၁၉၄၈
၁၉၄၈ (MCMXLVIII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် ကြာသပတေးနေ့မှ စတင်သော ရက်ထပ်နှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၈ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၄၈ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၈ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၉ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ထောင်စုနှစ်: | ၂ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: |
|
ခုနှစ်များ: |
၁၉၄၈ ခုနှစ် မှတ်တမ်း
ဇန်နဝါရီလ
(၁) ရက်။
- ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်)တွင် ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ပြည်သူလူထု သုံးသောင်းခန့် လာရောက် အလေးပြု။
- ရန်ကုန်မြို့ ရေကျော်ရပ်၌ သံတွဲခရိုင် အသင်းက အရေးပေါ် အစည်းအဝေး ကျင်းပကာ ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ ပြည်မနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်။
(၂) ရက်။
- ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်း ကပ်လှူ။
- ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။
(၃) ရက်။
- တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။
- ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။
- ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။
(၄) ရက်။
- နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။
- ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။
(၅) ရက်။
- လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။
- ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။
(၆) ရက်။
- လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။
- မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။
- အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။
(၈) ရက်။
- ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။
- ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။
- သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။
(၁၀) ရက်။
- မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါသော ကချင်ပြည်နယ်ဖွဲ့။
(၁၄) ရက်။
- မြစ်ကြီးနား၌ ကျင်းပသော ကချင် မနောပွဲ သို့ သမ္မတ စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် သခင်နုတို့ တက်။
(၁၇) ရက်။
- ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။
(၁၈) ရက်။
- ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။
(၂၀) ရက်။
- ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။
(၂၂) ရက်။
- ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။
(၂၄) ရက်။
- ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။
- အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။
- အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင်လေးမောင် နေအိမ်တွင် အဖမ်းခံရ။
(၂၅) ရက်။
- ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။
(၂၆) ရက်။
- အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။
- ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
- ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။
(၂၇) ရက်။
- တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။
(၂၈) ရက်။
- စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။
(၂၉) ရက်။
- ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။
ဖေဖော်ဝါရီလ
(၁) ရက်။
- စောဘဦးကြီး။ သရာသာထိုနှင့် အဖွဲ့က သထုံ ရဲဌာနပိုင် အင်းဝိုင်းရွာ၌ ကရင်နယ် သီးခြား ရရှိရေး တရားဟော။
(၃) ရက်။
- ပြည်ထောင်စုဘဏ် ဖွင့်။ ကေအင်ဒီအို သီးခြား ကရင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆို။
(၉) ရက်။
- ဦးစော၏ အယူခံမှု စတင် ကြားနာ။
(၁၁) ရက်။
- ကေအင်ဒီအိုက ဦးစီး၍ ကရင် အမျိုးသားများ အင်အားပြပွဲ အင်းစိန်၌ ကျင်းပ။ ကျိုက်ထိုမြို့ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း ကရင်လူထု အင်အားပြပွဲ ကျင်းပ။
(၁၂) ရက်။
- ကေအင်ဒီအိုက ကြီးမှူး၍ ကရင် အမျိုးသား အင်အားပြပွဲများ ပုသိမ်နှင့် ညောင်တုန်း၌ ကျင်းပ။
- ဟာဗနားမြို့၌ ကျင်းပသော ကူးသန်းရောင်းဝယ်ရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြသော ဦးလှမောင်၊ ဦးခင်မောင်ကလေးနှင့် ဦးစိန်ဘွားတို့ ရန်ကုန် ပြန်ရောက်။
(၁၇) ရက်။
- ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလက တည်ထောင်ခဲ့သော အမျိုးသား တက္ကသိုလ်ကို သက်ကြီး ပညာသင် တက္ကသိုလ် (University for Adult Education) ဟု အမည်ပြောင်း။
- ဗမာပြည် သတင်းစာ ဆရာများ အသင်းတိုက်၌ အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုးနှင့် သတင်းစာ ဆရာများ တွေ့ဆုံ။
(၁၈) ရက်။
- နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့ ဖလန်းမြို့ ရောက်။
- ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့က ကြီးမှူး၍ ရွှေတိဂုံဘုရား အနောက်မုခ်၌ ကျင်းပသော စက်မှုလက်မှု ပြပွဲကို ဝန်ကြီးချုပ် သခင်နု ဖွင့်ပေး။
- ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ သပိတ် စသည့် ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ပြီး အစိုးရ ဗျာများနေစဉ် အာဏာလုယူရန် လမ်းစဉ်ကို အတည်ပြု။
(၂၀) ရက်။
- ပထမပတ် တောင်သူ လယ်သမား သင်တန်းသားများအား ဝန်ကြီးချုပ် သခင်နုက ဖဆပလအစိုးရ၏ စေတနာနှင့် လုပ်ငန်းစဉ်ကို ရှင်းပြ။
(၂၄) ရက်။
- ဆိုဗီယက် ရုရှားနှင့် မြန်မာနိုင်ငံ သံတမန် လဲလှယ်ရန် သဘောတူချက် ကြေညာ။
(၂၆) ရက်။
- မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ဆိုရှယ်လစ် ဝါဒမှ တိမ်းစောင်းမည် မဟုတ်ကြောင်း သခင်နု ပြော။
(၂၇) ရက်။
- ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင် ကစားဝိုင်း တိုက်ဖျက်ရေး အဖွဲ့က ကြီးမှူး၍ ဟိုပုန်းတွင် ကစားဝိုင်းများ ဖျက်သိမ်းရေး လူထု ဆန္ဒပြပွဲ လုပ်။
မတ်လ
(၃) ရက်။
- ကေအင်ဒီအို ပါတီက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။
- မွန်တိုင်းရင်းသား အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ် တောင်းဆိုရန် ဆုံးဖြတ်။
- ရာမညတိုင်း (The Ramennya Taing) သတင်းစာ မော်လမြိုင်မြို့၌ စထုတ်။
(၄) ရက်။
- ဂျူဗလီဟော၌ ထားသော မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလပ်ကို ရှမ်းပြည်သို့ သယ်ဆောင်။
