မြန်မာ့စီးပွားရေးဘဏ်

မြန်မာ့စီးပွားရေးဘဏ်၊ ရုံးချုပ်ကို ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် နေပြည်တော်၌ စတင်ဖွင့်လှစ် ခဲ့ပြီး စီမံခန့်ခွဲရေးဌာနနှင့် ရုံးချုပ်ဌာနကြီးများ၏ ဌာနခွဲအသီးသီးသည်လည်း ၂၀၀၆ ခုနှစ် မေလမှစ၍ ရန်ကုန် မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသစ်ဖွင့်ပွဲကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်းနေ့မှာပင် နေပြည်တော်ဘဏ်ခွဲသည် ဘဏ်လုပ်ငန်းဆောင်တာ များကို စတင်ဆောင်ရွက်ခဲ့သည်။[1]

မြန်မာ့စီးပွားရေးဘဏ်
Myanma Economic Bank
အမျိုးအစားအစိုးရဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်ဧပြီ ၂၊ ၁၉၇၆ (၁၉၇၆-၀၄-၀၂)
ဌာနချုပ်အမှတ်၊ ၂၆၊ သီရီကျော်စွာလမ်း၊ နေပြည်တော် မြန်မာ
ဝက်ဘ်ဆိုက်meb.gov.mm

သမိုင်းကြောင်း

မြန်မာ့စီးပွားရေးဘဏ်ကို ၁၉၇၆ ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်မှ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် ဆိုရှယ်လစ်စနစ်သို့ ပြောင်းလဲခဲ့ရာ စီးပွားရေးစနစ်ကိုလည်း စီမံကိန်းစီးပွားရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ဤပြောင်းလဲမှုက ၁၉၆၀ ပြည့်နှစ်များတွင် တစ်ခုတည်းသော ဘဏ်စနစ်တစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တည်ဆဲဘဏ်များအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ် အက်ဥပဒေအရ ပြည်သူပိုင်ပြု လုပ်ထားသည့် ဘဏ်များအား ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပြည်သူ့ဘဏ် ဟုခေါ်တွင်သည့် တစ်ခုတည်းသော ဘဏ်အဖြစ် ပေါင်းစည်းစေခဲ့သည်။ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ပြည်သူ့ဘဏ်၏ဌာန တစ်ခုဖြစ်လာခဲ့ပြီး ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ၁၉၇၆ ခုနှစ်တွင် ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်(UBB) (ယခု မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ စိုက်ပျိုးရေးဘဏ် (MAB) ဟူသည့် နိုင်ငံပိုင်ဘဏ် (၄) ဘဏ်အဖြစ် ပြန်လည် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ထိုအချိန်မှစ၍ မြန်မာ့စီးပွားရေး ဘဏ်သည် ပြည်တွင်း ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ရာ စီးပွားရေးစနစ်သစ်နှင့်အညီ ငွေရေးကြေးရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ခဲ့သည်။ ဈေးကွက် စီးပွားရေးစနစ်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ မြန်မာ့လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ဥပဒေ ဟူသည့် ဘဏ်လုပ်ငန်း ဥပဒေသစ်များကို ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့စီးပွားရေးဘဏ်အား တည်ဆဲနိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။[1]

ဖွဲ့စည်းပုံ

မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင်ရှိပြီး ဦးဆောင်ညွှန်ကြားရေးမှူးသည် မြန်မာ့စီးပွားရေးဘဏ်၏ အကြီးအကဲဖြစ်သည်။ အထွေထွေမန်နေဂျာ (၄) ဦးတို့မှ ဌာနတာဝန်ခံများ အဖြစ်ဦးဆောင် ညွှန်ကြားရေးမှူးအား ပံ့ပိုးဆောင်ရွက်သည်။ လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်၌ အရာထမ်း (၆၉၇) ဦးနှင့် အမှုထမ်း (၇၅၄၉) ဦး တာဝန်ထမ်းဆောင်လျက်သည်။[1]

မြန်မာ့စီးပွားရေးဘဏ်တွင် မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်သည့်အဖွဲ့အစည်း (၃) ခုရှိသည်။ ယင်းတို့မှာ-

  • ဒါရိုက်တာများဘုတ်အဖွဲ့
  • စီမံခန့်ခွဲမှုကော်မတီနှင့်
  • ချေးငွေကော်မတီ တို့ဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်သည် ရုံးချုပ်ဌာနကြီး (၆) ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး (၁၄) ခု နှင့် ဘဏ်ခွဲပေါင်း (၃၀၇) ဘဏ်ပါဝင်သည့် ကွန်ရက်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်း ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အဓိကထားဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေက နိုင်ငံရှိ ဘဏ်အားလုံးကို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်ခွင့်ပြုခဲ့ရာ မြန်မာ့စီးပွားရေးဘဏ်သည် ပြည်တွင်း နှင့် ပြည်ပဘဏ် လုပ်ငန်းဝန်ဆောင်မှု (၂) မျိုးလုံးအား ဆောင်ရွက်လျက်ရှိသည်။

မတည်ငွေရင်း

မြန်မာ့စီးပွားရေးဘဏ်၏ မတည်ငွေရင်းမှာ ကျပ်သန်းပေါင်း (၄၂၀) ဖြစ်ပြီး နိုင်ငံတော်မှ အပြည့်အဝ ထည့်ဝင်ထားသည်။[1]

လုပ်ငန်းဆောင်ရွက်မှုများ

မြန်မာ့စီးပွားရေးဘဏ်သည် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း များကိုလည်း ဆောင်ရွက်ပြီး ပုဂ္ဂလိကနှင့် နိုင်ငံတော်ကဏ္ဍ (၂) ရပ်လုံးသို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာ့စီးပွားရေးဘဏ် ၏အဓိကလုပ်ငန်းများ၌ အောက်ပါတို့ ပါဝင်သည်။[1]

