မုဒုံမြို့
မုဒုံမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ကားလမ်းမပေါ်တွင်တည်ရှိသည်။ မုဒုံမြို့သည် မော်လမြိုင်မြို့တောင်ဘက် ၁၈ မိုင်အကွာ မော်လမြိုင်ကျိုက္ခမီ မော်တော်ကားလမ်းပေါ်၌ လည်းကောင်း၊ ၁၅ မိုင် အကွာ မော်လမြိုင်မြို့နှင့် ရေးမီးရထားလမ်းပေါ်၌လည်းကောင်းတည်ရှိရာ အဆက်အသွယ်ကောင်း၍ အသွားအလာ လွယ်ကူသဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် စည်ကားသည်။ မော်တော်ကားလမ်းသည် မြို့၏ အရှေ့ဖက်၌ရှိ၍ မီးရထားလမ်းသည် မြို့၏ အနောက်ဘက်ဆုံးတွင်ရှိသည်။
မုဒုံမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မုဒုံမြို့အနီးရှိ ထုံးကျောက်တောင် | |
မုဒုံမြို့ | |
ကိုဩဒိနိတ်: 16°15′N 97°43′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန်ပြည်နယ် |
ခရိုင် | မော်လမြိုင်ခရိုင် |
လတ္တီကျု | (၁၆)ဒီဂရီ၊ (၁၅)မိနစ် |
လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၄၃)မိနစ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
အမည်ရင်းမြစ်
မုဒုံမြို့သည် မွန်မြို့ဖြစ်သည်အားလျော်စွာ မွန်ဘာသာဖြင့် (မုဟ်ဍုင်) (မြန်မာအသံ - မုဒုံ) မုဟ် သည် အစွန်း၊ ဍုင် သည် မြို့ အစွန်းကျသောမြို့ဟု ဆိုလိုသည်။
လူမှုပထဝီဝင်
မုဒုံမြို့ပေါ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂,၅၁၄ ယောက်[1]ခန့်ရှိ၍ မွန်၊ မြန်မာ၊ ကရင်၊ တရုတ်၊ကုလားလူမျိုးများ နေထိုင်ကြသည်။ မွန်လူမျိုးတို့ အများဆုံးနေထိုင်သည်။
မြို့ပေါ်တွင် ရဲဌာန၊ စာပို့တိုက်၊ မြို့ပိုင်ရုံး၊ ငွေတိုက်၊အစိုရအထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ သစ်တောဌာနနှင့် ဆေးရုံတို့ရှိသည်။ မုဒုံမြို့နယ်တွင် ကော်ဖတ်ခြံများ အမြောက်အမြားရှိသည်။ မြို့နယ်အတွင်း ဆန် စပါးစိုက်ပျိုး လုပ်ကိုင်ကြသည်။ မြို့နေလူများသည် လယ်ယာလုပ်ခြင်း၊ ရက်ကန်းရက်ခြင်း တို့ဖြင့်အသက်မွေး မြူကြသည်။ ဆန်စပါး၊ကော်ဖတ်နှင့် ရက်ကန်းထည် များစွာထွက်သည်။
ထင်ရှားသောနေရာများ
မုဒုံမြို့တွင် ကန်တော်ကြီး၊ ကန်ကြီးဘုရားနှင့် ဂျုံးဂျုံးကျတောရကျောင်းဟူ၍ ထင်ရှားသော ဌာနသုံးခုရှိသည်။ ကန်တော်ကြီး၊ သို့မဟုတ် ကန်ကြီးသည် ၃ မိုင်ပတ်လည် ကျယ်ဝန်း၍ နဂါးများ ကျက်စားပျော်မြူးရာဟု ထင်ရှားကျော်ကြားခဲ့သည်။ ဂေါတမမြတ်စွာဘုရား ၈ ဝါမြောက်တွင် နောက်ပါ ရဟန္တာများနှင့် ဤကန်တော်ကြီးဌာနသို့ ကြွလာ တော်မူဘူးသည်ဟုဆိုသည်။ ရသေ့ကြီးနှင့်တွေ့တော်မူရာ နောင်ရေးကိုမျှော်ရှုကာ ရသေ့ကြီးအား ဆံတော်တစ်ဆူ သနားတော်မူခဲ့လေသည်။ ထိုအကြောင်းကို သိကြားမင်းသိ၍ ရသေ့အား ဆံတော်ကို ဌာပနာ၍ စေတီတည်ရန် လျှောက်ထာသည်တွင် ကန်တော်ကြီးအနီး၌ သိကြားတစ်ရစ်၊ နဂါးတစ်ရစ်၊ လူတစ်ရစ်စေတီတည်ကြသည်။ ထိုဆံတော် ဓာတ်စေတီကို ရှေးအခါက နဂါးစေတီဟု ခေါ်ကြသည်။ နောင်မှ ကန်တော်ကြီးအနီး၌ တည်ထားသောကြောင့် ကန်ကြီးဘုရားဟု တွင်ပြန်သည်။ ကန်ကြီးသည် မုဒုံမြို့ မတည်မီ ရှေးအခါကတည်းကပင် သယံဇာတအားဖြင့် တည်ရှိသောအဓိကရ ကန်တော်ကြီး ဖြစ်သည်။
ဂျုံးဂျုံးကျတောရတွင် ရေအဟုန်ပြင်းစွာဖြင့် အမြင့်မှ အဆက်မပြတ် စီးဆင်းလျက်ရှိသောကြောင့် ဂျုံးဂျုံးကျစမ်းဟုခေါ်သောစမ်းရှိသည်။ ထိုစမ်းကို အမှီပြု၍ ဆောက်လုပ်ထားသော တောရကျောင်းကို ဂျုံးဂျုံးကျတောရကျောင်းဟုခေါ် သည်။ ထိုကျောင်းတွင် ဆရာတော်တစ်ပါး သီတင်းသုံးတော်မူခဲ့ ဘူးသည်။ ထိုဆရာတော်ဘုရားသည်။ သီလသိက္ခာနှင့် ပြည်စုံ၍ တရားထူးရရှိပြီးသောပုဂ္ဂိုလ်မြတ်ဟု ကျော်စောခဲ့သည်။ ပျံလွန်တော်မူရာတွင် ရုပ်ခန္ဓာ ရုတ်တရက် ပျောက်ကွယ် သွား၍ ရုံတော်မူသော သင်္ကန်းများမှာ ပုံမပျက် ပက်လက်ကျိန်းနေဘိသကဲ့သို့ ကျန်ရှိနေသေးသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။
မုဒုံမြို့သည်ဤဆရာတော်ဘုရားကြောင့်လည်းထင်ရှားကျော်စော၏။ မုဒုံမြို့သည် ရှေးက မွန်ဘုရင်များ ထီးနန်းစိုက်ရာ ဖြစ်ကြောင်းကို ကွမ်ဒုံအရပ်တွင် ယနေ့ထိရှိနေသေးသော မြို့ရိုးများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။[2]
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၉။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)