သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်

ဘွဲ့တံဆိပ်ဟူသည် အလှူကိုခံယူထိုက်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ အမှတ်အသားအဆောင်အယောင်များ ဖြစ်သည်။ ဘွဲ့တံဆိပ်ကို အလှူခံရသော ပုဂ္ဂိုလ်များသည် အကျင့်အာစာရ ရှိခြင်းဟူသော သီလဂုဏ်၊ ဖြောင့်မတ်တည်ကြည်ခြင်းဟူသော သမာဓိဂုဏ်၊ လုပ်ရည်ကိုင်ရည် အစွမ်းသတ္တိရှိခြင်းဟူသော ပညာဂုဏ်တို့ဖြင့် လွှမ်းထုံကျော်စောတော်မူသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့သာလျှင် အလှူကို ခံယူထိုက်သည်။ ကျမ်းဂန်များတွင် လှူဒါန်းပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ဥပါယ်လေးမျိုးပြရာ၌ ဒါနဥပါယ်၊ သင်္ဂဟတရားလေးပါးပြရာ၌ ဒါနသင်္ဂဟ၊ ရာဇဓမ်တရားဆယ်ပါးပြရာတွင်လည်း ဒါနရာဇဓမ်၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတို့ကို ဖော်ပြရာတွင်လည်း ဒါနမင်္ဂလာနှင့် ပူဇမင်္ဂလာတို့အဖြစ် ဖော်ပြထားပေသည်။

ထိုဥပါယ်လေးပါး၊ သင်္ဂဟတရားလေးပါး၊ ရာဇဓမ်တရားဆယ်ပါး၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတို့သည် ရှေးမင်းကောင်းမင်းမြတ်တို့ ကောင်းမွန်စွာအားထုတ်အပ်၊ ကျင့်သုံးအပ်သော အချက်များဖြစ်လေသည်။ မင်းဟူ၍ သမုတ်ခြင်းခံယူကြသော သာသနာ့ဒါယကာ မဟာဓမ္မရာဇ် မင်းကောင်းမင်းမြတ်တို့သည် ဘွဲ့တံဆိပ်အဆောင် အယောင် ပေးအပ်ချီးမြှောက်ခြင်း၊ ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ကြရာ၌ ဗုဒ္ဓသာသနာတော် အရောင်အဝါ ထွန်းလင်းမတောက်ပမီအခါက လူပုဂ္ဂိုလ်တို့အားသာလျှင် ပေးအပ်ချီးမြှောက်ခဲ့ကြသည်ဟု သိရသည်။

သမိုင်းကြောင်း

ဗုဒ္ဓဟူ၍ အထင်အရှားပွင့်တော်မူပြီးနောက် ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပတော်မူသော အခါတွင်မူကား ဗုဒ္ဓကိုယ်တော်တိုင်ကပင် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တို့အား ဧတဒဂ်ဘွဲ့ထူးများကို ပေးအပ်ချီးမြှောက်တော်မူခဲ့သည်။ ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့်နောက် မဇ္ဈိမဒေသစသော ဗုဒ္ဓသာသနာတော်ထွန်းကားရာ နိုင်ငံအသီးသီး၌ ဗုဒ္ဓကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး ပေးအပ်ချီးမြှောက်ခဲ့သော ထုံးတမ်းစဉ်လာကို လိုက်နာသောအားဖြင့် သာသနာ့ဒါယကာ မဟာဓမ္မရာဇ် မင်းကောင်းမင်းမြတ်တို့သည် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်အဆောင် အယောင်တို့ကို ထိုက်သည့်အားလျှော်စွာ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်း၊ ပေးအပ်ချီးမြှောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအထက်ပိုင်း ပုဂံပြည် ကျန်စစ်သားမင်း လက်ထက်တွင် သံဃသေနမဟာထေရ်အား သံဃသေနဝရ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အလောင်းစည်သူမင်းလက်ထက် ဓာတွတ္ထသာရကျမ်းပြု မဟာထေရ်အား မဟာအဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ နရပတိစည်သူမင်းလက်ထက် လောကုပ္ပတ္တိ ပကာသနီကျမ်းပြုမဟာထေရ်အား အဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ကျစွာမင်းလက်ထက် သဒ္ဒနီတိကျမ်းပြု ဆရာတော်အား အဂ္ဂဝံသအဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ နရသီဟပတေ့မင်း လက်ထက် နိရုတ္တိနယပါရဂူ ဖြစ်သောမဟာထေရ်အား ဒိသာ ပါမောက္ခ ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသောထုံး ရှိလေသည်။

မြန်မာနိုင်ငံအောက်ပိုင်း ဟံသာဝတီပြည်၊ ရာမာဓိပတိ ဘွဲ့ခံ ဓမ္မစေတီမင်းလက်ထက်၌ ကလျာဏီသိမ်တွင် ရဟန်းပေါင်း ၁၅ဝဝဝ ကျော်တို့ကို ဥပဇ္ဈာယ်ဆရာပြု၍ ရဟန်းပြု ပေးသော သုဝဏ္ဏသောမထေရ်ကြီးအား ကလျာဏီတိဿ ဘွဲ့ တံဆိပ်တော်၊ ဒလမြို့ အရှင်သာရိပုတြာမထေရ်အား ဓမ္မဝိလာသ ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသော ထုံးလည်းရှိသည်။ မြန်မာနိုင်ငံအထက်ပိုင်း ဝိဇယပုရ အင်းဝနေပြည်တော်ကြီး၌ သာလွန်မင်းတရားကြီး လက်ထက် ပြည်ပဉ္စင်းကျော်အား တိပိဋကလင်္ကာရ ဘွဲ့တံဆိပ်တော်၊ အင်းဝပဉ္စင်းကျော်အား အရိယာလင်္ကာရ ဘွဲ့တံဆိပ်တော် တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသော ထုံးလည်းရှိသည်။ ရတနာသီခကုန်းဘောင်နေပြည်တော် အလောင်းမင်းတရားကြီးလက်ထက်မှစ၍ မန္တလေးရတနာပုံ ပထမမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင် ဆရာတော်၊ သံဃာတော်တို့အား ရာဇဂုရု ဘွဲ့တံဆိပ်တော်နှင့် ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်တို့ကိုလှူဒါန်း ပူဇော်ခဲ့ဖူးလေသည်။ သီပေါမင်းလက်ထက်တွင်လည်း ရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ကိုပင် ငါးမျိုး ငါးဆင့်ထား၍လှူဒါန်း ပူဇော်ခြင်းကို ပြုခဲ့သည်။ လူပုဂ္ဂိုလ်များကိုလည်း လူနှင့်သင့်လျော်သော ဘွဲ့တံဆိပ် အဆောင်အယောင်များကို ပေးအပ်ချီးမြှောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဘွဲ့တံဆိပ်တော်များ

ဆရာတော်ကြီးများ၊ ဂန္ထဓုရ ပရိယတ္တိ ဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာ ဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့် ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း အပ်နှင်းသည်-

  1. အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်
  2. အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်
  3. မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်
  4. ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်
  5. အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်
  6. မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်
  7. ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်
  8. အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်
  9. အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်
  10. မဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်
  11. သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်
  12. အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်
  13. မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်
  14. ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်
  15. အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်
  16. မဟာသိရီသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်
  17. သိရီသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်
  18. သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်
  19. အဂ္ဂမဟာသိရီသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်
  20. မဟာသိရီသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်
  21. သိရီသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်
  22. သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.