ဆိုင်းဝိုင်း

ဆိုင်းဝိုင်းဟုခေါ်ခြင်းအကြောင်းမှာ ပန်းပြားကြီးရှစ်ခုကိုဝိုင်း၍ ပတ်လုံးများ၌ပါရှိသောကြိုးဖြင့် ချည်နှောင်ကာ ဆိုင်းထားရသောကြောင့် ဖြစ်သည်။ ဆိုင်းဝိုင်းကို ပတ်ဝိုင်းဟုလည်းခေါ်သည်။ ပတ်ဝိုင်း၏အဓိပ္ပာယ်မှာ ပတ်လုံးများကို ဝိုင်းဖွဲ့ထားခြင်းဖြစ်သည်။ ဤသို့ ပတ်ဝိုင်းနှင့် ဆိုင်းဝိုင်းတို့သည် သဘောချင်းတူညီသော်လည်း ယခုအခါတွင် ဆိုင်းဝိုင်းဟုဆိုလိုက်လျှင် ပတ်ဝိုင်းကြီးအပါအဝင် ၎င်းနှင့်အတူ တွဲဖက်တီးမှုတ်ရသောတူရိယာများ ပါဝင်သည့် အတီး၊ အမှုတ်အဖွဲ့တစ်ခုလုံးကို ဆိုလိုကြောင်း နားလည်ကြသည်။

ဆိုင်းဝိုင်းသည် ဒိုးပတ်ဝိုင်းအိုးစည်ဝိုင်းတို့ကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ လှည့်ပတ်သွားလာ၍ တီးမှုတ်ရသော ဝိုင်းမဟုတ်၊ တစ်နေရာတည်းတွင် ထိုင်၍တီးမှုတ်ရသော ဝိုင်းဖြစ်သည်။ 
ဆိုင်းဝိုင်းအဖွဲ့တစ်ဖွဲ့၌ တီးမှုတ်သူ ခုနစ်ယောက်မှ ဆယ်ယောက်ကျော်အထိ ပါဝင်သည်။ သာမန်အားဖြင့် -
  1. ဆိုင်းဆရာ
  2. ကြေးတီး
  3. ပတ်မတီး
  4. နှဲဆရာ
  5. လက်ထောက်ပတ်မတီး
  6. စည်တီး
  7. ဝါးတီးတို့ဖြစ်သည်။
မြန်မာဆိုင်းဝိုင်း နောက်ခံဖြင့် အဆိုတော်များ သီချင်းသီဆိုနေကြပုံ

ဆိုင်းဝိုင်းကြီးများတွင်မူ အထက်ပါခုနစ်ဦးအပြင်၊ နှဲငယ်နှစ်လက်၊ မောင်းနှင့်ဝါးတီးများကို တိုးချဲ့ထည့်သွင်းထားသည်။ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့တွင် ပတ်ဝိုင်းတီးသူကို ဆိုင်းဆရာ၊ ဆိုင်းဝိုင်းဆရာ ပတ်တီးခေါင်းဆောင်ဟုခေါ်သည်။

နောင်သောအခါ ထိုမျှထက်ပင် တိုးချဲ့လာလေရာ၊ ဆိုလတ္တံ့သောစကားစဉ်တို့၌ ယင်းသို့အစဉ်တစိုက် တိုးချဲ့လာပုံကို ဖော်ပြမည်။ ဆိုင်းဝိုင်စီစဥ်ထားပုံမှာ ရှေ့တန်းတွင် ဆိုင်းဆရာ၊ ကြေးတီးနှင့် ပတ်မတီးတို့ ထိုင်ကြရသည်။နောက်တန်းတွင် ကျန်အဖွဲ့သားများထိုင်ကြရသည်။နောက်တန်းရှိအဖွဲ့သားတို့တွင်နှဲကြီးနှဲကလေးတို့ကို မှုတ်ရသူများမှအပ၊ ကျန်သူတို့မှာ နောက်ထိုင်များဖြစ်ကြသည်။ နောက်ထများအနက် အဆိုကောင်းတစ်ယောက်၊အပြောကောင်းတစ်ယောက်၊ အသောကောင်းတစ်ယောက် ပါတတ်မြဲဖြစ်သည်။ ရှေးအခါက ပတ်ဝိုင်းအတွင်းရှိ ဆိုင်းဆရာသည် ပရိသတ်ကို စကားပြောဆိုခြင်း မရှိပေ။ နောင်အခါမှ ဆိုင်းဆရာက ပရိသတ်ကို အဆိုအပြောဖြင့် ဖျော်ဖြေမှုရှိလာသည်။

