ကျိုက်ထိုမြို့
ကျိုက်ထိုမြို့သည် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းကြီးနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိပြီး ရန်ကုန်မှ ၉၅ မိုင် ပဲခူးမှ ၄၈ မိုင် အသီးသီး ကွာဝေးသည်။ မွန်ပြည်နယ်၊ သထုံခရိုင်၏ လက်အောက်တွင် ရှိသော မြို့နယ်တစ်ခုပြီး ယခင်က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် သည် ဝန်ထောက်ရုံးစိုက်ရာ နေရာဖြစ်သည်။ ကျိုက်ထိုမြို့နယ်သည် စတုရန်းမိုင်ပေါင်း ၃၆၅.၇ မိုင်ခန့် ကျယ်ဝန်း၏။[1]
Kyaikto ကျိုက်ထိုမြို့ | |
---|---|
Kyaikto ကျိုက်ထိုမြို့ | |
ကိုဩဒိနိတ်: 17°18′N 97°1′E | |
နိုင်ငံ | မြန်မာနိုင်ငံ |
ပြည်နယ်၊ တိုင်း | မွန်ပြည်နယ် |
ခရိုင် | သထုံခရိုင် |
မြို့နယ် | ကျိုက်ထိုမြို့နယ် |
အစိုးရ | |
• အမျိုးအစား | ကျိုက်ထိုမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီ |
ဧရိယာ | |
• ကုန်းမြေ | ၃၆၅.၇ စတုရန်းမိုင် (၉၄၇ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၀၅) | |
• လူမျိုးများ | ဗမာ၊ မွန်၊ရှမ်း၊ပအိုဝ်း၊ ကရင်၊ ရခိုင်၊ကုလား၊တရုတ် |
• ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊အစ္စလာမ် |
ဧရိယာကုဒ်(များ) | ၀၅၇ |
သမိုင်း
ကျိုက်ထိုမြို့နယ်သည် မြန်မာသက္ကရာဇ် ၅၁၄ ခုနှစ် ဟံသာဝတီပြည်ကို တည်ထောင်သောအခါ အရန်မြို့ ၃၂ မြို့တွင် မွန်ဘာသာဖြင့် ကျိုက်ထုံ ဟု ခေါ်တွင်ခဲ့ပြီး မြန်မာဘာသာဖြင့် ဘုရားမြို့ ဟု အဓိပ္ပါယ်ရပါသည်။ မြို့ကို မြို့စား ဗျဂ္ဃ က စတင်အုပ်ချုပ်ခဲ့ပြီး မင်းသား မောင်ဂုံ ဒိုင်းဝန် နှင့် ပုလဲဝန်တို့က မြို့စားအဖြစ် အုပ်ချုပ်ခဲ့ကြသည်ဆို၏။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးနောက် ၁၈၅၂ ခုနှစ်တွင် သထုံ-ဒိစကြိတ်အောက် လွှဲပြောင်းပြီး သထုံခရိုင်ခွဲ နယ်ပိုင်ရုံးစိုက်ရာမြို့အဖြစ် တည်ရှိခဲ့သည်။[2][3][4]
ဤမြို့တွင် မြူနီစီပယ်အဖွဲ့ကို ၁၈၈၉ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ကျိုက်ထိုနယ်မှ ကျေးရွာပေါင်း ၁၇ ရွာကို ပဲခူးခရိုင် သနပ္ပင်မြို့နယ်သို့ လွှဲပြောင်းပေးလိုက်ရသဖြင့် အကျယ်အဝန်း စတုရန်းမိုင် ၈၃ မိုင်မျှ လျှော့သွားခဲ့ရသည်။ သို့သော် ၂၀၁၈-၁၉ ခုနှစ် စစ်တမ်းများအရ စိုက်ပျိုးမြေ ဧရိယာဧက ၂၃၄၀၁၇ ရှိသည်။
စီးပွားရေး
ယခင်က ကျိုက်ထိုမြို့ ပတ်ဝန်းကျင်တွင် လယ်ယာစိုက်ပျိုးနိုင်သော လယ်မြေများ အနည်းငယ်မျှ ရှိသည်။ တစ်ဖန်မြို့၏ တောင်ဖက်တွင် လယ်မြေများကို ပင်လယ်ရေကတိုက်စားလေ့ရှိသဖြင့် လယ်ယာလုပ်ကိုင်နိုင်သော မြေများ ပိုမိုနည်းပါးရလေသည်။ ကျိုက်ထိုမြို့နယ်မှ ထွက်သော ဆန်စပါးများသည် နယ်သူနယ်သားများအတွက် တစ်ခါတစ်ရံ မလုံမလောက် ဖြစ်တတ်သဖြင့် ပဲခူးနယ်မှ ဆန်စပါးများကို