(၆) ရက်။
- စစ်ရုံး ဖွဲ့စည်းပုံကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုး၍ ထုတ်ပြန်။
(၁၀) ရက်။
- စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့ ဝန်ကြီးချုပ်ရုံး၌ သခင်နုနှင့် တွေ့၍ ကရင်ပြည်နယ် သီးခြားတောင်းသည့် ကိစ္စ ဆွေးနွေး။
- အလံနီ ခေါင်းဆောင် သခင်စိုးအား နောက်ပါ လေးယောက်နှင့် အတူ ကြည့်မြင်တိုင် ဗားဂရာ၌ ဖမ်းမိ။
(၁၂) ရက်။
- အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန်က သမ္မတ အိမ်တော်၌ သီဟာသနပလ္လင်တော်နှင့် သီပေါမင်း၏ စာရေးခုံကို အခမ်းအနားဖြင့် အပ်နှံ၊ ထို့နောက် ဂျူဗလီဟော၌ ထားသော အာဇာနည် ခေါင်းဆောင်ကြီးများ ရုပ်ကလပ်တွင် ပန်းခွေချ။
- ဆိုရှယ်လစ်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်များကို ဖျက်ဆီး။ "မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရားလက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်" ဟု သခင်နုက အသံလွှင့် မိန့်ခွန်းပြော။
(၁၃) ရက်။
- အလံဖြူ ကွန်မြူနစ်များ ဦးစီး ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ၏ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ပျဉ်းမနား၌ ကျင်းပ။
- မောင့်ဘက်တန်နှင့်အဖွဲ့ ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမြှော်။
(၁၄) ရက်။
- မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာပြည် ပုံနှိပ်တိုက်များ အသင်း အမှုဆောင်များ ပူးပေါင်း အစည်းအဝေးကို ပန်းဆိုးတန်းရှိ မြန်မာနိုင်ငံ သတင်းစာတိုက်များ ဖျက်ဆီးခံရသည့် ကိစ္စ ဆွေးနွေး။
(၁၅) ရက်။
- ဗန္ဓုလပန်းခြံ၌ ကျင်းပသော တောင်သူ လယ်သမားထု အစည်းအဝေး၌ နယ်ချဲ့ အရင်းရှင်တို့၏ ပရိယာယ်ကို သတိပြုရန်နှင့် လူထုက လမ်းလွဲ မလိုက်မိရန် လိုအပ်ပုံကို သခင်နု ပြော။ ပျဉ်းမနားမြို့၌ တောင်သူ လယ်သမား ကွန်ဂရက် နောက်ဆုံးနေ့ ကျင်းပ။
- ပြည်ထောင်စု နေ့စဉ် သတင်းစာ စထုတ်။
(၁၇) ရက်။
- ဂျာနယ်ကျော် သတင်းစာထုတ်။
(၁၈) ရက်။
- တနိုင်ငံလုံးမှ တက်ရောက်သော ပျဉ်းမနား တောင်သူ လယ်သမားထု အစည်းအဝေးက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။
(၁၉) ရက်။
- ဗမာပြည်သူ ဘဏ်တိုက်ကို ပန်းဆိုးတန်းနှင့် ကုန်သည် လမ်းထောင့်၌ ဖွင့်။
(၂ဝ) ရက်။
- မော်လမြိုင်၌ ကျင်းပသည့် မွန်အမျိုးသားများ ညီလာခံက မွန်သီးခြား ပြည်နယ် တောင်းဆို။
- ရန်ကုန်မြို့ ၄၁ လမ်းရှိ အစိုးရ အမှုထမ်း ပေါင်းစုံ သမဂ္ဂ အသင်းတိုက်၌ အရေးပေါ် အစည်းအဝေး ကျင်းပကာ ဆိုရှယ်လစ်များက သတင်းစာ တိုက်သုံးတိုက်ကို ဖျက်ဆီးသည့် လုပ်ရပ်ကို ရှုတ်ချ။
- ရှန်တိန်လုပ်သော မီးရထား ခေါင်းတွဲမှ မီးပွား ဘူတာရုံ အနီး တဲငယ်ပေါ် ကျရာမှ ပြည်မြို့ လေးပုံသုံးပုံခန့် မီးလောင်ခံရ။
(၂၂) ရက်။
- လန်ဒန်တွင် ပညာရေး ကိစ္စများ လေ့လာရန် ဆရာကြီး ဦးဘလွင် ရန်ကုန်မှ ထွက်ခွာ။ သီဟိုဠ်မှ ပင့်ဆောင်လာသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလန်မထေရ်တို့၏ ဓာတ်တော်များ ရန်ကုန်ရောက်။
(၂၃) ရက်။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့က သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းပေးရန် သမ္မတထံ စာတင်။
(၂၅) ရက်။
- ဖဆဖလက လမ်းညွှန် သတင်းစာ ပြန်ထုတ်။ ဗကပ၏ အာဘော်ဖြစ်သော ပြည်သူ့ အာဏာ ဂျာနယ်တိုက် ချိပ်ပိတ်ခံရ။
(၂၆) ရက်။
- ကွန်မြူနစ်များကို ဖမ်းဆီးရန် ဖဆပလ အစိုးရက ဆုံးဖြတ်။ ကွန်မြူနစ် နေ့စဉ် သတင်းစာ ရပ်စဲ။ ကွန်မြနစ်များနှင့် စေ့စပ်ရန် ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဆမားဒူဝါးဆင်ဝါးနောင်၊ ဦးဝမ်းသူးမောင်၊ မန်းဝင်းမောင်နှင့် ဦးညိုထွန်းတို့ ပါဝင်သော အဖွဲ့ဖွဲ့။
(၂၇) ရက်။
- တော်လှန်ရေးနေ့ အစည်းအဝေး၌ သခင်နုက "ဒီကနေ့ ညနေ ၄ နာရီဟာ စေစပ်ရေး အတွက် နောက်ဆုံးပဲ" ဟု ကြေညာ။ ဗန္ဓုလ ပန်းခြံမှာ အလံဖြူ ကွန်မြူနစ်များ ကြီးမှူး
(၂၈) ရက်။
- အစိုးရက အလံဖြူ ကွန်မြူနစ်များကို ဖမ်းဆီးရာမှ ကွန်မြူနစ်များ တောခို။
(၂၉) ရက်။
- အလံဖြူ ကွန်မြူနစ် ပါတီက ကြီးမှူး၍ ပုသိမ်ခရိုင်၊ မအူပင် ခရိုင်၊ မြင်းခြံ ခရိုင်နှင့် ဟံသာဝတီ ခရိုင်များတွင် ဆန်လုပွဲများ လုပ်။
ဧပြီလ
(၁) ရက်။
- ဝန်ထမ်း လစာနှင့် လုပ်ခများ ပြင်ဆင်သတ်မှတ်။
- မြန်မာနိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ ဝင်။
(၂) ရက်။
- ပဲခူးခရိုင် ပေါက်ကုန်းကြီးရွာ၌ တပ်မတော်နှင့် ကွန်မြူနစ်တပ်များ တိုက်ပွဲဖြစ်။
(၃) ရက်။
- လက်နက်ကိုင် လမ်းစဉ်နှင့် ငြိမ်းချမ်းရေး လမ်းစဉ် အကြောင်း သခင်နုက အသံလွှင့် ပြောကြား။
- ကျိန်တလီရွာမှ အစိုးရ ဝန်ထမ်းများ ဂွမြို့သို့ ဆုတ်ခွာပေးရ။
(၆) ရက်။
- ပဲခူးခရိုင် ရစ်ကန်ကြီးရွာကို ကွန်မြူနစ်များ သိမ်း။
- မြစ်ကျိုးရွာကို ကွန်မြူနစ်များလက်မှ တပ်မတော်က ပြန်သိမ်း။
(၇) ရက်။
- မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ ညီလာခံ ကျင်းပ။
(၈) ရက်။
- သေဒဏ် အပြစ်ပေးနိုင်သော နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေ (High Treason Bill) ပြဋ္ဌာန်း။
(၁၁) ရက်။
- ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနာ အခမ်းအနား ကျင်းပ။
- အာဇာနည်ကြီးများ၏ ရုပ်ကလပ်များကို ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်း။
(၁၆) ရက်။
- နှစ်သစ်ကူး အသံလွှင့် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တာဝန်ကျေမှ လွတ်လပ်ရေး အရသာ ခံစားရမည်ဟု သခင်နု ပြော။
- တောင်သူလယ်သမား အသံ သတင်းစာ စထုတ်။
(၁၉) ရက်။
- မြန်မာနိုင်ငံ (၅၈) နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်။
(၂၀) ရက်။
- မြန်မာနိုင်ငံ အတွင်း အိန္ဒိယသားများ ဝင်ရောက်သည့် ကိစ္စဆိုင်ရာ အိန္ဒိယ မြန်မာ ဆွေးနွေးပွဲ နယူးဒေလီ၌ ကျင်းပ။
- မန္တလေး၌ ပြည်သူ့ကြေးမုံ သတင်းစာ စထုတ်။
- မြစ်ကျိုးရွာကို ကွန်မြူနစ်များ တိုက်ခိုက်။
(၂၅) ရက်။
- တနိုင်ငံလုံး၌ ညရထားများ ပြေးဆွဲမှု ရပ်စဲ။
- အမှတ် (၁) ခြေလျင် တပ်ရင်း ဖွဲ့။
(၂၇) ရက်။
- ဦးစော၏ အယူခံကို ပယ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်။
(၂၈) ရက်။
- အင်းစိန် အကျဉ်းထောင်၌ ဦးစောက ဇနီး ဒေါ်သန်းခင်၊ သမီး မေသန်းစောတို့နှင့်အတူ မိုးညှင်းသင်္ဂီ ကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစ္စ ထံမှောက်၌ လက္ခဏာရေး သုံးပါး တရားနာ။
(၂၉ - ၃၀) ရက်။
- ရှမ်းပြည်နယ် ကောင်စီ ဒုတိယ ညီလာခံ ဒုတိယနှင့် တတိယနေ့ အစည်းအဝေးများ တိုင်းပြည်ပြု လွှတ်တော် ခန်းမ၌ ကျင်းပ။
မေလ
(၁) ရက်။
- ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် သခင်နု၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး ဦးဗဆွေနှင့် အလုပ်သမားဌာန ဝန်ကြီး မန်းဝင်းမောင်တို့ မိန့်ခွန်းပြော။
