သထုံခရိုင်
သထုံခရိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်တွင် ပါဝင်သည်။ စစ်တောင်းမြစ်ဝ ဝဲဖက်ကမ်းမှသည် သံလွင်မြစ်ဝ ယာဖက်ကမ်းတိုင်အောင်အလျားရှည်၍ ပင်လယ်ကမ်းရိုးတန်းခရိုင်တစ်ခု ဖြစ်ပေ သည်။ မြောက်ဘက်တွင် တောင်ငူခရိုင်နှင့် ဖာပွန်မြို့နယ်၊ အရှေ့ဘက်တွင် လှိုင်းဘွဲ့မြို့နှင့် ဘားအံမြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် ပဲခူးခရိုင်နှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝိုင်းရံလျက်ရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် သံလွင်မြစ်အောက်ပိုင်းတို့သည်လည်းကောင်း၊ တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့သည် လည်းကောင်း၊ အနောက်မြောက်ဘက်တွင် စစ်တောင်းမြစ်အောက်ပိုင်းသည်လည်းကောင်း သဘာဝနယ်နိမိတ်များအဖြစ်ဖြင့် ခရိုင်ကိုပိုင်းခြားပေးထားကြသည်။
သထုံခရိုင် | |
---|---|
![]() ![]() သထုံခရိုင် | |
ကိုဩဒိနိတ်: 17°00′N 97°30′E | |
နိုင်ငံ | ![]() |
ပြည်နယ် | မွန်ပြည်နယ် |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | သထုံမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
သထုံခရိုင်တွင် မြောက်ဘက်ပိုင်း၌ တောင်ရိုးတောင်တန်းများ ပေါများ၍ မြစ်ချောင်းစိမ့်စမ်းများလည်း အနှံ့အပြားဖြစ်သည်။ မုတ္တမကွေ့၏ အရှေ့ဘက်၌ ရှမ်းကုန်းပြင်မြင့်၊ သို့မဟုတ် အရှေ့ရိုးမမှ သွယ်တန်းလာသော တောင်တန်းတစ်ခုသည် တောင်ဘက်သံလွင်မြစ်ဝပေါ်ရှိ မုတ္တမမြို့ကလေးသို့ တိုင်အောင် အနောက်မြောက်ယွန်းယွန်းမှသည် အရှေ့တောင်ယွန်းယွန်းသို့ ဆင်းလာသည်။ ခရိုင်ရုံးစိုက်မြို့ဖြစ်သော သထုံမြို့ကို ထိုတောင်တန်းကို နောက်ခံပြု၍တည်ထားရာ သထုံမြို့အနီးတွင် ထိုတောင်တန်းကို သထုံတောင်တန်း၊ တောင်ဘက်၌ မုတ္တမတောင်တန်းဟူ၍လည်းကောင်း၊ ကုလားမ တောင်တန်းဟူ၍လည်းကောင်းခေါ်ဆိုကြသည်။ ခရိုင်၏ အနောက်မြောက် ဘက်တွင် အရှေ့ရိုးမရှိ ပေါင်းလောင်းတောင်တန်း၏ အဆက်ဖြစ်သော တောင်ရိုး တောင်စွယ်တို့သည် ခရိုင်အတွင်း ဝင်ရောက်လာပြီးလျှင် ကျိုက်ထို နှင့် ဘီးလင်းဘက်သို့ တောင်စွယ်နှစ်ခုခွဲထွက်သည်။ အနောက်ဘက်တောင်စွယ်ကို ကေလာသတောင်တန်းဟုခေါ်သည်။[1]
ပါဝင်သောမြို့နယ်များ
သဘာဝဘေးဖြစ်စဉ်များ
၂၀၁၆ ရေကြီးရေလျှံမှု
၂၀၁၆ ခုနှစ် မိုးရာသီကာလက ရေကြီး ရေလျှံမှုကြောင့် သထုံခရိုင်တွင် လယ်မြေဧက ၄၀၀၀ ကျော် နစ်မြုပ်ခဲ့သည်။ သို့သော် ရက်ပိုင်းအတွင်းသာနစ်မြုပ်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။ [2]
၂၀၁၇ ရေကြီးမှု
ကျိုက်ထိုမြို့တွင် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုခြင်းကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိဖြစ်ပွားခဲ့သည်။
ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဒဏ်ခံရလေ့ရှိသော်လည်း ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ဖူးသည်။[3]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
- ယဉ်ချိုင်း (၂၅ ဇူလိုင် ၂၀၁၇)။ သထုံခရိုင်တွင် လယ်မြေဧက ၁၅၀ဝဝ ကျော် ရေနစ်မြုပ်။ မွန်သတင်းအေဂျင်စီ။ ၂၆ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ယဉ်ချိုင်း (၂၆ ဇူလိုင် ၂၀၁၇)။ ကျိုက်ထိုတွင် ရေအားလုံးပြန်ကျ ရေဘေးရှောင်သူများ အိမ်ပြန်ကြပြီ။ မွန်သတင်းအေဂျင်စီ။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။