ဘီးလင်းမြို့

ဘီးလင်းမြို့ (အင်္ဂလိပ်: Bilin; မွန်: ၜဳက္လေၚ်) သည် မြန်မာနိုင်ငံမွန်ပြည်နယ်သထုံခရိုင်တွင် တည်တည်ရှိ၍ ဘီးလင်းမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ ကျိုက်ထိုမြို့မှ ၂၂မိုင်ခန့် ကွာဝေးပြီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းဘေးတွင် တည်ရှိသည်။ ဘီးလင်းမြို့နယ်သည် ယခင်က အနက်ရောင် နယ်မြေအဖြစ်သတ်မှတ်ထားသော သောင်းကျန်းသူများ ခိုအောင်းရာ နေရာဖြစ်ခဲ့သည်။ ယခုအခါ ဘီလင်းမြို့သည် တိုးတက်လျှက် ရှိပြီး ဖြစ်သည်။ မြို့မှာ အတန်ငယ်မျှသေးငယ်သည်။

ဘီးလင်းမြို့
ၜဳက္လေၚ်
မြို့
ဘီးလင်းမြို့
ဘီးလင်းမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 17°14′N 97°15′E
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
ခရိုင်သထုံခရိုင်
မြို့နယ်ဘီးလင်းမြို့နယ်
လူဦးရေ (၂၀၁၄)၁၈,၃၉၂[1]
  လူမျိုးစုများဗမာ၊ မွန်၊ရှမ်း၊ ကရင်၊ ပအိုဝ်း
  ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်(များ)၀၅၇

ဘီးလင်းမြို့သည် ကျိုက်ထိုမြို့နှင့် သထုံမြို့အကြား အလယ်ခန့်တွင် ဘီးလင်းမြစ်၏ လက်ဝဲကမ်းပေါ်၌ တည်ရှိသည်။ ဘီးလင်းမြို့နယ်သည် ၇၂၇ စတုရန်းမိုင် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၅၈ ရွာပါဝင်သည်။ မြို့ပေါ်ရှိ လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၈,၃၉၂ ယောက် [1] ဖြစ်သည်။ မြို့နယ်အတွင်း၌ လည်းကောင်း၊ မြို့ပေါ်၌ လည်းကောင်း မြန်မာလူမျိုးဦးရေသည် အများဆုံး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ တောင်ကုန်းတောင်တန်းများတွင် ကရင်လူမျိုးနှင့် ပအိုဝ်း လူမျိုးတို့ကိုလည်း အများအပြား တွေ့ရသည်။ ထို့ပြင် မြို့နယ်အတွင်း၌ မွန် လူမျိုးများလည်း ရှိလေသည်။

ဘီးလင်းမြို့နယ်ကို ဖြတ်သန်းစီးဆင်းသော ဘီးလင်းမြစ်သည် သထုံခရိုင်အတွင်း သွားလာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးပါသော မြစ်ဖြစ်သည်။ ထိုမြစ်သည် ကရင်ပြည်နယ် အတွင်း မြစ်ဖျားခံ၍ မုတ္တမ တောင်တန်းနှင့် ဘီးလင်းတောင်တန်းများကို ဖြတ်လျက် မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည်။ မြို့နယ်အတွင်း ထင်ရှားသော တောင်ရိုးတောင်တန်းများမှာ ထုံးကျောက်တောင်များ ဖြစ်သည့် ဘီးလင်းတောင်တန်းနှင့် ကေလာသတောင်တန်းတို့ဖြစ်လေသည်။

ရာသီဥတု

ဘီးလင်းမြို့နယ်သည် မိုးများသော ဒေသဖြစ်သည်။ မိုးရာသီတွင် ဘီးလင်းမြို့သည် ရေလွှမ်းမိုးတတ်သည်။ မုတ္တမပင်လယ်ကွေ့နှင့် နီးကပ်သော မြို့နယ်ဖြစ်၍ အပူအအေး မပြင်းထန်လှချေ။