(၅) ရက်။
- ပြည်တွင်းစစ် အမြန်ရပ်စဲရေး၊ လက်ဝဲ အင်အားစု ညီညွတ်ရေးနှင့် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး လုပ်ကြရန် ဗမာနိုင်ငံ ဒီမိုကရက်တစ် လူငယ်အဖွဲ့က ကြေညာချက် ထုတ်။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ ခင်မောင်ရင် အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။
(၆) ရက်။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ မောင်နီနှင့် သုခတို့ အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။
(၈) ရက်။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ဦးစော၊ မောင်စိုး၊ မှုန်ကြီးနှင့် သက်နှင်းတို့အား အင်းစိန်ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန် ထောင်ကြီး အတွင်း၌ လည်းကောင်း တချိန်တည်း ကြိုးပေး။
- တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန ဖွင့်။
(၁၀) ရက်။
- ဝန်ကြီးချုပ် သခင်နု ကရင်နီ (ယခုကယား) နှင့် ရှမ်းပြည်နယ်သို့ ခရီးထွက်။
(၁၂) ရက်။
- ရတနာဂီရိမှ သီပေါမင်း၏ အရိုး ပြန်လည်ရရှိရေး သခင်ကိုယ်တော်မှိုင်းက ရန်ကုန်၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေး။
(၁၃) ရက်။
- ကော်သူးလေး နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်ဖွဲ့။
(၁၅) ရက်။
- ဦးခွန်စံမြတ်ကို ရှမ်းပြည်နယ် ကောင်စီ ဒုတိယ သဘာပတိ အဖြစ်မှ နုတ်ထွက်ခွင့်ပြု။
(၁၆) ရက်။
- ညဘက် ရန်ကုန်၌ လေမုန်တိုင်းကျ။ တိုက်ပြို။ သစ်ပင်လဲ။ ဓာတ်ကြိုးပြတ်။ တုံကင်းမြုတ်။ လူသေ။
(၁၇) ရက်။
- ကျည်တောင်ကန်နှင့် ဖြုတ်ခွဲ ဘူတာကြားရှိ ဘေဒါတံတားကို ကွန်မြူနစ် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီး။
(၁၉) ရက်။
- ကရင်နီနယ် (ယခု ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ် ခရီးမှ သခင်နု ရန်ကုန် ပြန်ရောက်။ နယ်မြေ အခြေအနေ အသံလွှင့် ပြေားကြား။
(၂၀) ရက်။
- ရွှေတိဂုံ ရင်ပြင်တော်ပေါ်၌ အိုးအိမ် တည်နေသူများ ရင်ပြင်တော်မှ ပြောင်းရွှေ့ကြ။
(၂၁) ရက်။
- လက်ဝဲ ညီညွတ်ရေးမူနှင့် ပတ်သက်၍ သခင်နုနှင့် ပြည်သူ့ ရဲဘော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး။
(၂၅) ရက်။
- လက်ဝဲ ညီညွတ်ရေးမူကို သခင်နုက ကြေညာ။
(၂၆) ရက်။
- သခင်နုက သူ့အိမ်၌ သတင်းစာဆရာများနှင့် တွေ့၍ လက်ဝဲ ညီညွတ်ရေးမူ ရှင်းပြ။
(၂၇) ရက်။
- စစ်ရုံးချုပ် ဖွင့်ပွဲ၌ သခင်နု မိန့်ခွန်းပြော။
- ပန်းဆိုးတန်းရှိ သတင်းစာဆရာများ အသင်းတိုက်၌ ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း စစ်ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူကိစ္စ ရှင်းလင်း ပြောကြား။
ဇွန်လ
(၁) ရက်။
- ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီကို လျော်ကြေးပေး၍ ပြည်သူပိုင်သိမ်း။
- ဗန္ဓုလ ပန်းခြံ၌ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေး ကိစ္စ ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ရှင်းလင်းပွဲလုပ်။
(၄) ရက်။
- ဇေယျဝတီသကြားစက်ကို သူပုန် ၆၀ဝ ခန့် ဝိုင်းတိုက်။
(၅) ရက်။
- မြို့တော်ခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ် အစည်းအရုံး တတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် သခင်နု မိန့်ခွန်းပြော။
(၆) ရက်။
- ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းက ကြီးမှူး၍ အနောက်နိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေး အရာရှိကြီး ဒေါက်တာ ထင်အောင်အား ယုဒသန် ခမ်းမ၌ ဧည့်ခံပွဲတွင် ရန်ကုန် တက္ဗသိုလ်ကို အဆင့်မြှင့်ပေးမည်ဟု ဒေါက်တာထင်အောင် ပြော။
(၁၂) ရက်။
- ဥက္ကံ ဓာတ်ချောင်းတောင်ရိုးရှိ သူပုန်စခန်းကို ဗမာ့ လေတပ်မတော်မှ လေယာဉ် သုံးစင်းဖြင့် တိုက်။
(၁၃) ရက်။
- ဘီအေအေကွင်း၌ သခင်နုက လက်ဝဲ ညီညွတ်ရေးမူအကြောင်း ပြည်သူလူထုအား ရှင်းပြ။
(၁၆) ရက်။
- မေမြို့ရှိ ဘီအီးအမ်အီးတပ် သူပုန်ဝင်စီး။
- ရခိုင်ပြည်၏ အခြေအနေ ဆိုးဝါးနေပုံကို ရခိုင် အမျိုးသား ဦးစံလှထွန်းက ဗမာပြည် သတင်းစာဆရာ အသင်းတိုက်၌ ရှင်းလင်းပွဲလုပ်။
(၁၇) ရပ်။
- ပျဉ်းမနားနှင့် လယ်ဝေးကြားရှိ ညိုပင် ချောင်းငယ်ကို ဖြတ်ကူးထားသည့် တံတားကို သူပုန်များ မိုင်းခွဲ။
- ပြည်သူ့ရဲဘော် အချို့ တောခို။
(၁၅) ရက်။
- ဖဆပလ အစိုးရက လူမျိုးရေး အဓိကရုဏ်းများ ရှောင်ရှားကြရန် မေတ္တာရပ်ခံချက် ထုတ်။
(၁၉) ရက်။
- မော်ချီမိုင်းနှင့် နမ္မတူဘော်တွင်း မိုင်းများ အခြေအနေကို သွားရောက် လေ့လာကြသော ဝန်ကြီး မန်းဝင်းမောင်နှင့် ဦးထွန်းမြင့်တို့ ရန်ကုန်ပြန်ရောက်။
(၂၀) ရက်။
- ပြည်သူ့ ရဲဘော်အဖွဲ့၏ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူ ကိစ္စ ရှင်းလင်းပွဲ မန္တလေး၌ ကျင်းပ။
(၂၁) ရက်။
- စစ်သားနှင့် ပုလိပ် ယူနီဖောင်းမျိုး ဝတ်ဆင်သူများအား ပုဒ်မ (၆) ဖြင့် ဖမ်းစေဟု လက်ထောက် ပုလိပ်မင်းကြီး ဦးဘအေး(၁) က အမိန့်ထုတ်။
(၂၂) ရက်။
- ကရင်ဗမာချစ်ကြည်ရေး တရားဟောရန် သခင်နု၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောသာဒင်၊ စောဘဦးကြီး၊ မန်းဂျိန်းထွန်းအောင်နှင့် ဦးဝမ်းသူမောင်တို့ မြစ်ဝကျွန်းပေါ်သို့ ခရီးထွက်။
- ဝေါမြို့ကို သူပုန်သိမ်း။
- မြစ်သား မီးရထား ဘူတာရုံ သူပုန်စီး။
(၂၃) ရက်။
- ကမ္ဘာ့အိုလံပစ်နေ့ ဘီအေအေကွင်း၌ ကျင်းပ။
(၂၄) ရက်။
- ဝေါမြို့ကို အစိုးရတပ်က ပြန်သိမ်း။
- မေမြို့၌ ညမထွက်ရ အမိန့်ထုတ်။
(၂၅) ရက်။
- ဖူးကြီးဘူတာနှင့် ရွာကို သောင်းကျန်းသူ ၁၀ဝ ကျော်က ဝင်စီး။
- မန္တလေးမဟာမုနိ၏ အလှည့်ကျဂေါပကအဖွဲ့က ဘဏ္ဍာတိုက် စစ်ဆေး။ ညောင်လေးပင်အပိုင် ရွှေဘုံသာရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။
(၂၆) ရက်။
- ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်းအရုံး ဦးစီး ညီလာခံ ကျင်းပ၍ လက်ရှိ နိုင်ငံရေး အခြေအနေ ဆွေးနွေး။
(၂၇) ရက်။
- ရုပ်ရှင်နှင့် ပြဇာတ် ပညာသည်များ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ရေကျော်ရပ်ရှိ ဇော်ရုံ၌ ကျင်းပ။
(၂၈) ရက်။
- ကရင် ဗမာ ချစ်ကြည်ရေး တရားဟော ထွက်ကြသော သခင်နုတို့အဖွဲ့ မြစ်ဝကျွန်းပေါ်မှ ရန်ကုန် ပြန်ရောက်။
(၂၉) ရက်။
- တောင်ငူနှင့် သံတောင် နယ်မြေ အခြေအနေ လေ့လာရန် ကရင်ရေးရာ ဝန်ကြီး စောစံဘိုးသင် ရန်ကုန်မှ လေယာဉ်ဖြင့် ထွက်ခွာ။
- သက်ကြီးတက္ဗသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေက သတင်းထောက်များ အသင်းတိုက်၌ ရှင်းလင်းပွဲ လုပ်ရာတွင် ဆရာများအား လစာ မပေးနိုင်၍ အစိုးရထံမှ အကူအညီ မျှော်လင့်နေကြောင်း ပြော။
(၃၀) ရက်။
