ဗြော
ဗြော
ဗြောမှာ မြန်မာ့တူရိယာ စစ်စစ်ဖြစ်သည်။ ``ပလုပ်တုတ် ဗြုန်း ဗြော ဗြော´´ ဟူ၍ အသံထွက်သဖြင့် ဗြောဟု ခေါ်ကြဟန်တူသည်။ ဗြောမှာ ပတ်စာမပါရှိသောစည်ကို ဘုလုံးတပ်တုတ်ဖြင့် တီးခတ်ရသည်။ ဗြောအဖွဲ့တွင် ပလုပ်တုတ်တစ်ခု၊ ဗြောတစ်လုံး၊ နှဲတစ်လက်နှင့် စည်းဝါး၊ လင်းကွင်းတို့ပါကြသည်။
ရွှေဘုံနိဒါန်းတွင် အလောင်းစည်သူမင်းကြီး ဇမ္ဗူဒီပကို လှည့်လည်သည့်ကာလ ကျွန်းဦးသပြေပင်သို့ ရောက်သည် ထို ဇမ္ဗူ့သပြေပင်ကို လေ့လာ၍ လေခတ်သည့်အသံ၊ အရွက်အခက်ခြင်း ထိခိုက်သည့် အသံ၊ ဇမ္ဗူ့သပြေသီး ရေသို့ကြွေကျသံ၊ ရေမှတစ်ဖန် ပြန်ပေါ်သံတို့သည် ညီညွတ်စွာ မရှေးမနှောင်း ဖြစ်ကြ၍ ထိုအသံများကို အကြောင်းပြုကာ တူရိယာများ ပေါ်လာသည်ဟု ပါ၏။ ဗြောခေါ် စည်ပြောမှာမူ ဇမ္ဗူ့သပြေသီး ရေထဲမှ ပေါ်လာသည့် အသံကို အကြောင်းပြု၍ ပေါ်လာသော တူရိယာဖြစ်သည်။ ထို့ကြောင့် ရှေးကဗျာတို့၌ ``ကျွန်းဦးသပြေ၊ ညှာမှာကြွေသား၊
ကျပေတုံလှာ၊ ရေမျက်နှာထက်၊
သံဝါကျူးလွန်၊ နစ်လေဟန်တူ၊
ပြုတ်ပြုတ် ဟူ၍၊ ပေါ်မူထူးလည်၊
ပြုန်း ပြုန်း မြည်ရှင့်။ ။ ဟူ၍ စပ်ဆိုခဲ့ကြသည်။
ဗြောသည် အလွန်မင်္ဂလာရှိသော အဆောင်အရွက်တို့တွင်မှ အသုံးပြုသော တူရိယာဖြစ်သည်။ ယခုခေတ်တွင် အလှူမင်္ဂလာ အရာ၌တွင်မှ ဗြောကို သုံးကြသည်။ ရှေးမြန်မာ ဘုရင်ခေတ်က ထွက်တော်မူကြီး၌ စည်တော်ရွမ်း၍ ဗြောကို တီးရသည်။ အင်းဝခေတ် ရှင်ဘုရင်များ ထွက်တော်မူရာတွင် တီးမှုတ်ရသော စည်ဝိုင်း သုံးဝိုင်းအနက် စည်ပြောဝိုင်းမှ တဆင့် ဆင်းသက်လာသည်ဟု ယူဆရသည်။
ဗြောမှာ မြန်မာ့တူရိယာ စစ်စစ်ဖြစ်သော်လည်း မြန်မာတို့၌ ခေတ်မြုပ်နေခဲ့သည်။ သို့သော် ရွာစား စိန်ဗေဒါသည် ဗြောကို သစ်ဆန်းစေခဲ့သည်။ ``မြို့လယ်ကမဏ္ဍပ် - အရပ်မှာတဲ့ ကုသိုလ်´´အစချီ မင်္ဂလာ ဗြောညွန့်ကို တီထွင်၍ တစ်စခန်းသစ် စေခဲ့သည်။ သို့သော် စိန်ဗေဒါကြီး၏ ဗြောညွန့်ကို ဆိုင်းဝိုင်း ဖြင့်သာတီးလေသည်။ ထို့ကြောင့် ဗြောတုဟု ဆိုရပေမည်။ [1]
ကိုးကား
- မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)