လမ်းပန်းဆက်သွယ်ရေး

ကူးသန်းသွားလာရေး လမ်းပန်းအဆက်အသွယ်များမှာ ကျိုက်ထို-မုတ္တမ မော်တော်ကားလမ်း (၈၃ မိုင်) သည် ဘီးလင်းမြို့နှင့် သထုံမြို့ကို ဖြတ်၍သွားသည်။ ဘီးလင်းမြို့သည် ကျိုက်ထိုနှင့် ၁၉ မိုင်ခန့်ကွာဝေး၍ သထုံနှင့် ဘီးလင်းသည် ၂၃ မိုင်ခန့်ဝေးသည်။ ဘီးလင်းမြို့ကိုပတ်၍ ကရင်ပြည်နယ် ဖာပွန်မြို့သို့မော်တော် ကားလမ်းရှိသည်။ ၇၃ မိုင်ရှည်လျားသည်။ ပဲခူး-မုတ္တမ ( မော်လမြိုင် ) မီးရထား လမ်းသည် ဘီးလင်းမှ ၄ မိုင် ခန့်ဝေးသော နှင်းပုလဲဘူတာကို ဖြတ်ကျော်၍ သွားလေသည်။

ထင်ရှားသည့်နေရာများ

ဘီးလင်းမြို့၌ မြို့ပိုင်ရုံး၊ မြို့နယ်တရားမနှင့် ရာဇဝတ်တရားသူကြီးရုံး၊ မြို့နယ်သမဝါယမရုံး၊ စာတိုက်၊ ဆေးရုံ၊ အစိုးရတန်းမြင့်ကျောင်း၊ ဈေးစသည့် အစိုးရ အဆောက် အအုံများ ရှိသည်။ ရှေးအခါက အရောင်းအဝယ် စည်ကားသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ ယခုအခါမူ စစ်ဘေး စစ်ဒဏ်ကို ခံခဲ့ရသဖြင့် လည်းကောင်း၊ ပြည်တွင်း သောင်းကျန်းမှုများကြောင့် လည်းကောင်း မြို့အခြေအနေများစွာ ပျက်ပြားခဲ့သည်။

ဘီးလင်းမြို့တွင် ထင်ရှားသော ဘုရားစေတီများမှာ ဘီးလင်းမြို့မှ ၃ မိုင်ခန့်ကွာဝေးသော ကုသိဇ္ဈာရုံ ဘုရားနှင့် မြို့ပေါ်ရှိ ကြေးသွန်းဘုရားများ ဖြစ်ကြသည်။ ဘုရားပွဲတော်များကို တပေါင်းလတွင် ကျင်းပသည်။ မြို့၏ အရှေ့ဘက် ရွှေရောင်ပြတောင်ပေါ်ရှိ ဘုရားစေတီသည်လည်း ထင်ရှားသော စေတီတစ်ဆူ ဖြစ်သည်။ ဗုဒ္ဓအယူဝါဒီ မြန်မာလူဦးရေ များပြားသောမြို့ဖြစ်သဖြင့် မြို့ပေါ်တွင် ဘုန်းကြီးကျောင်းပေါင်း ၂ဝ ကျော်မျှ ရှိလေသည်။

သမိုင်းကြောင်း

ဘီးလင်း ဟူသော အမည်သည် ဝီလှီ ( ပီးလမ်း ) ဟူသော မွန်စကားမှ ဆင်းသက်လာခြင်း ဖြစ်၍ မြစ်ဖြတ်သောမြို့ဟု အဓိပ္ပာယ်ရသည်။ ယခုတိုင် ဘီးလင်းကျိုးရွာဟု ခေါ်တွင်သော တစ်ဖက်ကမ်းတွင် ပဲ့ကျန်ခဲ့သည့် ဘီးလင်းမြို့နေရာကို တွေ့ကြရသေးသည်။ ဘီးလင်းမြို့ကို တပ်မြို့အဖြစ် စတင်တည်ထောင်ခဲ့သည်ဟု အဆိုရှိသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက်တွင် သောဏထေရ်နှင့် ဥတ္တရထေရ်တို့သည် သာသနာပြုရန် ရာမညတိုင်းသို့ကြွရောက်လာကြသည်။ ထိုမထေရ်မြတ်တို့ ကြွရောက်လာသော ဂေါမတ္တိကနဂရမြို့သည် ဘီးလင်းမြို့နယ်အတွင်းရှိ ကေလာသတောင်ထိပ် စေတီ၏ အနောက်တောင်တွင် အရှေ့တစ်ဝက် တောင်ထိပ်၊ အနောက် တစ်ဝက် မြေညီ၌ တည်သည်။ တင်လဲချက်သော လူတို့အိမ်ကဲ့သို့အိမ်အများရှိ သောကြောင့် ဂေါမတ္တိကဟု ခေါ်တွင်၍ တိုက်ကုလားမြို့ဟုလည်း နှောင်းခေတ်တွင် ခေါ်ဝေါ်ကြသည်။ ယခုတိုင် တိုက်ကုလားမြို့ဟောင်း နေရာ၊ သို့မဟုတ် တောင်စွန်းဟုခေါ်သော နေရာတွင် မြို့ဟောင်းအပျက်အစီးနေရာကို တွေ့ကြရသေးသည်။