- ရန်ကုန် တက္ကသိုလ် ယုဒသန် ခမ်းမ၍ သခင်နုက တက္ကသိုလ် အဓိပတိ အနေဖြင့် ကျောင်းသားများအား ဩဝါဒ စကား ပြောကြားရာတွင် လက်ရှိ နိုင်ငံရေး အခြေအနေပြော။
- နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့် အမိန့်ထွက်။
ဇူလိုင်လ
(၁) ရက်။
- ငါးရက်ကြာ ကျင်းပမည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ဂျူဗလီဟော၌ စတင် ကျင်းပ။ သခင်နုက နိုင်ငံရေး အခြေအနေ ရှင်း။
- ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့သို့ မြန်မာနိုင်ငံဝင်။
- ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန ဝန်ကြီး ဦးကိုကိုကြီး နုတ်ထွက်လွှာ တင်။
(၂) ရက်။
- ဂျူဗလီဟော၌ ဆိုရှယ်လစ် ပါတီဝင်များ၊ ပြည်သူ့ ရဲဘော်များ၊ ဖဆပလများ လက်ဝဲ ညီညွတ်ရေးမူကို ဆွေးနွေး။ သဘောတူညီမှု မရ။
- အထူး တိုင်းမင်းကြီး အဖြစ် ဆောက်ရွက်မည့် တပ်မင်းကြီး စောကြာဒိုးက ပဲခူးမြို့ပေါ်မှ စစ်ဘက်၊ နယ်ဘက်နှင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေး။
(၃) ရက်။
- ရန်ကုန်ခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့မှ ကြီးမှူး၍ ပြည်တွင်းစစ် ရပ်စဲရေး လူထုဆန္ဒပြပွဲ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ။
- သထုံရှိ ကရင်စစ်ရဲများက သထုံသိမ်း။
(၄) ရက်။
- လန်ဒန်၌ ၂၃ ဇူလိုင်တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် မြန်မာ အားကစားသမားများအား သမ္မတကြီးက ၎င်း၏ အိမ်တော်၍ နေ့လယ်စာဖြင့် ဧည့်ခံ။
(၅) ရက်။
- ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ပါဝင်မည့် မြန်မာ အားကစားသမားများ ရန်ကုန်မှ ထွက်ခွာ။
(၇) ရက်။
- သံလွင်ခရိုင်ရှိ ကော့ကရစ် ရဲစခန်းကို ကေအင်ဒီအိုများ ဝင်စီး။
- မန္တလေးထောင် အတွင်းရှိ အလံနီများ ဆူ။
(၈) ရက်။
- ဂျူဗလီ ခန်းမ၍ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ။ ဆိုရှယ်လစ် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတီအား အမည်ပြောင်းသင့် မသင့် ဆွေးနွေး။
(၁၀) ရက်။
- အစိုးရ အဖွဲ့ဝင် ရဲဘော်ဖြူများ ဖဆပလ အဖွဲ့ချုပ်မှ နုတ်ထွက်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်။
- နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ်က သခင်နုနှင့်အတူ ဇူလိုင် ၂ဝ တွင် ရာထူးမှ နုတ်ထွက်မည်ဟု ပြော။
(၁၂) ရက်။
- ဦးဇော်ဝိတ် ခေါင်းဆောင်သော အားကစား လေ့လာရေး အဖွဲ့ ဥရောပ ရောက်။
(၁၃) ရက်။
- သောင်းကျန်းသူများ ပုသိမ် ငွေတိုက်ဖောက်။
- အောင်ဆန်းကစားကွင်း လူထုအစည်းအဝေးတွင် လက်ဝဲညီညွတ်ရေးမူကို အမျိုးသားလုပ်ငန်းစဉ်အဖြစ် သခင်နု ကြေညာ။
- ရန်ကုန် တက္ကသိုလ် သထုံခရိုင် ကျောင်းသူ ကျောင်းသားများ အသင်းဖွဲ့။
- ထားဝယ်ထောင်၌ အကျဉ်းသားများ ထောင်မှူး အပေါ် မကျေနပ်၌ အစာငတ်ခံ ဆန္ဒပြ။
(၁၅) ရက်။
- နေ့လယ် ၂ နာရီတွင် သခင်နုနှင့် ဝန်ကြီး အဖွဲ့ နုတ်ထွက်။ ည ရ နာရီကျော်၌ ပြန်လည်၍ ကျမ်းသစွာကျိန်။
- The Nation သတင်းစာ စထုတ်။
(၁၆) ရက်။
- ဗိုလ်နေဝင်း ဥက္ကဋ္ဌနှင့် ဦးသိန်းဖေမြင့် အတွင်းရေးမှူး အဖြစ် ပါဝင်သော လက်ဝဲ ညီညွတ်ရေး ကောင်စီ ဖွဲ့။
- ရဲဘော်ဖြူများ တောခို။
(၁၈) ရက်။
- ကွန်မြူနစ်များအား ဖမ်းဆီးစဉ်က အဖမ်းခံခဲ့ကြရသော ဒီမိုကရက်တစ် လူငယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းနှင့် ဗိုလ်ရန်အောင်တို့ အင်းစိန်ထောင်မှ လွတ်လာ။
(၂၃) ရက်။
- ရန်ကုန်၌ မိုးသည်းထန်စွာ ရွာ။ ကန်တော်ကြီး ရေလွှတ်ပေါက်မှ ရေလှျံသဖြင့် ကန်တော်ကြီး တဝိုက်ရှိ အိမ်များ ရေလွှမ်းသွား။
(၂၅) ရက်။
- အကြမ်းဖက် ဝါဒနှင့် လက်နက်ကိုင် ဝါဒ လက်မခံနိုင်ဟု ကေအင်ဒီအိုက ကြေညာချက်ထုတ်။
(၂၇) ရက်။
- လန်ဒန်ရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ် မြန်မာနိုင်ငံ အခြေအနေ ရှင်းလင်း ပြောကြား။
(၂၉) ရက်။
- တပ်မင်းကြီး စောကြာဒိုး ရွှေကျင် ရောက်။
- ရဲဘော်ဖြူများ တောခို။
- လန်ဒန် ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဖွင့်ပွဲတွင် ဦးဇော်ဝိတ် ခေါင်းဆောင်သော မြန်မာအဖွဲ့ ပါဝင်ဆင်နွှဲ။
ဩဂုတ်လ
(၁) ရက်။
- ဗိုလ်ချုပ် နေဝင်း (နောင် ဗိုလ်ချုပ်ကြီး နေဝင်း) ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ တာဝန်ယူ။
- အုတ်တွင်းမြို့ကို သောင်းကျန်းသူများ တိုက်။
(၃) ရက်။
- သထုံခရိုင်ကို ကေအင်ဒီအို သိမ်း။
(၅) ရက်။
- သခင်နုက ၎င်းအိမ်သို့ သတင်းစာ ဆရာများအား ဖိတ်ကြား၍ ငြိမ်ဝပ် ပိပြားရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု တည်တံ့ရေးတို့အတွက် ရှင်းလင်းပြောကြား။
(၇) ရက်။
- မအူပင် ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ အိမ်မဲ ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။
(၈) ရက်။
- သရက်မြို့ရှိ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃) မှ ရဲဘော်အချို့ တောခို။
- ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။
(၁၀) ရက်။
- ဆူပူ သောင်းကျန်းမှုများကြောင့် ရန်ကုန်၊ မန္တလေး မီးရတားနှင့် မြစ်ဝကျွန်းပေါ်သွား ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်း။
(၁၁) ရက်။
- ရန်ကုန်မြို့နယ် နိမိတ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်။
(၁၂) ရက်။
- ထုံးကြီးရွာကို သောင်းကျန်းသူများ မီးရှို့။
(၁၄) ရက်။
- ကရင် စစ်ရဲများက တွံ့တေးကို သိမ်း။
(၁၅) ရက်။
- မော်လမြိုင်ကျွန်းမြို့ကို သောင်းကျန်းသူများ တိုက်။ ဗားနတ် ပိဋကတ် စာကြည့်တိုက် ပြန်ဖွင့်။
(၁၆) ရက်။
- ဦးတင်ထွတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်။
(၁၈) ရက်။
- ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) မှ ရဲဘော် ၁၀ဝ ခန့် တောခို။
(၁၉) ရက်။
- မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဟု နိုင်ငံတော် သမ္မတက ကြေညာ။
(၂၀) ရက်။
- မော်ချီးမိုင်းကို ကေအင်ဒီအိုများ သိမ်း။ သထုံ ခရိုင် တခုလုံး ကေအင်ဒီအိုများ လက်သို့ ကျရောက်။
(၂၁) ရက်။
- သောင်းကျန်းသူများ စခန်းချ ခိုအောင်းနေသော ပဲခူးခရိုင် ဝေါမြို့နယ်၊ ညောင်ခါးရှည်နှင့် ဘုရားဖြူရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်။ သထုံနှင့် ကျိုက္ခမီရှိ ကရင်စစ်ရဲများ အတိအလင်း ပုန်ကုန်ကြ။
(၂၂) ရက်။
- နိုင်ငံခြားရေး ဌာန ဝန်ကြီး စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ဘန်ကောက် ရောက်။
(၂၃) ရက်။
- သခင်နုက တိုင်းပြည် အခြေအနေ အသံလွှင့် ပြောကြား။
(၂၄) ရက်။
- ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး စတင်။
- တွံ့တေးမြို့ကို အစိုးရတပ်က ပြန်သိမ်း။
(၂၅) ရက်။
- ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တွင် မာရှယ်လော စစ်ဥပဒေ ထုတ်။
