တေးထပ်
မြန်မာစာပေတွင် ကဗျာဟူသော မူလပင်မ၌ လင်္ကာ၊ သီချင်းဟု အခက်အလက်ရှိရာ တေးရိုး၊ တေးဆန်းသည် သီချင်းစုတွင် ပါဝင်သည်။ သက္ကရာဇ် ၉၅၉ မှ ၁၁၁၃ ခုနှစ် အထိထွန်းကားခဲ့သော ညောင်ရမ်းခေတ်တွင် တေးရိုးကဗျာ ပေါ်ပေါက်လာခဲ့သည်။ ယင်းတေးရိုးတို့ကို ဆယ့်နှစ်ရာသီဖွဲ့ များကို ဖွဲ့ဆိုရာ၌ သုံးလေ့သုံးထရှိကြသည်။ ထိုတေးရိုး၏ နမူနာကိုပြရသော်- တန်ခူးဂိမှမှာ ဓာတ်တေဇယှဉ်မှီ၊ ခါမိဿချိန်ညီ၊ သဝဏီနက္ခတ်၊ စိတြမည်မကွာ၊ တာရာမှာ ကေဝဓမှတ်။ ပန်းကံ့ကော်ရင်ခတ်တို့ ပွင့်ချပ်ကယ်စုံလင်၊ သင်းရနံ့ပျံ့ရွှင်၊ ရေသဘင်ပွဲလမ်း၊ ထိန့်ရိုက်ဆင့်ကြူးကြော်သည် သင်္ကြန်တော်ကျူးရင့်သည့်တမ်း။ ဟူ၍ဖြစ်သည်။
ထိုတေးရိုးတွင်ပါရှိသော တေးသံကို အကွန့်အတက် ဆန်းပြားစွာဖြင့် ထပ်၍ထပ်၍ ဖွဲ့စည်းသီကုံး အပ်သောကဗျာကို တေးထပ်ခေါ်သည်ဟု ယူဆကြသည်။
တေးထပ်စပ်နည်းကို စလေဦးပုညက။ ‘စပ်မူနည်းရေးလိုပါ လျှင်၊ တေးကိုသာရအောင်ကျက်ပါတော့၊ ခက်လှဘူးမျိုးသိင်္ဂါ စိုးရိမ်နှင့်ဗျာ။’ဟု ဩဝါဒပြုခဲ့ကြောင်းဖြင့် ကဗျာ့ကြေးမုံ ပိဋကတ်ကြေးမုံကျမ်းက ဆိုလေသည်။ ဤစကားအရ တေးထပ် တို့ကို ကျက်မှတ်၍ အဆိုတတ်လျှင် တေးထပ်စပ်ရန် မခဲယဉ်းတော့ပြီဟု သိသာလေသည်။ သို့သော် တေးထပ်စပ် နည်းကို ဝေဖန်ပိုင်းခြား၍ ကြည့်တတ်လျှင် သာ၍လွယ်ကူစွာ ပင် စည်းစံနစ်မှန်ကန်စွာဖြင့် စပ်ဆိုနိုင်ရာသည်။
တေးထပ်စပ်နည်းအခြေခံတို့မှာ ဤသို့တည်း။ တေးထပ်၌ ၁၈ ပါဒရှိသည်။ ယင်း ၁၈ ပါဒတို့ကို အအုပ်အခံကာရန်အရ ခြောက်ပါဒစီ ပါဝင်သော အပိုင်းသုံးပိုင်းခွဲခြားနိုင်သည်။ အပိုဒ် အားဖြင့်ခွဲခြားလျှင် ပထမပိုင်းတွင် နှစ်ပိုဒ်၊ ဒုတိယပိုင်းတွင် သုံးပိုဒ်၊ တတိယပိုင်းတွင် နှစ်ပိုဒ် ပေါင်းခုနစ်ပိုဒ်ပါရှိသည်။ ပထမပိုင်းတွင် အစလေးပါဒခံ၍၊ နှစ်ပါဒ အုပ်ရသည်။ ယင်း အခံနှင့် အအုပ်ပိုဒ်များမှာ ပထမပိုဒ်နှင့် ဒုတိယပိုဒ်ဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်ပါဒတက်၍ နှစ်ပါဒခံပြီးလျှင် နှစ်ပါဒ အုပ်ရသည်။ နှစ်ပါဒစီပါသော တတိယပိုဒ်၊ စတုတ္ထပိုဒ်နှင့် ပဉ္စမပိုဒ်များ ဖြစ်ကြသည်။ တတိယပိုင်းမှာ ပထမပိုင်းကနည်း အတိုင်း လေးပါဒခံ၍ နှစ်ပါဒအုပ်ရသည်။ ယင်းအခံနှင့်အအုပ် ပိုဒ်များမှာ ဆဋ္ဌမနှင့် သတ္တမပိုဒ်များဖြစ်သည်။
ဤစံနစ်တွင်အခံ အအုပ်ကာရန်သဘောဖြင့် အပိုဒ်ခွဲခြားခြင်းဖြစ်သည်။ တေးထပ်၏ အစပါဒကို စကားလုံး ငါးလုံးဖြင့်သော်၎င်း၊ ခြောက်လုံးဖြင့်သော်၎င်းစသည်။ တေးသံအားဖြင့် အသံငါးလုံး မှာ မူမှန်ဖြစ်၏။ သို့ရာတွင် ကဗျာဖွဲ့ရာတွင် ဝါစာသိလိဋ္ဌဖြစ် အောင်ထည့်သော စကားလုံးတို့ကြောင့် ခြောက်လုံး ဖြင့်စလျှင် လည်း အသံစဉ်အားဖြင့် မမှားချေ။ တေးထပ်၏ နောက်ဆုံး ပါဒ နောက်ဆုံးစကားလုံးမှာ ‘လေး’ဟူသော စကားလုံးကို အသုံးများသည်။ သို့သော် တစ်ခါတစ်ရံ ‘လား’ဟူသော စကား လုံးကိုလည်း သုံးတတ်သည်။