ဝယ်ယူတင်သွင်းရခဲ့သည်။ ထိုသို့ ကျိုက်ထိုမြို့နယ်မှ မြေများလွှဲပြောင်းပေးလိုက်ရခြင်း၊ လယ်မြေများ ရေတိုက်စားခံရခြင်း၊ ဆန်စပါးအထွက်နည်းခြင်းတို့ကြောင့် ကျိုက်ထိုမြို့မှာ ယခင်ကလောက် စည်ကားဖွံ့ဖြိုးခြင်းမရှိခဲ့ချေ။ သို့သော် ၂၀၁၈-၁၉ ခုနှစ် စစ်တမ်းများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြသည်။ ကျိုက်ထိုမြို့မှ ငါး၊ ငါးခြောက်၊ ရာဘာ၊ ဝါးပတ်ဦးထုပ်များနှင့် ခုံဖိနပ်များ၊ ကွမ်း၊ကွမ်းသီး၊ အုန်းသီး အပြင် အခြားသော ကုန်ပစ္စည်း အချို့ထွက်ရှိသည်။ ကျိုက်ထီးရိုးတောင်ခြေတွင် ဆေးဘက်ဝင် အပင်များ၊ ဝါး၊ ကြိမ်ဖြင့် ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများ ထွက်ရှိသည်။
မြေမျက်နှာသွင်ပြင်
ကျိုက်ထိုမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် ၃၅ ပေ အထက်တွင် တည်ရှိသည်သည်။ မြောက်ဖက်တွင် မြင့်မားသော ပေါင်းလောင်းတောင်တန်းကြီးနှင့် တောင်ဖက်တွင် ပင်လယ်ရေပြင်က နယ်နမိတ်သတ်မှတ်ထားသဖြင့် မြို့၏ ရှုခင်းမှာ သာယာစိုပြေသည်။ အမြင့်ဆုံးတောင်မှာ ကျိုက်ထီးရိုးတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၁၈ ပေဖြစ်ပြီး မြို့နယ်၏ အနိမ့်ဆုံးအရပ်ဒေသမျာ အနောက်အရပ်ဖြစ်ပါသည်။ ကတတ်ချောင်းခေါ် ကျိုက်ထိုချောင်းသည် ကျိုက်ထိုမြို့ကို တောင်နှင့်မြောက် ဖြတ်၍ စီးဆင်းသည်။ ကတတ်ချောင်း၏ အရှေ့ဖက်သည် မြို့၏ စည်ကားသော အချက်အခြာ ဒေသဖြစ်သည်။ အနောက်ဖက်မှာမူ ကော့စံနိုင်၊ ဘောဂနာ စသော ရပ်ကွက်များ သာဖြစ်သည်။ ကတတ်ချောင်းနှင့် စစ်တောင်းမြစ်ကို ဆက်သွယ်သော တူးမြောင်းတစ်ခုကို ၁၈၈၂ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ရာ ၁၈၉၃ ခုနှစ် ကုန်ခါနီးတွင် ပြီးစီးခဲ့လေသည်။ ထိုတူးမြောင်းသည် ၁၃ မိုင် ရှည်လျား၍ ငွေ ၁၀ သိန်းခန့် ကုန်ကျလေသည်။ တူးမြောင်းဖောက်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စစ်တောင်းမြစ်မှ မော်လမြိုင်မြို့အထိ လှေသမ္ဗာန်များ သွားလာနိုင်သော တူးမြောင်းတစ်ခု ဖောက်လုပ်ရန်ဖြစ်သည်။
စစ်တောင်း-ကျိုက်ထို တူးမြောင်းသည် စစ်တောင်းမြစ်ဝရှိ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ကို ဆက်သွယ်ပေးခဲ့လေသည်။ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ ဘောဂနာရွာများတွင် ရေတံခါးများ ထားရှိခဲ့သည်။ဝင်းပတောရွာရှိ ရေတံခါးမှာ ပျက်စီးလာခဲ့သဖြင့် ၁၈၉၇ ခုနှစ်တွင် မုပ္ပလင် ရွာ၌ ရေတံခါးပြောင်းလဲ ဆောက်လုပ်ခဲ့လေသည်။ ပင်လယ်ကမ်းနှင့် ယှဉ်ပြိုင်ဖောက်ထားသော စစ်တောင်း-ကျိုက်ထိုတူးမြောင်းမှာ ပင်လယ်ရေ တိုက်စားသဖြင့် နှစ်အနည်းငယ်အတွင်း ပျက်စီးသွားလေသည်။ သို့ဖြင့် စစ်တောင်းမြစ်မှ မော်လမြိုင်အထိ တူးမြောင်းဖောက်လုပ်ရန် စီမံကိန်းမှာလည်း လက်လျှော့လိုက်ရလေသည်။ စစ်တောင်းမြစ်ဝရှိ ဝင်းပတောရွာမှာလည်း ကမ်းပြိုသဖြင့် လုံးဝ ပျက်စီးသွားခဲ့လေသည်။