(၂၉) ရက်။
- ကရင်ပြည်နယ်ရှိ နန်းဝဲကို အစိုးရတပ်က ပြန်သိမ်း။
(၃၀) ရက်။
- စစ်တောင်း အရှေ့ဘက် ဒေသများနှင့် မုပ္ပလင်ကို ကေအင်ဒီအိုများ သိမ်း။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်ရဲတပ်မှ ကရင်စစ်ရဲများ တောခို။
- စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ရန်ကုန် ပြန်ရောက်။
(၃၁) ရက်။
- ကေအင်ဒီအိုများက သထုံနှင့် ကျိုက်ထို ရဲဌာနတို့ကို သိမ်း။ အစိုးရတပ်များက၊ ကလကဲကို ပြန်သိမ်း။
စက်တင်ဘာလ
(၁) ရက်။
- ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင်ဖွဲ့။
- ကရင် စစ်ရဲများ မော်လမြိုင်သိမ်း။
- မာရှယ်လော စစ်ဥပေဒကို ခြောက်လဆက် အတည်ပြုကြောင်း ကြေညာ။
- ဖောင်တော်သီကို သောင်းကျန်းသူများ ဝင်တိုက်။
- ပြည်ထောင်စု အရံတပ်ရင်း (ကချင်) နှင့် (ချင်း) များ စဖွဲ့။
(၂) ရက်။
- ပါလီမန်တွင် သခင်နုက ဗကပသည် အိန္ဒိယ ကွန်မြူနစ် ပါတီ၏ ဩဇာခံ ဖြစ်နေပုံ ပြော။
- ကွန်မြူနစ် သောင်းကျန်းသူများ ထန်းတပင်ကို ဝင်တိုက်။
- ပဲခူး-မန္တလေး အစုန်အဆန် ရထားများ ပြန်စထွက်။
- ကလောအနီး လယ်ပြင် ဘူတာကို ကေအင်ဒီအိုများ တိုက်။
(၄) ရက်။
- ကရင်နီ ပြည်နယ် (ယခု ကယားပြည်နယ်) အတွင်း စစ်ဥပဒေ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်း။
- နတ္တလင်းကို အစိုးရတပ်က ပြန်သိမ်း။
- ပင်လောင်းနယ်၊ လုံပြင်တွင်အစိုးရတပ်နှင့် အေအင်ဒီအိုများ တိုက်ပွဲဖြစ်။
(၅) ရက်။
- ကော့ကရိတ်ကို ကေအင်ဒီအိုများ သိမ်း။
(၆) ရက်။
- ၁၉၄၈ - ၄၉ အတွက် ဘက်ဂျက်လိုငွေ ကျပ် ၁ဝ ကုဋေကျော်သည်ဟု ပါလီမန်၌ ဘဏ္ဍာရေး ဝန်ကြီး ပြော။
- သောင်းကျန်းသူများနှင့် အစိုးရ ကိုယ်စားလှယ်တို့ မော်လမြိုင်ဆိပ်ကမ်း မေယု စစ်သင်္ဘောပေါ်၌ စေ့စပ် ဆွေးနွေးပွဲလုပ်။
(၇) ရက်။
- ပေါင်းတည်ကို အစိုးရတပ်က ပြန်သိမ်း။
- ကေအင်ဒီအိုများက ဖာပွန်သိမ်း။
(၈) ရက်။
- တောင်ငူခရိုင် ကျောက်ကြီးကို ကေအင်ဒီအိုများ သိမ်း။ ငွေတိုက်ဖောက်။
- ကညွတ်ကွင်း ဘာတာကို သောင်းကျန်းသူ ဝိုင်းတိုက်။
(၉) ရက်။
- လယ်ယာ မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်း ကြေညာ။
- ကေအင်ဒီအိုများ ရွှေကျင်ကို သိမ်း။
- အစိုးရတပ်များက ပြည်မြို့ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ များကို ပြန်သိမ်း။
- ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဂျင်နရယ် စမစ်ဒွန်းက ကရင် အမျိုးသားများသို့ အသံလွှင့် မိန့်ခွန်းပြော။
(၁၁) ရက်။
- မြန်မာ့ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ စဖွင့်။
- ကာမမြို့ကို အစိုးရတပ်က ပြန်သိမ်း။
- ကေအင်ဒီအိုနှင့် အခြား သောင်းကျန်းသူများ ပေါင်း၍ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ကို ဝိုင်းတိုက်။
(၁၂) ရက်။
- စောဘဦးကြီးနှင့် ကေအင်ဒီအို ခေါင်းဆောင်များ၏ စေ့စပ်ပေးမှုကြောင့် သထုံရှိ ကေအင်ဒီအိုများနှင့် အစိုးရ နားလည်မှုရ။
- ပဲခူးရဲဌာနကို ကေအင်ဒီအိုများ စီးရင် ကြိုးစား။
(၁၃) ရက်။
- ကရင်နီ ပြည်နယ်ရှိ ထူးချောင်းကို အစိုးရတပ်က ပြန်သိမ်း။
(၁၄) ရက်။
- သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့။
- ရွှေကျင်နှင့် ကျောက်ကြီးမြို့များကို ကေအင်ဒီအိုများက အစိုးရသို့ ပြန်အပ်။
(၁၅) ရက်။
- ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက ရှမ်းပြည်နယ် အခြေအနေ အသံလွှင့်ပြောကြား။
(၁၇) ရက်။
- ထားဝယ်၌ ဗိုလ်မှူး အောင်နှင့် ဦးဗဆွေတို့ ကရင်-ဗမာ သွေးစည်းရေး တရားဟော။
- ပုသိမ်၌ ကေအင်ဒီအိုက အရေးပေါ် ညီလာခံ ကျင်းပ၍ သီးခြား ကရင်နယ် တောင်းဆို။
- လက်နက်ကိုင် သောင်းကျန်းမှုကို ရှုတ်ချကြောင်းနှင့် အဓိကရုဏ်း ဆန့်ကျင်ကြောင်းလည်း ကြေညာ။
- မိတ္ထီလာခရိုင် ကွန်မြူနစ်ပါတီ ဌာနချုပ် ရုံးစိုက်ရာ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်း နယ်စပ်ရှိ သဲကုန်းရွာကို အစိုးရတပ်က သိမ်း။
- စပတ်လမ်း၊ ရန်ကုန်ဂေဇက် အဆောက်အုံ အနီး ရပ်ထားသော တပ်မင်းကြီး ဦးတင်ထွတ်၏ မောင်တော်ကား အတွင်း ဗုံးပေါက်ကွဲ။
(၁၈) ရက်။
- တပ်မင်းကြီး ဦးတင်ထွတ် ယမန်နေ့က ရသည့် ဗုံးပေါက်ကွဲမှု ဒဏ်ရာဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်။
- ကေအင်ဒီအိုနှင့် ပတ်သက်သူ Daily Mail သတင်းထောက် မစ္စတာ အလက်ဇန်းဒါးကင်းဘဲ (လ်) ရန်ကုန်၌ အဖမ်းခံရ။
- ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့အပိုင်၊ လှဲဆိပ်ရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်။
- ဒေါက်တာသန်းထွန်း ငါးသိုင်းချောင်း၊ ကွမ်းယားရွာနေ ဦးဘိုးမြိုင်၊ ဒေါ်စောမြတို့၏ သမီး ဒေါ်ခင်ရီ နှင့် အိမ်ထောင်ပြု။
(၁၉) ရက်။
- ပြန်လည်ထူထောင်ရေးဝန်ကြီး ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့ မြိတ်မြို့ရောက်။
(၂၀) ရက်။
- ပဲခူးခရိုင်၊ ဘုရားကလေး ရဲဌာနကို ရဲဘော်ဖြူများ တိုက်။
- အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းကို အစိုးရတပ်က ပြန်သိမ်း။
(၂၁) ရက်။
- တောင်ငူခရိုင်ရှိ ဆူးတပ်ရွာတွင် ကေအင်ဒီအိုများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။
- ကရင်နီပြည်နယ်ရှိ ထူးချောင်းကို ကေအင်ဒီအိုများတိုက်။
(၂၂) ရက်။
- ရွှေဘိုထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေး၍ တမြို့လုံး ထိတ်လန့် ချောက်ချားသွား။
(၂၃) ရက်။
- လွိုင်ကော်ကို ကရင်စစ်ရဲများက သိမ်း။
(၂၄) ရက်။
- တောင်ကြီးနှင့် လွယ်လင် ငွေတိုက်များကို ကေအင်ဒီအိုများ ဖောက်။
- ကျိုက္ခမီခရိုင် လမိုင်းရဲဌာနကို အစိုးရတပ်က ပြန်သိမ်း။
(၂၅) ရက်။
- တောင်ကြီးရှိ ပြည်ထောင်စု ကရင် စစ်ရဲတပ် ပုန်ကန်။ ပြည်ထောင်စု စစ်ရဲမှ လွိုင်ကော်သိမ်း။ မုံရွာခရိုင် အရာတော်ရဲဌာနကို ကေအင်ဒီအိုများ ဝိုင်းတိုက်။
- ပြည်-တိုက်ကြီး ရထားများ ပြန်ထွက်။
(၂၆) ရက်။
- မင်းလှကို အစိုးရတပ်က ပြန်သိမ်း။
(၂၇) ရက်။
- ညောင်လေးပင်နှင့် ငါးထပ်ကြီး ဘူတာ အကြားရှိ တံတား အမှတ် ၁၂၅ ကို ကေအင်ဒီအိုများ မိုင်းခွဲ။
(၂၈) ရက်။
- သာယာဝတီမြို့၌ စစ်မင်းကြီး ဗိုလ်စိန်မှန်က သောင်းကျန်းသူ နှိမ်နင်းရေးနှင့် ကရင် ဗမာ ချစ်ကြည်ရေး တရားဟော။
- ပန်းတနော်ကို သိမ်းထားသော ရဲဘော်ဖြူများ ပန်းတနော်မှ ထွက်ခွာသွား။
(၂၉) ရက်။
- မော်လမြိုင်ခရိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ။
(၃၀) ရက်။
- သုံးခွနှင့် ပန်းတနော်ကို အစိုးရတပ်က ပြန်သိမ်း။
- ကွမ်းခြံကုန်း မြို့နယ် လက်ခုတ်ကုန်းကို အလံနီများ ဝင်စီး။
- မှော်ဘီအနီးရှိ ဇီးကွက် တံတားနှင့် တိုက်ကြီး အနီးရှိ မြယာကုန်း တံတားများကို သောင်းကျန်းသူများက ဗုံးခွဲ ဖျက်ဆီး၍ ရန်ကုန် - ပြည် ကားလမ်း ဆက်သွယ်ရေး ပြတ်။
အောက်တိုဘာလ
(၁) ရက်။