ပတ်ဝိုင်း

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။ ပတ်ဝိုင်းမှာ မှန်စီရွှေချထားသော ပန်းပြားကြီးပေါင်းရှစ်ခုကို ဆက်စပ်ဝိုင်းဖွဲ့ကာ၊ ပုံဟုခေါ်သော ပတ်လုံများ ဆွဲချိတ်ထားသည့် ဝိုင်းပင်ဖြစ်သည်။ ထိုပန်းပြားကြီးရှစ်ခုအနက် ခုနစ်ခုမှာ ပန်းပြားကြီး တစ်ခုလျှင် ပန်းပြားငယ်သုံးခုမှ လေးခုအထိ ထုလုပ်ဆက်စပ်ထားသည်။ ကျန်ပန်းပြားငယ်တစ်ခုမှာမူ နောက်ထိုင်များ၏ဖက်၌ ရှိသည်။ ထိုပန်းပြားတွင် ဆိုင်းဆရာ ဝင်ရန်ထွက်ရန် အပေါက်ပါရှိ၍၊ ထိုအပေါက်ကို မင်းပေါက်ဟု ခေါ်သည်။ ထိုမင်းပေါက်ပါရှိသော ပန်းပြားမှလွဲ၍၊ ကျန်ပန်းပြားတို့၏ထပ်တွင် ပန်းပြားငယ်အရေအတွက်ကိုလိုက်၍ ပတ်လုံးချိန်ရန် စရွေးပေါင်း သုံးခုစီဖြစ်စေ၊ လေးခုစီဖြစ်စေရှိသည်။ မင်းပေါက်ပါသော အပြား၌ ဝဲယာနှစ်ဘက်တွင် စရွေးနှစ်ခုရှိသည်။ ပန်းပြားကြီးတစ်ခုလျှင် အကျယ်နှစ်ပေခန့်ရှိသည်။ မင်းပေါက်ရှိသော ပန်းပြားမှာ နှစ်ပေကျော်မျှကျယ်သည်။ ဆိုင်းဝိုင်၏အဝန်းမှာ မြန်မာအသုံးအနှုန်းအားဖြင့် ဆယ်တောင်ထွာရှိ၍၊ ပေဖွဲ့သော် ၁၅ ပေ ၁ဝ ၁/၂ လက်မမျှရှိသည်။ ပတ်ဝိုင်း၏ အမြင့်မှာ ခြေထောက်ပါ နှစ်ပေ ရှစ်လက်မခန့်ရှိသည်။ ပတ်ဝိုင်းခွေ၍၊ ပတ်လုံးများကို ဆွဲချိတ်ထားရာ၌၊ ပတ်လုံးနှင့် ပန်းပြားတို့ မထိမကပ်ရလေအောင် ပန်းပြားအတွင်း၌ကြိမ်ကို သံနှင့်ရိုက်၍ ခံထားသည်။ ယင်းကို ပတ်ခံဟူ၍၎င်း၊ ပတ်ခေါင်းအုံးဟူ၍၎င်း ခေါ်ကြသည်။ ပတ်ဝိုင်း၏ ပန်းပြားထိပ်များတွင် ဖန်ပဒိုင်းခေါ် ဖန်အိုးရောင်စုံများကို တပ်ဆင်လေ့ရှိသည်။ ညအခါ၌ ထိုဖန်ပဒိုင်းတွင် ဖရောင်းတိုင်ထည့်ကာ မီးထွန်းညိုရသည်။ ပတ်ဝိုင်းတွင် ပတ်လုံးပေါင်း ၁၈ လုံးမှ ၂၁ လုံးအထိ ရှိကြသည်။ ပတ်ဝိုင်းတို့ကို မှန်စီရွှေချထားလေ့ရှိသည်။ မူလက ပတ်ဝိုင်း၌ ခြေများမရှိချေ။ သက္ကရာဇ် ၁၂၈၂ ခုနှစ်က အစပြု၍ ပတ်ဝိုင်းနှင့် ကြေးဝိုင်းကိုပါ အမြင့် ငါးလက်မခွဲရှိသော ခြေထောက်များ တပ်ဆင်ပေးလာကြသည်။

ပတ်ဝိုင်း၌ပါဝင်သော ပတ်လုံးတို့ကို ပိတောက်သားနှင့် ပြုလုပ်၍၊ နွားရေနှစ်ဘက်ပိတ်ပြီးလျှင် ကျက်ထားလေသည်၊ စည်တိုနှင့် ပလုတ်တုတ်မှအပ၊ ပတ်လုံးတို့ကို ထမင်းနှင့် မန်ကျည်းပြာ၊ ညောင်ပြာတို့ကို ညက်အောင် နယ်ထားသော ပတ်စာတပ်၍ အသံညိ|ရသည်။