ဘီးလင်းမြို့နယ် အတွင်းရှိ ဇုတ်သုတ်ရွာ အနီးတွင်လည်း ရှေးမြို့ဟောင်း အဆောက်အအုံများကို တူးဖော် တွေ့ရှိရသည့်ပြင်၊ စေတီပုထိုးများတွင်လည်း ကျောက်စာများကို တွေ့ရသည်။ အထက်တွင် ဖော်ပြခဲ့သော ကုသိဇ္ဈာရုံဘုရားသည် သောဏထေရ်နှင့် ဥတ္တရထေရ်တို့ကို အကြောင်းပြုပြီး ဘုရားဆံတော်ဌာပနာရာ တန်ခိုးကြီးဘုရား ဖြစ်လေသည်။[2]

ပညာရေး

ဘီးလင်းမြို့နယ်၌ အထက်တန်းကျောင်း ၂ ကျောင်း ရှိသည်။ မူလတန်းကျောင်းပေါင်း များစွာရှိသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစွာလည်း ရှိသည်။

ကိုးကွယ်ယုံကြည်မှု

အများစုမှာဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ မြောက်ဘက်တွင် ကုသိနာရုံတောင်၊ ဒေးခင်တောင်တို့ ရှိသည်။ ဘီလင်းမြို့ အလယ်ပိုင်းတွင် ဘီးလင်းချောင်းရှိပြီး မိုးရာသီ၌ ရေကြီးလေ့ရှိသည်။ မြို့၏ မြောက်ဘက်မှ ကရင်ပြည်နယ် ဖားအံမြို့သို့ သွားရာလမ်းရှိသည်။

စီးပွားရေး နှင့် လူမျိုးများ

မြေပြန့်မြေနိမ့်ဒေသများသည် မြေဩဇာကောင်း၍ စပါးစိုက်ပျိုး ဖြစ်ထွန်းသည်။ တောင်ကုန်း တောင်တန်းဒေသများတွင် ကရင်လူမျိုးများ၊ ပအိုဝ်းလူမျိုးများသည် တောင်ယာများ လုပ်ကိုင်ကြသည်။ ဘီးလင်းနယ်တွင် ကြံများကိုလည်၊ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြလေသည်။ ဗမာလူမျိုး၊ ကရင်လူမျိုးများ အများဆုံး နေထိုင်ကြသည်။ ဝလူမျိုးပအိုဝ်းလူမျိုးများလည်း နေထိုင်ကြသည်။ အများစုမှာ ဥယျာဉ်ခြံမြေ ကို လုပ်ကိုင်ကြပြီး ရာဘာစိုက်ပျိုးရေ:လည်း ထွန်းကားသည်။ မြို့၏ အနောက်ဘက်တွင် သကြားစက်တာယာစက်ရုံ၊ တို့ ရှိသေးသည်။ အဓိက ထွက်ကုန်များမှာ ရော်ဘာ၊ တောင်ထန်း၊ သစ်၊ ဆီအုန်း၊ တာယာ၊ ကြံ၊ သကြား စသည်တို့နှင့် အခြား လူသုံးကုန် ပစ္စည်းများ ဖြစ်ကြသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၉။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.