- ပဲခူး-ရန်ကုန် ရထားလမ်း ပြန်ဖွင့်။
- အရံတပ်ဖွဲ့ရေး ဥပဒေ ပါလီမန်က အတည်ပြု။
(၂) ရက်။
- သတင်းစာ ဆရာများအသင်းက ကြီးမှူး၍ အသင်းဗိမာန် တည်ဆောက်ရေး ရန်ပုံငွေအတွက် "မြန်မာနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စစ် မစစ်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ မြို့တော်ခန်းမ၌ ကျင်းပရာ - ဒီမိုကရေစီ အစိုးရဘက်မှ ရှေ့နေချုပ် ဦးချန်ထွန်း၊ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်တို့က ပြော၍ ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ဘက်မှ သုမန၊ ဇဝနနှင့် မိုးကြိုးတို့က ပြော။
- ပန်းတနော်ကို သူပုန်ဝင်စီး။
- ရန်ကုန်-သန်လျင်ကြား မော်တော် သမ္ဗာန်များ ပြန်လည် ပြေးဆွဲ။
(၃) ရက်။
- ခရမ်းမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၅) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး။
- ဗန္ဓုလပန်းခြံ၌ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် ဖွင့်ပွဲ ကျင်းပ။
(၅-၈) ရက်။
- စစ်တွေ၌ လေမုန်တိုင်းတိုက်၍ သိန်း ၁၀ဝ ဖိုး ခန့်ဆုံးရှုံး။
(၆) ရက်။
- ပြည်မြို့အနီး မှော်ဇာဘူတာကို သောင်းကျန်းသူများ ဝင်စီး။ ရေဦး ရဲဌာနကို သောင်းကျန်းသူများ တိုက်။
(၇) ရက်။
- ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွား။
- မှော်ဘီ လေယာဉ်ကွင်းကို သောင်းကျန်းသူများ တိုက်။
(၈) ရက်။
- နိုင်ငံတော် ဝန်ကြီးချုပ်အိမ်တွင် ကရင်ရေးရာ ကောင်စီဝင် အမတ်များနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရေး ဆွေးနွေး။
(၉) ရက်။
- လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု။
- မိုးသည်းထန်စွာ ရွာ၍ မြစ်ငယ်တံတား ကျိုးပြီး ရေထဲ မျောပါသွား။
(၁၂) ရက်။
- ဗြိတိသျှ-မြန်မာ ငွေရေးကြေးရေး စာချုပ်ချုပ်၊
- ရန်ကုန် - မန္တလေး မီးရတားလမ်း၊ ကွျန်းကုန်းနှင့် ရေတာရှည်ကြားရှိ တံတားအမှတ် ၂၈၄ ကို သူပုန်များ ဖျက်။
- ဘီအေအေကွင်း၌ ကျင်းပသော အိန္ဒိယ - မြန်မာ ဘောလုံးပွဲတွင် မြန်မာက ၅ ဂိုး - ဂိုးမရှိဖြင့် နိုင်။
(၁၃) ရက်။
- ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် တွေ့ဆုံ ဆွေးနွေး။
- ဂျိုးဖြူရေပိုက်ကို သောင်းကျန်းသူများ ဖျက်။
(၁၄) ရက်။
- လွတ်လပ်ရေး ကြေညာသည့်နေ့က နိုင်ငံတော် သမ္မတကြီး ပြောခဲ့သည့် ဝါဒသဘောထား အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ပါလီမန်၌ သခင်နုက ပြော။
(၁၅) ရက်။
- လန်ဒန်မြို့ မြန်မာသံရုံး၌ စက်ဘက်အရာရှိ တာဝန်ယူမည့် ဦးထွန်းလှအောင် လန်ဒန်သို့ ထွက်ခွာ။
- အုတ်ဖြတ်ရွာတွင် သောင်းကျန်းသူများနှင့် အစိုးရတပ်တို့ လေးနာရီကြာ တိုက်ပွဲဖြစ်။
(၁၉) ရက်။
- ရန်ကုန်မြို့ သတင်းစာ ဆရာများက အသင်းတိုက်တွင် သတင်းစာ ဆရာမျးက စောဘဦးကြီး ခေါင်းဆောင်သော ကေအင်ဒီအို ခေါင်းဆောင်များအား မိတ်ဆက် လက်ဖက်ရည်ပွဲဖြင့် ချစ်ကြည်ရေးလုပ်။
(၂၀) ရက်။
- ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ။
- ညောင်ဦး ရဲဌာနနှင့် ငွေတိုက် သောင်းကျန်းသူများ ဝင်စီး။
(၂၁) ရက်။
- ပြန်ကြားရေး ဦးထွန်းဖေက သူ၏ ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု အခြေအနေ လျော့သွားကြောင်း ရှင်းပြ။
- ရန်ကုန်မှ ဒေးဒရဲ၊ ကျိုက်လတ် ရေလမ်းခရီး ပြန်ဖွင့်။
(၂၂) ရက်။
- မွန် - ကေအင်ဒီအိုများက သထုံခရိုင်၊ ပေါင်ရဲဌာနမှ လက်နက်များ သိမ်း။
- ကမ္ဘာ့ ကုလသမဂ္ဂမှ ဓာတ်ပုံဘက်ဆိုင်ရာ ပါရဂူ တဦး မြန်မာနိုင်ငံ၏ အခြေအနေများ ဓာတ်ပုံရိုက်ရန်၊ ရန်ကုန်ရောက်။
(၂၃) ရက်။
- ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ပုသိမ်၌ ရဲဘော်ဖြူများနှင့် တွေ့ဆုံဆွေးနွေး။
- မြောင်းမြမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် ရရှိရေးကို လူထုဆန္ဒနှင့် ဥပဒေနှင့် အညီ လုပ်ရန် ဆုံးဖြတ်။
(၂၄) ရက်။
- ဗြိတိသျှ အစိုးရကို မြန်မာ့ ပြည်တွင်းရေး အခြေအနေ ရှင်းပြရန် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်ရောက်။
- ဥရောပ အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် ကျန်းမာရေးနှင့် အားကစား လုပ်ငန်းများ လေ့လာခဲ့ကြသော ဦးဇော်ဝိတ်တို့ အဖွဲ့ ရန်ကုန် ပြန်ရောက်။
(၂၅) ရက်။
- သခင်နုနှင့် လူနည်းစုရေးရာ ဝန်ကြီး ဦးညိုထွန်းတို့ သံတွဲ၌ တရားဟော။
- ပုသိမ်၌ ကွန်မြူနစ် သောင်းကျန်းသူ ၆၃ ဦး အလင်းဝင်။
(၂၆) ရက်။
- ကေအင်ဒီအိုနှင့် မွန်သူပုန်တို့က မတ္တမ ရဲဌာနရှိ လက်နက်များ သိမ်း။
- ထန်းတပင်ကို သူပုန် ၄၀ဝ ခန့် ဝင်စီး။
(၂၈) ရက်။
- မော်လမြိုင်၌ ရဲဘော်ဖြူ အချို့ လက်နက်ချ။
(၂၉) ရက်။
- ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ။
- ဖျာပုံခရိုင် မြင်းကကုန်းရွာကို အစိုးရတပ်က ပြန်သိမ်း။
- ထောက်ကြန့် ရဲဌာနကို သောင်းကျန်းသူတို့ တိုက်။
- ဦးတင်ထွတ်အား လုပ်ကြံသူကို ဖော်နိုင်သူ၊ ဆုငွေ ၁၀,၀၀ဝိ/- ပေးမည်ဟု ကြေညာ။
(၃၀) ရက်။
- တွံ့တေးမြို့ကို ကေအင်ဒီအိုများ သိမ်း။
- သခင်ဗစိန် နေအိမ်၌ သခင်ခေါင်းဆောင်များ တွေ့ဆုံ၍ တို့ဗမာ အစည်းအရုံး အမည် မသုံးဘဲ စိတ်သဘောတူသူများ ပါတီသစ်ဖွဲ့ရန် ဆုံးဖြတ်။
- သရက်မြို့၌ မိနစ်ဝက်ခန့် ငလျင်လှုပ်။
နိုဝင်ဘာလ
(၁) ရက်။
- ပုသိမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းများ လူထု ထောက်ခံပွဲ လုပ်။
- ဟင်္သာတတွင် ကရင် ဗမာ ချစ်ကြည်ရေး တရားပွဲ ကျင်းပ။
- ဒေးဒရဲမြို့နယ် တော်လှကင်းဂါတ်ကို သောင်းကျန်းသူ ဝိုင်းပစ်။
- သခင် သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီးကို ပျဉ်းမနားတွင် ဖမ်းမိ။
(၃) ရက်။
- သတင်းစာဆရာများ အသင်းတိုက်၌ မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖယ်ယာဝယ်သာ ဦးဘအေးက ပြည်သူပိုင် လုပ်ငန်းကို အစိုးရ အလျင်စလို မလုပ်သင့်ကြောင်း ရှင်း။
(၄) ရက်။
- အနောက်နိုင်ငံများတွင် ပညာရေး လုပ်ငန်းများ လေ့လာခဲ့သော မြို့မ ကျောင်းအုပ်ကြီး ဦးဘလွင် ရန်ကုန် ပြန်ရောက်။
- အိန္ဒိယနှင့် မြန်မာ ဘောလုံးအသင်းတို့ ကစားကြရာ အိန္ဒိယ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် နိုင်။
- ပေါင်းတည်မြို့ကို သူပုန်စီး။
(၅) ရက်။
- ဆင်ပေါင်ဝဲကို အစိုးရတပ်က ပြန်သိမ်း။
(၆) ရက်။
- ဗိုလ်သောင်းရွှေ ခေါင်းဆောင်သော သရက်ခရိုင်မှ သောင်းကျန်းသူ ၁၂ ယောက် လက်နက်များဖြင့် လာရောက် အဖမ်းခံ။
(၇) ရက်။
- တိုက်ကြီးရဲဌာနကို သူပုန် ဝင်တိုက်။
- ရန်ကုန်နှင့် ပြည်ကြား မီးရထားလမ်း တံတားများ ပြင်ဆင်ပြီး။
(၈) ရက်။
- နိုင်ငံတော် ဆရာ အတတ်သင် သိပ္ပံကျောင်းတွင် ဆရာ ဆရာမများ တလ ဉာဏ်သစ်လောင်း သင်တန်း ဖွင့်ပွဲကို ပညာရေး ဝန်ကြီး ဦးဝင်းက ဖွင့်ပေး။
(၉) ရက်။