ကြေးဝိုင်း

အကျယ် တစ်ပေကိုးလက်မခန့်ရှိသော ပန်းပြားပေါင်း ရှစ်ပြားကိုစပ်၍၊ ကြေးဝိုင်းလုပ်လေ့ရှိသည်။ သို့သော် တစ်ခါတစ်ရံ ပန်းပြားခြောက်ခုဖြင့်သာ စပ်လုပ်ကြသည်။ ထိုသို့ပန်းပြား ခြောက်ခုဖြင့် လုပ်သောအခါ၊ ပန်းပြား တပြား၏အကျယ်မှာ နှစ်ပေလေးလက်မဖြစ်သည်။ ကြေးဝိုင်း၏ အဝန်းမှာ ၁၄ ပေခန့်ရှိသည်။ အမြင့်မှာ တစ်ပေလေးလက်မခန့် မြင့်သည်။ ကြေး ဝိုင်းတွင် ကြေးနောင်ပေါင်း ၁၈ လုံးဖြစ်စေ၊ ၁၉ လုံးဖြစ်စေ တပ်ဆင်ရသည်၊ ကြေးနောင်ကို လက်ခတ်နှင့် တီးရသည်။ ကြေးဝိုင်းကို ပတ်ဝိုင်းနည်းတူ မှန်စီရွှေချပြုလုပ် လေ့ရှိကြ သည်။ ရှေးရိုးမူအတိုင်းမှာ ကြေးနောင်ဝိုင်းကို ပန်းပြားကြီးများဖြင့် တပ်ဆင်လေ့ရှိသော်လည်း၊ နှောင်းအခါ၌ ပန်းပြားအစား ပွတ်လုံးများဖြင့် တပ်ဆင်ကြသည်။

ပတ်မကြီး

ဆိုင်းဝိုင်း၏လက်ဝဲဖက်တွင် ပတ်မကြီးကို ထားရသည်။ ရှေးရိုးမူအတိုင်းမှာ ပတ်မကြီးကို သုံးချောင်းထောက် ဝက်ခွနှစ်ခုနှင့် ထမ်းပိုးထားသော တန်းတွင်ဆွဲသည်။ ယင်းကို ပတ်မ ထမ်းဟု ခေါ်၏။ မူလက ထိုပတ်မထမ်းမှာ ရိုးရိုးသစ်သားတန်း ဖြစ်သော်လည်း၊ နောင်သောအခါတွင် ထိုတန်းကို မှန်စီရွှေချ ပေးလေသည်။ ထိုနောက်၌ကား သက်သေတိုင်ဟုခေါ်သော လေးပေလေးလက်မခန့်မြင့်သည့် ပွတ်လုံးတိုင်တတိုင်ကို ဆိုင်းဝိုင်း၌ကပ်၌ ချည်ပြီးလျှင်၊ မှန်စီရွှေချပတ်မထမ်းကို တစ်ဘက်၌ သက်သေတိုင်တွင်တင်၍၊ အခြားတစ်ဘက်၌ ဝက်ခွတွင်တင်ပြီး သော် ပတ်မကြီးကို ဆွဲထားသည်။ ထိုမှတစ်ဖန် ပတ်မထမ်းအတွက် အရင်းတုတ်၍ အဖျားရှူးသော ဝါးမင်းကိုအသုံးပြုလာကြပြန်သည်။ ထိုဝါးမင်း၏ အရင်းပိုင်းတွင် နဂါးခေါင်းကိုတပ် လေသည်။ ထိုမှတစ်ဖန် မှန်စီရွှေချ နဂါးခေါင်းဖြစ်လာပြီးသော်၊ နှောင်းအခါ၌ ပတ်မထမ်းမှာ နဂါးရုပ်၊ ပဉ္စရူပရုပ်၊ နရားရုပ်စသည်ဖြင့် တိုးတက်ဖြစ်ပေါ်လာသည်။ များသောအားဖြင့် ထို အရုပ်တို့မှာ မှန်စီရွှေချဖြစ်သည်။ နရားရုပ်၌ ခွာလေးဖက်၊ အတောင်၊ အစွယ်၊ နှာခေါင်းစသည်တို့ ရှိကြသည်။ ပတ်မထမ်းသည် အရှည် ခြောက်ပေခွဲရှိရသည်။