တေးထပ်တို့တွင်ပါဝင်သော စကားလုံးဦးရေမှာ တေးထပ် တစ်ခုနှင့်တစ်ခု မတူညီကြလေ။ များသောအားဖြင့် ခြောက်လုံး တပါဒ၊ ငါးလုံးတပါဒ စပ်လေ့ရှိကြသည်။ ခုနစ်လုံး ရှစ်လုံးပါ သော ပါဒများလည်း ရှိနိုင်သည်။ အသံ သုတိ သာယာခြင်း၊ စကားသွား ချောမွတ်ခြင်းသာလျှင် အဓိကဖြစ်သည်။ ထိုပြင် တတိယပိုင်း၏ အခံပိုဒ်ဖြစ်သော ဆဋ္ဌမပိုဒ် (၁၆) ပါဒတွင် ကာရံလေးလုံးမျှသာ ရှိတတ်သည်ကိုလည်း မှတ်သားသင့်ပေ သည်။
အောက်ပါ တေးထပ်ရေးစပ်နည်း ပြဆိုသော တေးထပ်ကို ဥဒါဟရုဏ်အားဖြင့် ထည့်သွင်းလိုက်သည်။ ထိုတေးထပ် စပ်နည်းကို လက်ဖက်ရည်တော် ရွာစဉ်ရွာစွား မင်းလှသင်္ခယာ ဘွဲ့ခံ ဦးပုညရေးသည်။ ပထမပိုင်း ပထမပိုဒ် (၁) ပါဒ တေးထပ်ကိုဉာဏ်ဆလို့ (၂) ပါဒ ကြံကြတော့စပ်ပုံ (၃) ပါဒ ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျှင် အခံ (၄) ပါဒ အလုံးစုံပြီးမြဲ ၁ ဒုတိယပိုဒ် (၅) ပါဒ အထခြောက်လုံးချီသည် (၆) ပါဒ ဆုံးလေပြီ ခုနစ်နှင့်ဘဲ ၁ အအုပ် ဒုတိယပိုင်း တတိယပိုဒ် (ရ) ပါဒ ၏၍ ၌ သည်နှင့် ကိုကို အတက် (၈) ပါဒ သဒ္ဒါလိုမှတ်စွဲ ၁ စတုတ္ထပိုဒ် (၉) ပါဒ အဓိပ္ပါယ်မှန်မလွဲ ၁ စေနှင့် အခံ (၁၀) ပါဒ ကြံခဲ ၁ လို့ စပ်ပါ ပဉ္စမပိုဒ် (၁၁) ပါဒ ဆဲ့ခြောက်ထွေအစပ်သွား အအုပ် (၁၂) ပါဒ မမှားအောင်ရကြစေမှာ ၂ တတိယပိုင်း ဆဋ္ဌမပိုဒ် (၁၃) ပါဒ ပေါရာဏကထာ ၂ ကို (၁၄) ပါဒ အခါခါ ၂ ဉာဏ်ရှုလို့ (၁၅) ပါဒ ဧချင်းစု ၁၅ ထွေ ၃ အခံ (၁၆) ပါဒ ကျွမ်းကျင်ကြစေ၃ သတ္တမပိုဒ် (၁ရ) ပါဒ တေးထပ်ရိုးပုံအနေ ၃ မှာ အအုပ် (၁၈) ပါဒ စပ်ကြလေ ၃ သည်နည်းပလေး
အထပ်ပါဥဒါဟရုဏ်တွင် အတွင်းကာရန်များကို အမဲစာလုံး ပြောင်ဖော်၍ ပြထားသည်။ အခံအအုပ်ဟူသော အဆုံးကာရန် တို့ကိုမူ အမဲစာလုံးပြောင်အပြင် ၁ ၂ ၃ ဟုဂဏန်းစဉ်ဖြင့် ပြထားသည်။ တေးရိုးမှသည် တေးထပ်သို့ ပြောင်းလဲလာပုံကို ဤ စာကိုယ်၏ အစနားတွင် ဖော်ပြသောတေးရိုးနှင့် ယှဉ်၍ကြည့် ရာသည်။
ကဗျာကဝိတို့သည် တေးထပ်ကို ဉာဏ်ကွန့်မြူး၍ အမျိုး မျိုးစပ်ဆိုကြရာတွင် ၁၀၈၀ ပြည့်နှစ်တွင် ရှစ်ဆယ်ပေါ်တေး ထပ်ဟူ၍ ပေါ်ပေါက်လာကြောင်းဖြင့် ပုဂံဝန်ထောက်မင်း ဦးတင်ရေးသားသော ကဗျာ ဗန္ဓသာရကျမ်းတွင်လာရှိသည်။ နှောင်းပညာရှိတို့သည် ယင်းရှစ်ဆယ်ပေါ်တေးထပ်အသွားကိုပင် ဉာဏ်ကွန့်၍ ထပ်တွန့်တေးထပ်များ ရေးစပ်ကြသည်။ ကာရန် ကြွယ်ဝသည်နှင့်အမျှ တေးထပ်ကိုချဲ့ထွင်၍ စပ်ဆိုကြစေကာမူ ယခုပြဆိုခဲ့သော တေးထပ်စပ်နည်း အခြေခံအတိုင်းသာလျှင် ဖြစ်ကြရပေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)