တံပိုး (တူရိယာ)
တံပိုး(တူရိယာ)
တံပိုး(တူရိယာ)ဆိုသည်မှာ အလွန်ရှေးကျလှသော လေမှုတ်တူရိယာတစ်မျိုး ဖြစ်သည်။ ယင်းတူရိယာကို မြန်မာနိုင်ငံ သရေခေတ္တရာခေတ်ကပင် စတင်၍ တီးမှုတ်နေကြသည်။ တံပိုး တူရိယာမှာ ကျွဲချို၏ အလယ်တွင် ဖောက်၍ အခင်ပြားကလေးကို လိုသလို ဖိနှိပ်မှုတ်နိုင်ရန် တပ်ဆင်ထားသည်။ အသံမှာ သုံးလေးသံထွက် ခရာသံများကဲ့သို့ သာယာစူးရှသည်။ ပုဂံခေတ် စေတီပုထိုးများတွင် စည်တီးဝိုင်း၌ ထည့်သွင်း တီးမှုတ်ဟန်ကို တွေ့ရသည်။ အင်းဝခေတ် ထွက်တော်မူ စည်တီးဝိုင်း သုံးဝိုင်းရှိသည့်အနက် စည်ဝန်းတီးဝိုင်းများ၌ တံပိုးကို တွေ့နိုင်သည်။ တူရိယာ ငါးမျိုးရှိသည့်အနက် သုသိရ ဟုခေါ်သော အခေါင်းရှိ စည်မျိုးတွင် ``တံပိုးမျိုးရှစ်ပါး´´ ပါဝင်သည်။
ယင်းတို့ကား-
- တုလောက်
- ခရာကောက်
- ခရာမြွာ
- နှဲ
- ပြွေ
- ဖက်လိပ်
- လက်တံရှည်
- လက်တံတို(သို့) ချည်ချောင်း တို့ဖြစ်သည်။
ရွှေဘုံနိဒါန်း အဆိုအရမူ တံပိုးမှာ အလောင်းစည်သူလက်ထက် ဇမ္ဗူ့သပြေပင်၏ အကိုင်းအခွ အကွေးအဝိုက်ကို လေတိုး၍ မြည်သံစွဲသည်။ များသောအားဖြင့် တံပိုးကို တိရစ္ဆာန် ချိုနှင့် လုပ်ကြမှုတ်ကြပြီး ယင်းကို စစ်ချီရာ၌ သုံးကြသည်။ [1]
ကိုးကား
- မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)