  • စာရင်းရှင်အပ်ငွေနှင့် အချိန်ပိုင်းအပ်ငွေများ လက်ခံခြင်း၊
  • ချေးငွေထုတ်ချေးခြင်း၊
  • ချက်လက်မှတ်နှင့် အခြားစာချုပ်စာတမ်းများကို ကောက်ခံခြင်း၊ ရောင်းဝယ်ခြင်း၊
  • ငွေလွှဲစာတမ်းများနှင့် ခရီးသွားချက်လက်မှတ်များ ထုတ်ပေးခြင်း၊
  • နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊
  • ဘွန်းစာချုပ်များနှင့် ငွေချေးသက်သေခံလက်မှတ်များအား ဖောက်သည်များကိုယ်စား ဝယ်ယူခြင်းနှင့် ရောင်းချခြင်း၊
  • လုံခြုံမှုအတွက် အပ်နှံသည့်ပစ္စည်းများအား လက်ခံဆောင်ရွက်ခြင်း၊
  • ငွေကောက်ခံခြင်းနှင့် လွှဲပြောင်းပေးပို့ခြင်း၊
  • ဘဏ်အာမခံပေးခြင်းလုပ်ငန်းနှင့် ဘဏ္ဍာထိန်းလုပ်ငန်းဆောင်ရွက်ခြင်း၊
  • နိုင်ငံတော်ရန်ပုံငွေစာရင်းထိန်းသိမ်းပေးခြင်း၊
  • ပင်စင်ထုတ်ပေးခြင်းလုပ်ငန်း၊
  • နိုင်ငံ့ဝန်ထမ်းများဘဏ်လုပ်ငန်း၊
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်တစ်ဝှမ်း ငွေကြေးသေတ္တာများ ထိန်းသိမ်းဆောင်ရွက်ပေးခြင်း၊
  • တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်များ၌ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်း များ အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ခြင်း။

အတိုးနှုန်းများ

လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေစုဘဏ်အပ်ငွေအတွက် (၈%)၊ ငွေစုလက်မှတ်စုဆောင်း ငွေအတွက် (၉%)၊ (၃) လအချိန်ပိုင်းအပ်ငွေအတွက် (၈.၂၅%)၊ (၆) လအချိန်ပိုင်းအပ်ငွေ အတွက် (၈.၅၀%) နှင့် (၉) လအချိန်ပိုင်းအပ်ငွေအတွက် (၈.၇၅%) အတိုးပေးလျက်ရှိသည်။ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့ ထုတ်ချေးငွေအပေါ် (၄%)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ ထုတ်ချေးငွေအပေါ် (၄%)၊ မြန်မာ့အသေးစားချေး ငွေလုပ်ငန်းသို့ ထုတ်ချေးငွေအပေါ် (၉.၅%) နှင့် ပုဂ္ဂလိကကဏ္ဍသို့ စာရင်းပိုထုတ်ချေးငွေအပေါ် (၁၃%) အသီးသီး အတိုးကောက်ခံသည်။ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေများအတွက် အတိုးနှုန်းများမှာ (၁၂.၅%) နှင့် (၁၂.၂၅%) အသီးသီးဖြစ်သည်။[1]

နိုင်ငံခြားဘဏ်လုပ်ငန်းနှင့်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ

မြန်မာ့စီးပွားရေး ဘဏ်သည် နိုင်ငံခြားငွေ လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်နေသည်။ မြန်မာ့စီးပွားရေးဘဏ်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းကိုလည်း One Stop Service အဖွဲ့ဝင်အဖြစ် ဝန်ဆောင်မှုပေးနေသည်။ မြန်မာ့စီးပွားရေးဘဏ်သည် နယ်စပ် ကုန်သွယ်ပေးချေမှုများအတွက် အောက်ဖေါ်ပြပါ လုပ်ငန်းများကို လုပ်ဆောင်ပေးသည်။

  • မြန်မာ့စီးပွားရေး ဘဏ်၏ ရုံးချုပ်နှင့် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ဘဏ်ခွဲများတွင် နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ပေးခြင်း၊
  • နိုင်ငံခြားငွေများ စာရင်းလွှဲပြောင်းပေးခြင်း၊
  • နိုင်ငံခြားငွေဖြင့် ငွေလွှဲပို့ခြင်းနှင့် ငွေလွှဲထုတ်ယူခြင်း၊
  • နိုင်ငံခြားငွေဖြင့် ငွေပေးအမိန့်၊ ဘီလ်များနှင့် ချက်လက်မှတ်များအား ကောက်ခံပေးခြင်း၊
  • ပြည်ပကုန်သွယ်ရေးအတွက် ပို့ကုန်၊ သွင်းကုန်ငွေလွှဲစာတမ်းများ ဆောင်ရွက်ပေးခြင်း၊
  • နယ်စပ်ဒေသနှင့် မြို့နယ်များရှိ အစိုးရဌာနများသို့ နိုင်ငံခြားငွေရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ ဆောင်ရွက်ပေးခြင်း၊
  • နယ်စပ်ဒေသရှိ ဘဏ်ခွဲများ၌ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများအား အမေရိကန်ဒေါ်လာနှင့် ဘဏ်ငွေလွှဲ လက်မှတ်တို့ဖြင့် ဆောင်ရွက်ပေးခြင်း။[1]

အကိုးအကား

  1. မြန်မာ့စီးပွားရေးဘဏ် ဘဏ္ဍာရေးဝန်ကြီးဌာန။ 21 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။

ပြင်ပဆက်သွယ်ရေး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.