- သာယာဝတီထောင်ရှိ စစ်ကိုင်းမြို့နယ် အတွင်းမှ ဖမ်းဆီးထားသော ပုဒ်မ ၅ အချို့ကို ပြန်လွှတ်။
(၁၀) ရက်။
- အင်းစိန်ခရိုင် လှိုင်မြစ်ကမ်းပေါ်ရှိ ပျဉ်းမကုန်းရွာ၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
- ဓာတ်ဆီ တစ်ဂါလံ (၂)ကျပ်နှုန်း အစိုးရက သတ်မှတ်။
(၁၁) ရက်။
- သံတွဲအသင်း စည်းရုံးရေးမှူး ဦးဘတင်က သံတွဲခရိုင်က မြန်မာပြည်မနှင့် မခွဲလိုကြောင်း ပန်းဆိုးတန်း သတင်းထောက်များ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
- မုံရွာခရိုင်၊ အရာတော်မြို့ကို ကွန်မြူနစ် တပ်နီ ၂၀ဝ ခန့် ဝိုင်းတိုက်။
- ဒိုက်ဦးမြို့အနီး မြို့ရိုးရွာကို သောင်းကျန်းသူ ၂၀ဝ ခန့် ဝင်စီး။
- မောင်တော၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
(၁၂) ရက်။
- ရန်ကုန်နှင့် နတ္တလင်းကြား မီးရထား ပြန်ထွက်။
- ဗိုလ်အေးဖေအား သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်။
(၁၃) ရက်။
- ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန် ထောင်တွင်းရှိ ရဲဘော်ဖြူ ခေါင်းဆောင် ရှစ်ဦးနှင့် တွေ့ဆုံဆွေးနွေး။
- ရခိုင်ပြည်နယ်က ပြည်ထောင်စု နိုင်ငံတော် အပါအဝင် ပြည်နယ် တခုအဖြစ် ပါဝင်လိုကြောင်း။ ဝတ်လုံတော်ရ ဦးထွန်းအောင်၊ ပင်စင်ရ စက်ရှင်မင်းကြီး ဦးထွန်းအောင်၊ ဦးဘိုးညွန့် (ကျောက်ဖြူ)၊ ဦးထွန်းကြိုင် (သံတွဲ)၊ ဦးလှထွန်းဖြူတို့က သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
(၁၄) ရက်။
- ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့၏ လုပ်ငန်းများ ထောက်ခံပွဲ ပုသိမ်၌ ကျင်းပ။
- ပန်းတနော် ရဲဌာနကို သောင်းကျန်းသူများ ဝိုင်းတိုက်။
(၁၅) ရက်။
- မဟာသံဃ အဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ ဝါရှင်တန် စာကြည့်တိုက်အတွက် ဗုဒ္ဓစာပေများ လှူဒါန်းပွဲ သမ္မတ အိမ်တော်၌ ကျင်းပ။
- ကသာတွင် ငလျင်လှုပ်။ အပျက်အစီး မရှိ။
(၁၆) ရက်။
- ရုံးချိန်များကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်။
- နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရန်ကုန်၌ ငလျင် အနည်းငယ်လှုပ်။
(၁၇) ရက်။
- သရက်ခရိုင်၊ အင်းမရွာ၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
(၁၉) ရက်။
- ရန်ကုန်မြို့ရှိ အာအီးတီ ကုမ္ပဏီပေါင်း ၁၁ ခုမှ အလုပ်သမား ၁,၀၀ဝ ခန့် ထိုင်သပိတ်မှောက်။
(၂၀) ရက်။
- ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်မှ ရဲဘော်ဖြူ ၁၂ ယောက် အလင်းဝင်။
(၂၁) ရက်။
- ငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများ ထောက်ခံပွဲ ဟင်္သာတ၌ ကျင်းပ။
- သံတွဲခရိုင်၊ အလံနီ သောင်းကျန်းသူတို့၏ ဌာနချုပ် ရှိသော အင်းတိုင်ကြီးရွာကို အစိုးရတပ်က သိမ်း။
(၂၂) ရက်။
- ဆာဦးသွင် နေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် တောခို ရဲဘော်ဖြူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး။
- ဟင်္သာတ ထောင်ရှိ ပုဒ်မ ၅ အချို့လွှတ်။
- ဆင်ပေါင်ဝဲမြို့ကို ခုနစ်နာရီကြာမျှ သောင်းကျန်းသူများ ဝိုင်းတိုက်။
(၂၃) ရက်။
- သခင်နုနေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် ရဲဘော်ဖြူ ခေါင်းဆောင်များ မိတ်ဆက် တွေ့ဆုံပွဲလုပ်။
(၂၄) ရက်။
- ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ပါသည့် ကြေညာချက်ကို တောခို ရဲဘော်ဖြူများက ထုတ်ပြန်။
- ပဲခူး - ဝေါ မီးရထား ပြန်ထွက်။
- ကာမမြို့ကို သောင်းကျန်းသူများ ဝိုင်းတိုက်။
(၂၅) ရက်။
- ပုသိမ်ထောင်မှ ပုဒ်မ ၅ သမား ၃၉ ဦးလွှတ်။
- နောင်ပတ္တရား ဘူတာ အလွန် နံပါတ် ၁၃ မီးရထား တံတားကို ကွန်မြူနစ် သောင်းကျန်းသူများ ဖျက်။
(၂၆) ရက်။
- စစ်ကိုင်းခရိုင် အမြင့်ရွာ အရှေ့ဘက်တွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
(၂၈) ရက်။
- ကေအင်ဒီအိုများက အစိုးရကို တိုက်ရန် ကချင်များထံမှ စစ်ကူတောင်းကြောင်း ဆမားဒူးဝါး ဆင်ဝါးနောင်က သခင်နုထံ အစီရင်ခံ။
- ရန်ကုန်မြို့ရှိ ဘတ်(စ်)ကားများ သပိတ်မှောက်။
- ရန်ကုန်မှ ၁ဝ မိုင်ကွာရှိ တာဝဆိပ်ကမ်း၌ သူပုန်နှင့် အစိုးရတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်။
- ပဲခူးခရိုင် ကမာစဲရွာကို အစိုးရတပ်က ပြန်သိမ်း။
- ကေအင်ဒီအိုများက သထုံ ရဲဌာနမှ လက်နက်များ သိမ်းယူ။
- အစိုးရက ဖမ်းထားသော ဒေးလီးမေး(လ်) သတင်းထောက် ကင်းဘဲလ်အား လန်ဒန် ပြန်လွှတ်။
(၂၉) ရက်။
- အစိုးရနှင့် စေ့စပ်ရေး အောင်မြင်နိုင်မည့် အချက် ၁၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ထုတ်ပြန်။
(၃၀) ရက်။
- ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်လရောင်က ဌာနချုပ်က ငြိမ်းချမ်းရေးကို လက်ခံလိုက်ပြီ ဖြစ်၍ ဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသံလွှင့်ပြော။
- လွိုင်ကော်ကို အစိုးရတပ်က ပြန်သိမ်း။
ဒီဇင်ဘာလ
(၁) ရက်။
- ရန်ကုန်ထောင် အတွင်းမှ ပုဒ်မ ၅ အချို့ ပြန်လွှတ်။
- တိုက်ကြီးမြို့ကို သူပုန် ဝင်စီးသော်လည်း မအောင်မြင်။
- ဗမာပြည် ဒီမိုကရက်တစ် အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေးက ပြည်တွင်း ငြိမ်းချမ်းရေး ထူထောင်ရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်နှင့် ဒီမိုကရက်တစ် အခွင့်အရေးများ ပေးရန် တောင်းဆို။
(၃) ရက်။
- လက်ရှိ ဗမာပြည်၏ အခြေအနေသည် ရင်လေးစရာ ဖြစ်နေသည်ဟု သခင်နု ပြော။
- မုံရွာခရိုင် တောခို ရဲဘော်ဖြူများ၏ လက်နက်အပ်ပွဲ မုံရွာ တဘက်ကမ်းရှိ ညောင်ပင်ကြီး စခန်း၌ ကျင်းပ။
- တိုက်ကြီးမြို့ မြောက်ဘက် တမိုင်ကွာရှိ ဂျိုးဖြူ တံတား၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ ၃ နာရီကြာ တိုက်ပွဲဖြစ်။
(၄) ရက်။
- ကိုယ်ထင်ရာကိုယ် လှျောက်လုပ်နေကြသည့် နိုင်ငံရေးသမားများ ရပ်တန်းက ရပ်ကြပါဟု သခင်နုက အသံလွှင့် ပြောကြား။
- ရန်ကုန်ထောင် တဝိုက်၊ အတွင်းဝန်ရုံး တဝိုက်နှင့် ရန်ကုန်မြစ် အတွင်းမှအပ။ ညမထွက်ရ အမိန့်ရုပ်သိမ်း။
- မုံရွာ ထောင်တွင်းရှိ ပုဒ်မ ၅ ဖြင့် အဖမ်းခံထားရသော ရဲဘော်ဖြူ ရဝ ကျော်ကို လွှတ်။
(၅) ရက်။
- ကန်တော်မင် ပန်းခြံ၌ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော အေးချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းများ ထောက်ခံပွဲ ကျင်းပ။
(၆) ရက်။
- ကချင်ပြည်နယ် ဝန်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်က လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာပြည် အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
- ပုသိမ်မှ လာသော ဝါးကိုင်း သင်္ဘောကို ကဝက်ကင်းရွာ အနီး၌ ကေအင်ဒီအိုများက တိုက်။ လူရှစ်ဦး သေ။ ပစ္စည်း သုံးသိန်းဖိုး ပါသွား။
(၇) ရက်။
