊ ထွေးခံထွေးအင်၊ ကလပ်၊ ကွမ်းလောင်းကြီးငယ်၊ ကျပ်၊ ကျပ် မြင်းမိုရ်၊ ကွမ်းခွက်၊ လက်တင်ကြား၊ ကွမ်းထည့်ကွမ်းချပ်၊ သလင်းမြောင်၊ သစ်တိုင်၊ ရွှေအိုးပျစ်၊ ရွှေမြူတာ၊ ရွှေတကောင်း၊ ရွှေဖလား၊ ရွှေကရား၊ ရွှေဘူးအတင်တော် ဘီလူးခံ၊ လက်ယာမင်းခမ်းတော်၊ လက်ဝဲမင်းခမ်းတော်၊ ကွမ်းအုပ်၊ ထီး၊ ယပ်မား၊ မြေနန်း၊ ကြာချပ်၊ မြေလပ်၊ ပြော့သား၊ တုရင်၊ ပြော့ စသည်တို့အကြောင်း ပါဝင်သည်။
နေရာတော်များ
နေရာတော်များအကြောင်းရပ်၌ ပေါင်းတောင်ဆောင်၊ လေသာဆောင် စသောအဆောင်တော်များ၊ သလွန်၊ သဉ္ဇာလီ၊ မျက်နှာကြက်၊ ကြာယပ်၊ သလွန်ညောင်ရွက်တော် စသည်တို့အကြောင်းများ ပါဝင်သည်။
စည်တူရိယာ
စည်တူရိယာ အကြောင်းရပ်၌ စည်တော်စုံ၊ နရည်း၊ ငွေမောင်း စသည်တို့အကြောင်းများ ဝါဝင်သည်။
မင်းမှုထမ်းများ
မင်းမှုထမ်းများအကြောင်း၌ ဝန်ကြီး၊ ဝင်းမှူး၊ ဝင်းကိုယ်ရံ၊ ဆောင်မှူး၊ မြို့ကွပ် စသည်တို့အကြောင်းပါသည်။
လှေစု၊ ဖောင်စု
လှေစုအကြောင်း၌ ပြည်ကြီးမွန်လှေ၊ လင်းဇင်းလှေ၊ ပိန်းကောလှေ စသည်တို့အကြောင်းပါ၍၊ ဖောင်စုအကြောင်းရပ်၌ ပဉ္စရူပဖောင်မှအစ ဒွါဒသရူပဖောင် အကြောင်းအထိပါသည်။
လှော်ကားစု
လှော်ကားစုတွင် လက်ရွေးကြီးလှော်ကားမှအစ လှော်ကားပေါင်း (၃ဝ)အကြောင်းပါသည်။
ပလ္လင်တော်
ပလ္လင်တော်အကြောင်းရပ်တွင် ရာဇပလ္လင်တစ်ဆဲ့နှစ်နေရာမှအစ မာရဘင်အကြောင်းအထိ ပါရှိလေသည်။
ရွှေဘုံရွှေနန်း၌ အသုံးအဆောင်အခေါ်အဝေါ်များသည် ကာလရှည်ကြာသော် တိမ်မြုပ်ပျောက်ကွယ်သွားခြင်း မရှိစေရန် ရည်သန်၍ ရေးထားသောကျမ်း ဖြစ်သည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)