ရာသီဥတု
ကျိုက်ထိုမြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄ ဒီဂရီ စင်တီဂရိတ် နှင့် အနိမ်ဆုံးအပူချိန်မှာ ၁၃ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သည့် မိုးရေချိန်နှင့် အပူချိန်မှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ် | ခုနှစ် | မိုးရေချိန် | အပူချိန် | ||
---|---|---|---|---|---|
မိုးရွာရက် | စုစုပေါင်း မိုးရေချိန်(လက္မ) | နွေရာသီ (°C) | ဆောင်းရာသီ (°C) | ||
အမြင့်ဆုံး | အနိမ့်ဆုံး | ||||
၁ | ၂၀၁၅ | ၁၂၉ | ၁၅၈.၄ | ၄၁.၇ | ၁၃.၀ |
၂ | ၂၀၁၆ | ၁၃၄ | ၁၃၀.၅၉ | ၄၂.၇ | ၁၃.၀ |
၃ | ၂၀၁၇ | ၁၄၆ | ၁၅၄.၉၂ | ၄၁.၈ | ၁၄.၅ |
၄ | ၂၀၁၈ | ၁၃၆ | ၁၄၆.၁၈ | ၄၀.၇ | ၁၃.၅ |
၅ | ၂၀၁၉ | ၉၂ | ၁၀၆.၂၄ | ၄၀.၇ | ၁၃.၅ |
သဘာဝပတ်ဝန်းကျင်
ကျိုက်ထိုမြို့နယ်၏ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တော်ဖုံးလွှမ်းမှု ၁၈.၉၆ ရာခိုင်နှုန်းခန့်ရှိသည်။ ၎င်းတို့အနက် သစ်တောကြိုးဝိုင်း ဖုံးလွှမ်းမှုမှာ ၁၈.၉၆ ဖြစ်ပြီး ကြိုးပြင်ကာကွယ် တော်ဖုံးလွှမ်းမှုမှာကား မသိရချေ။ ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှ ပျဉ်းကတိုး၊ ကောင်းမှု၊ ကညင်၊ ပျဉ်းမ၊ မဏိဩဃ၊ သစ်ချ၊ သင်္ကန်း၊ ရေမနေ၊ ဒီးခူးအပါအဝင် စုစုပေါင်း ၄၅ မျိုးခန့်ပေါက်ရောက်သည်။ တွေ့ရှိရတတ်သည့် တောရိုင်းတိရိစ္ဆာန်များမှာ ဂျီ၊ မျောက်၊ တောဝက်၊ ဆတ်၊ တောင်ဆိတ်၊ ချေ၊ မျောက်မျက်ကွင်းဖြူ စသည်တို့ဖြစ်သည်။
အခြေခံအဆောက်အအုံများ
ကျိုက်ထို့မြို့နယ်တွင် ယခုအခါ မြို့နယ်ရဲစခန်းတစ်ခု၊ မြို့နယ်အားကစားကွင်းတစ်ခု ၊ မြို့နယ်ခန်းမတစ်ခု၊ ဈေးကြီး ၃ ခုနှင့် အဝေးပြေးယဉ်ဂိတ် ၁ ခု၊ ဘူတာရုံ၊ အခြေခံပညာအထက်တန်းကျောင်း၂ ခု နှင့် မူလတန်းကျောင်းပေါင်း ၅၀ ခန့်ရှိသည်။ ယခုအခါ မြို့နယ် အိတ်ချိန်းရုံးများ၊ စာတိုက်ရုံး၊ ကြေးနန်းရုံး၊ မိုဘိုင်းစတေရှင်းများဖြင့် တိုးတက်လျက်ရှိသည်။ ကျိုက်ထိုမြို့နယ်၏ အခြားထင်ရှားသော နေရာများမှာ ကျိုက်ထီးရိုးပြတိုက် တို့ဖြစ်ကြသည်။ အခြေခံပညာ အထက်တန်းကျောင်းကြီး ၂ ခုမှာ နိုင်ငံတော်အတွက် အားကိုးရသော ခေတ်ပညာတတ်လူငယ်လူရွယ်များကို မွေးထုတ်ပေးလျက်ရှိပြီး မွန်ပြည်နယ် ပညာရေးတွင် နာမည်ရှိသည်။ မြို့ပေါ်တွင် ၁၉၅၃ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၃၁၇၃ ယောက်ရှိ၏။ ၂၀၁၈-၂၀၁၉ခုနှစ် သန်းခေါင်းစာရင်းအရလူဦးရေမှာ ၁၆၄၈၁၂ယောက် ဖြစ်သည်။ မြို့ပေါ်တွင် ရှေးက ရှမ်းများနှင့် တောင်သူများ စတင်နေထိုင်ခဲ့သော ရပ်ကွက်များကို ရှမ်းစု၊ တောင်သူစု ဟူ၍ ယခုတိုင် ခေါ်တွင်လျက်ရှိသည်။
ထင်းရှားသောနေရာများ