ပတ်မကြီးတီးသူကို ပတ်မထိန်းဟုခေါ်သည်။ ရှေးက ပတ်မထိန်းသည် ပတ်မကြီးတစ်ခုကိုသာ တီးရသည်။ ထိုစဉ် အခါက မင်းပေါက်၏လက်ဝဲပြင်ဖက်၌ ဒိုးတီးတစ်ယောက်သက် သက်ရှိသည်။ ထိုဒိုးတီးသမားသည် မင်းပေါက်ကိုလက်လျှို၍၊ ဆိုင်းဝိုင်းတွင်းရှိ လက်ရင်းပတ်လုံးကြီးဖြစ်သော ဒုန်းခဲကို သူ၏ ဒိုးနှင့်တွဲဖက်၍ တီးရသည်။ သက္ကရာဇ် ၁၂၆၃ ခုနှစ်ခန့် မှအစပြု၍၊ ဒိုးတီးကို ဖြုတ်လိုက်လေရာ၊ ပတ်မထိန်းသည် ပတ်မကြီးအပြင် ပတ်လုံးခြောက်လုံးကိုပါတီးရန် တာဝန်ယူရသည်။ ထိုနောက် ပတ်မကြီးသည် ပတ်လုံးခြောက်လုံး အပြင်၊ ပတ်စာနှစ်ဘက်တပ် စခွန့်ကိုပါ တီးလာရသည်။

နှဲ

ဆိုင်းဝိုင်းအတွက် နှဲအကြီးအငယ် နှစ်မျိုးထားရသည်။ နှဲတံကို ရှားသားနှစ်ဖြင့် ပြုလုပ်ရသည်။ အခင်ကိုမူ ထန်းရွက် အထက်အောက် သုံးခုစီလှီး၍ ပြုလုပ်သည်။ နှဲတံ၏ အရင်း ဖက်တွင် နှဲခြေခေါ် ဂေါ်လံကို ကြိုးနှင့်ဆွဲထားရသည်။ နှဲတံ အပေါ်ဖက်တွင် လက်ပေါက်အပေါက် ခုနစ်ပေါက်၊ အောက်ဖက်တွင် လက်မပေါက် တစ်ပေါက်ရှိသည်။ နှဲတံမှာ အကြီး အသေးဖြစ်ကြ၍၊ နှဲကြီး နှဲကလေးတို့အသံတူထွက်အောင်မှုတ်ရာတွင် ယင်းတို့၏ လက်ပေါက်အဖွင့် အပိတ်တို့မှာ မတူကြချေ။ နှဲဆရာသည် ကြေးဝိုင်းအနီး၌ ထိုင်ရသည်။

နောက်ထိုင်များဆိုင်းဝိုင်း၌အဓိကဖြစ်သောအထက်ဖော်ပြရာပါ တူရိယာသမားတို့အပြင် နောက်ထိုင်တို့လည်း ရှိကြသည်။ နောက်ထိုင်တို့သည် အဓိကတို့အားအထောက်အပံ့ပြုရသည်။ ပတ်မထိန်းအပါး၌ ထိုင်ရသူမှာ လက်ထောက်ပတ်မထိန်းဖြစ်သည်။ လက်ထောက်ပတ်မထိန်းကား လင်းကွင်းကြီး၊ ရှပ်၊ လင်းကွင်းလတ်နှင့်စည်တို့ကို ကိုင်ရသည်။

စည်းတီးသည် မင်းပေါက်နောက်၌ထိုင်ရ၍၊ ခတ်စည်းနှင့်သံလွင်ကို ကိုင်ရသည်။ ဝါးတီးမှာမူ သီချင်းဆိုသမားနှင့်အတူ စည်းဆရာ၏အပါး၌ထိုင်၍၊ဝါးလက်ခုပ်ကိုတီးရသည်။ အချို့ဆိုင်းဝိုင်း၌ ဝါးလက်ခုပ်အစားအလယ်ကအရှည်လိုက်ဖောက်ထားသော ဝါးပိုးဝါးကို လက်ခတ်ဖြင့် တီးကြသည်။ မောင်းသမားသည် မင်းပေါက်ဝလကျာ်ဖက်၌ ကြေးဝိုင်းနှင့် ကပ်၍ ထိုင်ရသည်။ ၁၂၆၆ ခုနှစ် လောက်၌မောင်းဆိုင်းဟူ၍ တီထွင်ကာ ဆိုင်းဝိုင်း၌ ထည့်သွင်းလာကြသည်။ ထိုအချိန်ကာလနှင့် မရှေး မနှောင်းတွင် ဘင်၊ ခရာ၊ ပလုတ်တုတ်တို့ကို ဆိုင်းဝိုင်း၌ထည့်သွင်း အသုံးပြုလာကြသည်။ ယခုခေတ်၌ကား အနောက်နိုင်ငံသုံး တူရိယာအမျိုးမျိုးတို့ကို ဆိုင်းဝိုင်းတွင် ထည့်သွင်းအသုံးပြုလျက်ရှိကြသည်။

(ဦးဂုဏ်ဘဏ်)[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.