- အင်းစိန်ခရိုင် ထန်းတပင် အနီး၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
- ဘားအံ့ - မော်လမြိုင်ကြား မော်တော်ဘုတ်များ သွားလာခြင်းကို ကေအင်ဒီအိုများက ပိတ်။
(၈) ရက်။
- သခင်နု နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ လက်ငင်း နိုင်ငံရေး ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းရေး ဆွေးနွေး။
- ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ပုသိမ်သွား။
- ထားဝယ်၊ ကလိန်အောင် ရွာရှိ ပြည်ထောင်စု ရဲစခန်းကို ကေအင်ဒီအိုများ တိုက်။
(၉) ရက်။
- မြန်မာနိုင်ငံ အခြေအနေကို ဗြိတိသှျ အစိုးရအား ရှင်းလင်း ပြောကြားခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း ရန်ကုန် ပြန်ရောက်။
- ကရင်နှင့် ဗမာ အထင် မလွဲကြဘဲ မေတ္တာဖြင့် အလုပ်လုပ်ကြရန် ကေအင်ဒီအို ခေါင်းဆောင် စောသာဒင်နှင့် သရာသာထိုတို့က သတင်းစာ ဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
- ထားဝယ် ခရိုင်ရှိ ဝင်းဝနှင့် ကျောက်မဲဒေါင် ရဲစခန်းများကို ကေအင်ဒီအိုများ တိုက်။
(၁၀) ရက်။
- မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အထူး အစည်းအးဝေး၌ "နိုင်ငံ စီးပွားရေးကို လက်ဝဲနဲ့လဲ လုပ်မရနိုင်" ဟု သခင်နု ပြော။
- ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက သတင်းစာ ဆရာများ အသင်း အမှုဆောင် လူကြီးများနှင့် တွေ့၍ လူမျိုးရေး အထင်လွဲမှားမှုနှင့် နိုင်ငံခြား ဆက်ဆံရေး ထိခိုက်မည့် အရေးအသားများ ရှောင်ရှားကြရန် ပြော။
- ကရင်ပြည်နယ် သီးခြား ထူထောင်ရေး ကန့်ကွက်ပွဲ ထားဝယ်၌ ကျင်းပ။
(၁၁) ရက်။
- သောင်းကျန်းသူများ ဂျိုးဖြူ ရေလှောင်ကန် ဖျက်။
(၁၂) ရက်။
- သခင်နုနေအိမ်၌ သခင်နုနှင့် ရှမ်းစော်ဘွား ရှစ်ဦး တွေ့ဆုံကြရာတွင် ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများ လက်တွဲ ကာကွယ် သွားကြရန် သဘောတူကြ။
(၁၃) ရက်။
- မြန်မာပြည် သတင်းထောက်များ အသင်းတိုက်၌ "မြန်မာပြည် ရင်လေးစရာ မရှိပြီ" ဟု သခင်နု ပြော။
- စော်ဘွားများ အသင်း ဒုတိယဥက္ကဋ္ဌ သာမိုင်းခမ်း စော်ဘွားက ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဟု သတင်းစာ ဆရာများအား ပြော။
- ကမာရွတ်ကို လူဆိုး ၁၀ဝ ခန့် လက်နက်မျိုးစုံနှင့် ဝင်စီး။
- သိမ်ဆိပ် ရဲစခန်းမှ လက်နက်များကို ကေအင်ဒီအိုများက သိမ်းယူ။
(၁၄) ရက်။
- နယ်မြေ အခြေအနေ လေ့လာရန် သခင်နု မြစ်ကြီးနား ရောက်။
- အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့ ကျောင်းသားများ ကွန်ဖရင့် တက်ရန်၊ ကိုညီညီ၊ ကိုစောလွင်နှင့် ကိုတင်ရွှေတို့ ရန်ကုန်မှ ထွက်ခွာ။
- ဖျာပုံတွင် ကရင် - ဗမာ ညီညွတ်ရေး တရားပွဲ ကျင်းပ။
- နတ္တလင်း အရှေ့ဘက် သုံးမိုင်ကွာရှိ တံတားကို သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး။
(၁၅) ရက်။
- ရန်ကုန်ထောင်ရှိ ရဲဘော်ဖြူ ၄၈ ယောက်ကို လွှတ်။
- ထားဝယ်၌ သောင်းကျန်းသူ ရှုတ်ချပွဲ ကျင်းပ။
- မှော်ဘီတွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
(၁၆) ရက်။
- မြစ်ကြီးနား တရားပွဲ၌ မိုက်ရင် ကျွန်ပြန်ဖြစ်မည်ဟု သခင်နု ပြော။
(၁၇) ရက်။
- ထားဝယ်ခရိုင် ကန်ဘောက်ရွာကို ကေအင်ဒီအိုများ သိမ်း။
- မြိတ်ခရိုင် ပလောင်ရှိ သတ္တုတွင်းများကို ကေအင်ဒီအိုများက လည်းကောင်း၊ မော်လမြိုင်ခရိုင် ကတိုးရွာကို မွန်သောင်းကျန်းသူများက လည်းကောင်း တိုက်ကြ။
(၁၈) ရက်။
- ကရင်ရေးရာ ဝန်ကြီး မန်းဘဆိုင်က သတင်းစာ ဆရာများ အသင်းတိုက်၌ ကရင်-ဗမာ ချစ်ကြည်ရေး ရှင်းလင်း ပြောကြား။
- အလေးမ အသင်းကြီး ကြီးမှူး၍ အလေးမပြိုင်ပွဲနှင့် အငယ်တန်း မောင်ဗမာ ရွေးပွဲ ဘီအေအေကွင်း၌ ကျင်းပ။
- တောင်ငူ ခရိုင်တွင်းမှ ဖမ်းထားသော ပုဒ်မ ၅ အကျဉ်းသမား ရ၉ ဦးလွှတ်။
(၁၉) ရက်။
- ရန်ကုန်မြို့လုံးကွျတ် နယ်ချဲ့ ရှုတ်ချပွဲနှင့် နယ်ချဲ့သူလှျို နှင်ထုတ်ရေး လူထုစည်းဝေးပွဲ ကန်တော်မင် ပန်းခြံ၌ သတင်းစာ ဆရာများ အသင်းက ဦးစီး ကျင်းပ။
- ပဲခူးမြို့နယ် ပြည်သူ့ ရဲဘော်ဖြူများ ညီလာခံက၊ ကေအင်ဒီအိုများ အားရှုတ်ချကြောင်း ဆုံးဖြတ်။
- မြိတ်မှ ကရင် စစ်ရဲများ လက်နက်ချ။
(၂၀) ရက်။
- တိုက်ကြီးမြို့၌ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲ ကျင်းပ။
- ဟင်္သာတမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် မလိုချင်၊ ဗမာနဲ့ မခွဲချင်ဟု ဆုံးဖြတ်။
- မြိတ်မြို့ လူထု အစည်းအဝေးပွဲက မြိတ်ခရိုင်သည် မြန်မာပြည်မနှင့် မခွဲလိုကြောင်း ဆုံးဖြတ်။
- မြိတ်မြို့ရှိ ပြည်ထောင်စု စစ်ရဲအဖွဲ့မှ ကရင်များ လက်နက်ချက်။
- ရမည်းသင်း ခရိုင်မှ သောင်းကျန်းသူ အချို့ လာရောက် အဖမ်းခံ။
- ငဇွန်၊ ချောင်းဦးနှင့် စစ်ကိုင်းခရိုင်မှ ရဲဘော်ဖြူအချို့ အလင်းဝင်။
(၂၁) ရက်။
- ရှမ်းရေးရာ ဝန်ကြီး စပ်ခွန်ချို၏ ရုံးခန်း၌ တောင်တန်းဒေသ ဆိုင်ရာ ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပ၌ အခြေအနေ ဆိုးဝါးနေသော ကရင်ပြည်နယ် ကိစ္စ ဆွေးနွေး။
- သတင်းထောက်များ အသင်းတိုက်၌ အင်္ဂလန်နှင့် အမေရိကန်ပြည် ဦးဘလွင်က ပညာရေးလုပ်ငန်း အတွေ့အကြုံများ ရှင်းလင်း ပြောကြား။
- ထားဝယ်ခရိုင်၊ ကလိန်အောင်ကို အစိုးရတပ်က ပြန်သိမ်း။
(၂၂) ရက်။
- စစ်ကိုင်း သုဓမ္မာဂိုဏ်းချုပ် ဆရာတော် ဦးသုဇာတ၊ သက်တော် ၉၄ နှစ်၊ ဘဝနတ်ထံ ပျံလွန်တော်မူ။
- ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင် အဖွဲ့ဝင်များ ဟင်္သာတ ရောက်။
- ရန်ကုန် တက္ကသိုလ် မြန်မာ အသင်းကြီး၏ နှစ်ပတ်လည် ဆုနှင်း သဘင်ပွဲ ယုဒသန် ခန်းမ၌ ကျင်းပ။
- ထားဝယ်ခရိုင်၊ ကန်ဘောက်ကို အစိုးရတပ်က ပြန်သိမ်း။
(၂၃) ရက်။
- တကသမှ ကြီးမှူး၍ ဂျပ်ဆင် ကောလိပ် ခန်းမတွင် နယ်ချဲ့သမားကို ရှုတ်ချသည့် ကျောင်းသားထု အစည်းအဝေး ကျင်းပ။ ဒတ်(ခ်ျ)သံရုံးကို အားလူး - ဘဲဥ - ခရမ်းချဉ်သီးများနှင့် ပေါက်၍ ဆန္ဒပြ။
- ပုသိမ်၌ တောခို ရဲဘော်ဖြူ ၃၈၇ ယောက် အလင်းဝင်။
(၂၆) ရက်။
- ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး၏ အထူးပြည်လုံးကွျတ် ညီလာခံက ဖဆပလမှ နုတ်ထွက်ရန် ဆုံးဖြတ်။
(၂၇) ရက်။
- မအူပင်မြို့နယ်တွင် ကရင်-ဗမာ ညီညွတ်ရေး တရားဟောရန် ဝန်ကြီး မန်းဘဆိုင်နှင့် ဦးဝင်းတို့ မအူပင် သွား။
- လူငယ် အစည်းအရုံး ဥက္ကဋ္ဌ ဦးဘဂျမ်းက ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဖဆပလ အဖွဲ့မှ လည်းကောင်း၊ နုတ်ထွက်လွှာ တင်။
(၂၉) ရက်။
- ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့က ညီညွတ်ရေး ရပြီဟု ကြေညာချက်ထုတ်။
- ပျဉ်းမနားနယ် သစ်ဆိမ့်ပင်ရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်။
(၃၀) ရက်။
- တောင်ငူ ငွေတိုက်နှင့် သာပေါင်း ငွေတိုက်တို့ကို ကေအင်ဒီအိုများ ဖောက်။
(၃၁) ရက်။
- ပန်းတနော်ကို ကေအင်ဒီအိုများ တိုက်။