ကျိုက်ထိုမြို့အလယ်တွင် ရွှေဘုံသာ စေတီတော်တည်ရှိ၍ မြို့၏ အရှေ့တောင်ယွန်းယွန်းတွင် ကျိုက်ပေါလော ရုပ်ပွားတော်တည်ရှိသည်။ ကျိုက်ပေါလော ရုပ်ပွားတော်ကို ပင်လယ်ထဲမှ ရရှိ၍ သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿမင်းက ပင်လယ်၌ မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ကျောက်ဘီးပေါ်တွင် သီတင်းသုံး၍ မျောပါလာသော ရုပ်ပွားတော်ဖြစ်သည်ဟု ယုံကြည်ကြသည်။ထိုကျောက်ဘီးကိုလည်း ဘုရားတန်ဆောင်းအတွင်းတွင် တွေ့မြင်နိုင်သည်။ ကျိုက်ပေါလောတန်ဆောင်းနှင့် မျက်နှာချင်းဆိုင်တွင် သွန်းဘုရားကြီးခေါ် ကြေးဆင်းတုတော်တစ်ဆူရှိသည်။ ထိုဆင်းတုတော်မှာ မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ပုံတော်၏ ပုံကိုယူ၍ သွန်းလုပ်ထားသော ရုပ်တုတော်ဖြစ်သည်။ ကျိုက်ထိုမြို့ပေါ်နှင့် မြို့အနီးတစ်ဝိုက်တွင် ကျောင်းသင်္ခမ်းများ၊ စာသင်တိုက်များ ရှိသည်။ ထင်ရှားသော စာသင်တိုင်များမှာ မဟာမေဃဝန်တိုက်၊ ဘုရားကြီးတိုက်၊ သစ်ချတောင်တိုက်နှင့် တိုက်တောင်ကျောင်းတိုက်တို့ဖြစ်သည်။ကျိုက်ထိုမြို့နယ်တွင် ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ထားဝယ်၊ စသော လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ မြို့၏ ကျောထောက်နောက်ခံစီးပွားရေးမှာ ထင်သလောက် မကောင်းသောကြောင့် စည်ကားသင့်သလောက် စည်ကားမှုမရှိချေ။သို့သော် ကျိုက်ထီးရိုးပွဲတော် ကာလများတွင် ပိုမိုစည်ကားသည်။
ကျိုက်ထိုမြို့ ၏နောက်ထပ် ထင်ရှားလာသော နေရာတစ်ခုမှာ ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင်၊ ဘုရားသုံးဆူတောင်၊ ဘုရားသုံးဆူကျောင်းတိုက်ကြီးတွင် တည်ဆောက်ပူဇော်ထားသော ဂေါတမဗုဒ္ဓ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ၎င်း ရုပ်ပွားတော်မြတ်ကြီးမှာ ဉာဏ်တော် (၂၅၅ပေ ၆လက်မ)အမြင့်ရှိပြီး အမြင့်ဆုံး ထိုင်တော်မူ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားကြီး ဟု ထင်ရှားပါသည်။[5]
ရပ်ကွက်များ
- ကံ့ကော်ရပ်ကွက်
- ကော့စံနိုင်ရပ်ကွက်
- တောင်သူစုရပ်ကွက်
- မြောက်ပိုင်းရပ်ကွက်
- တောင်ပိုင်း ရပ်ကွက်
- ဇေယျာမွန်ရပ်ကွက်
ကိုးကား
- https://www.moi.gov.mm/local-info/3126
- https://www.moi.gov.mm/local-info/3126
- https://www.facebook.com/283056645194715/posts/496467617186949/
- https://www.facebook.com/586009335092491/posts/1261545754205509/
- "ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် ဂေါတမဗုဒ္ဓရုပ်တုတည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီး လာမည့်ဧပြီလဆန်းတွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျင်းပမည်"။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
- အင်္ဂလိပ်ဝီကီ
- မြန်မာ့အဝါရောင်စာမျက်နှာများ