လှိုင်းဘွဲ့မြို့
လှိုင်းဘွဲ့မြို့သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဘားအံမြို့ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာတွင်ရှိသော ဂျိုင်းမြစ်၏ မြစ်လက်တက်ဖြစ်သည့် လှိုင်းဘွဲ့ချောင်း၏ ကမ်းပေါ်တွင် တည်ရှိသည်။ မြို့၏အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် လေးဖာလုံနှင့် တောင်နှင့်မြောက် ခြောက်ဖာလုံ ရှိသည်။
လှိုင်းဘွဲ့မြို့ လိုၚ်ဗၟဲ ဝေင်ꩻယောင်ႏပွယ်ꩻ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
လှိုင်းဘွဲ့မြို့ | |
ကိုဩဒိနိတ်: 17°7′N 97°49′E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | လှိုင်းဘွဲ့မြို့နယ် |
လတ္တီကျု | (၁၇)ဒီဂရီ၊ (၇)မိနစ် |
လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၄၉)မိနစ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
လူမှုပထဝီဝင်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လှိုင်းဘွဲ့မြို့ပေါ်ရှိ လူဦးရေမှာ ၁၁,၅၁၁ ယောက်[1] ဖြစ်သည်။ လှိုင်းဘွဲ့မြို့နေ လူအများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြသော်လည်း ခရစ်ယာန်၊ မွတ်စလင်နှင့် နတ်ကိုးကွယ်သူများလည်းရှိကြသည်။
သမိုင်းကြောင်း
လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ယခုလှိုင်းဘွဲ့မြို့တည်ရာနှင့် တစ်မိုင်ကျော်ခန့် ဝေးကွာသောနေရာတွင် ပန်ကရန်တုန်မြို့ဟုခေါ်သော မြို့ဟောင်းတစ်ခုရှိခဲ့ဖူးသည်။ ထိုအခါက နယ်ခြားဒေသများတွင် အားကောင်းသူက အားနည်းသူအား အစဉ်တစိုက် နိုင်လေ့ရှိသည့်အတိုင်း ပန်ကရန်တုန်မြို့ကို ယိုးဒယားဘုရင် တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ယိုးဒယားနယ်မြေ အတွင်းသို့ ပန်ကရန်တုန်မြို့မှ လူအားလုံးကို ခေါ်ဆောင်သွားသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသော သုံ့ပန်းများကို ယိုးဒယားလက်အောက်ခံအဖြစ် အသိအမှတ်ပြု၍ ပြန်လွှတ်လိုက်လေသည်။ ထိုအခါ လွတ်မြောက်လာသူများသည် ပန်ကရန်တုန်မြို့ဟောင်းနေရာတွင် ပြန်လည်၍ မတည်ထောင်ကြတော့ဘဲ ယခုလှိုင်းဘွဲ့မြို့တည်ရာအရပ်တွင် စုရုံးကာ မြို့ပြတည်ထောင်၍ နေထိုင်ကြလေသည်။
အမည်ရင်းမြစ်
လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ယခုလှိုင်းဘွဲ့မြို့၌ နေထိုင်ကြသော လူမျိုးများမှာ ကရင်နှင့် မွန်လူမျိုးများသာ ဖြစ်ကြသဖြင့် ပြန်လည်၍ မြို့တည်သော ယခု လှိုင်းဘွဲ့မြို့နေရာကို မွန်ဘာသာဖြင့် လိုင်းပလွဲ ဟူ၍ ခေါ်ဝေါ်လာခဲ့ကြရာ ကာလရွေ့လျောလာသောအခါ လိုပလွဲ ဟုလည်းကောင်း၊ ထိုမှတစ်ဆင့် လိုင်ပလွှဲ၊ လိုင်ပွဲ၊ လှိုင်းပွဲ၊ လှိုင်းဘွဲ့ ဟုလည်းကောင်း ပြောင်းလဲခေါ်လာကြသည်ဟု သက်ကြီးစကားများအရ သိရသည်။
စီးပွားရေး
လှိုင်းဘွဲမြို့သူမြို့သားတို့၏ အဓိကလုပ်ငန်းများမှာ သစ်များကို လှိုင်းဘွဲ့ချောင်းမှမျှော၍ ကျုံဒိုးချောင်းမှတစ်ဆင့် မော်လမြိုင်သို့ သွားရောက် ရောင်းချခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်း၊ ကိုင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင်ခြင်းများဖြစ်သည်။ လှိုင်းဘွဲ့မှထွက်သော ကုန်များမှာ စပါး၊ မြေပဲ၊ ဆေး၊ ငရုတ်၊ ကြံသကာ၊ အုန်း၊ ကွမ်းပေါင်း၊ တိမ်ညင်းနှင့် ပျားရည်များဖြစ်သည်။ မိုးတွင်းအခါ၌ လှိုင်းဘွဲ့ချောင်းမှ သစ်များနှင့် စပါး၊ ကြံသကာ၊ မြေပဲတို့ကို ယူဆောင်၍ မော်လမြိုင်မြို့တွင် ရောင်းချကြသည်။
လမ်းပန်းဆက်သွယ်ရေး
လှိုင်းဘွဲ့မြို့မှ မော်လမြိုင်မြို့အထိ ရေလမ်းခရီးဖြင့် မိုင် ၈ဝ ဝေး သည်။ သို့သော် တိုက်ရိုက်သွား၍ကားမရချေ။ လှိုင်းဘွဲ့ချောင်းမှ ကျုံဒိုးချောင်းသို့ ပထမသွား၍ ထိုမှတစ်ဆင့် မော်လမြိုင်မြို့သို့ သွားရသည်။ လှေနှင့် သမ္ဗာန်များကိုသာ အသုံးပြုနိုင်သည်။ သင်္ဘောများ မသွားနိုင်ချေ။ ကုန်းလမ်းခရီးဖြင့် လှိုင်းဘွဲ့မြို့မှ ဖားအံမြို့အထိ မော်တော်ကားလမ်း၂၄ မိုင် ရှိ၍ ရွှေဂွန်းမြို့သို့ ၁၄ မိုင်၊ ပိုင်ကျုံရွာသို့ ၁၂ မိုင်၊ ထီလုံရွာသို့ ၁၁ မိုင် အသီးအသီးရှိလေသည်။
ထင်ရှားသည့်နေရာများ
လှိုင်းဘွဲမြို့နယ်အတွင်း၌ ဝူဖရမ်(အဖြိုက်နက်)၊ အန်တီမိုနီ (ခနောက်စိမ်း)၊ ခဲ၊ ဒန်၊ သွပ် စသည့် ပစ္စည်းများထွက်သည့် ဒေါနတောင်ရှိသည်။ လှိုင်းဘွဲ့မြို့နယ်တွင် ကျိုက်မုရောဘုရား၊ ကော့၀န်းရွာအနီး၌ ကျိုက််မုေထာ်ဘုရားနှင့် ဝင်းစိန်ရွာအနီး၌ ကျိုက်မုေဆွ့ဘုရား ဟူ၍ သမိုင်း၀င်စေတီညီေနာင်သံုးဆူ ရှိကြ၍ နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျိုက်မုရောဘုရားပွဲတော်ကို ကျင်းပကြလေသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။