ရေးမြို့
ရေးမြို့သည် မြန်မာနိုင်ငံတောင်ဘက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ တောင်ဖက်အစွန်းဆုံး မြို့တစ်မြို့ဖြစ်သည်။
ရေးမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
ရေးမြို့ | |
ကိုဩဒိနိတ်: 15°14′48″N 97°51′20″E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | မွန် |
ခရိုင် | မော်လမြိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ရေးမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
တည်နေရာ
ရေးမြို့သည် ရန်ကုန်မြို့မှ ကားလမ်းခရီးမိုင် ၂၈၄ မိုင်၊ မော်လမြိုင်မြို့မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ ဖြစ်သည်။ ရှေးယခင်က မီးရထားလမ်းဆုံးမြို့ဟု လူသိများကြသည်။ ရေးမြို့နယ် သည် မွန်ပြည်နယ်တွင် အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ မြောက်ဘက်တွင် သံဖြူဇရပ်မြို့နယ် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အနောက်ဘက်တွင် အက်ဒမန် ပင်လယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့တည်ရှိသည်။ ရေးမြို့မှ ထားဝယ်မြို့အထိ ရထားလမ်းရှိပြီး ကားလမ်းလည်းရှိသည်။ ထို့အပြင် ရန်ကုန်သို့ တိုက်ရိုက်ရထားဖြင့်သွားနိုင်ပြီး ပုဂ္ဂလိက ကားလိုင်းများဖြင့် မှန်လုံယာဉ်ပေါ်တွင် သက်တောင့်သက်သာ လိုက်ပါကာခရီးသွားလာနိုင်ပြီး ဖြစ်သည်။
ယခင်က လေယာဉ်ကွင်းရှိခဲ့သော်လဲ ယခုအချိန်၌ထို လေယာဉ်ကွင်းအားအသုံး မပြုတော့ပေ။
ရာသီဥတု
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၇ဝ ရှိပြီး ပျမ်းမျှ ပေ ၁၀၀ဝ ကျော်မှ ပေ ၃၀၀ဝ အတွင်း တောင်တန်းကြီးများလည်း တည်ရှိသည်။ မိုးရာသီတွင် မိုးရေချိန်လက်မ များစွာ ရွာသွန်းပြီး ရာသီဥတုမှာလည်းမျှတမှုရှိသော မြို့ဖြစ်သည်။ ရေးမြို့၏ အဓိက ရေဆင်းမှာ ရေးမြစ်ဖြစ်သည်။ မိုင် ၇ဝ ခန့်ရှည်ပြီး ပေ ၅၀ဝ ခန့်ကျယ်သည်။ ရေးမြစ်သည် ရေးမြို့၏ အရှေ့ဘက် ထိုင်း မြန်မာ နယ်စပ်ရှိ တနင်္သာရီရိုးမတောင်ကြောမှ မြစ်ဖြားခံပြီး ရေးမြို့အနီးမှ စီးဆင်းကာ အနောက်ဘက် ပင်လယ်အနီးသို့ စီးဝင်သွားသည်။ ရေးမြို့နယ်အတွင်း အမြင့်မားဆုံးသောတောင်ထွဋ်မှာ ရေးမြို့မှ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာ ထိုင်း မြန်မာနယ်စပ်အနီးရှိ ဆေးတောင်(အမြင့် ၄၂၅၂ပေ) ဖြစ်ပါသည်။ ရေးမြို့ကို သေချာကြည့်မည် ဆိုပါက အရှေ့ဘက်၊ အရှေ့တောင်ဘက် တောင်ဘက်အနောက်ဘက်နှင့် အနောက်မြောက်ဘက် အရှေ့မြောက်ဘက်တို့တွင် တောင်တန်းများဖြင့် ဝန်းရံနေကြောင်းတွေ့ရမည်။
ရေးမြို့ အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 31.7 (89.1) |
33.0 (91.4) |
33.8 (92.8) |
34.6 (94.3) |
30.0 (86) |
29.2 (84.6) |
28.5 (83.3) |
28.4 (83.1) |
29.5 (85.1) |
30.5 (86.9) |
31.5 (88.7) |
31.8 (89.2) |
31.04 (87.88) |
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | 16.9 (62.4) |
17.3 (63.1) |
19.0 (66.2) |
21.5 (70.7) |
22.3 (72.1) |
22.0 (71.6) |
21.6 (70.9) |
21.8 (71.2) |
21.9 (71.4) |
21.4 (70.5) |
20.4 (68.7) |
17.9 (64.2) |
20.33 (68.58) |
ပျမ်းမျှ ရွာကျခြင်း mm (inches) | 5 (0.2) |
3 (0.12) |
11 (0.43) |
57 (2.24) |
476 (18.74) |
၁၀၇၆ (၄၂.၃၆) |
692 (27.24) |
၁၂၆၁ (၄၉.၆၅) |
733 (28.86) |
259 (10.2) |
57 (2.24) |
11 (0.43) |
၄၆၄၁ (၁၈၂.၇၁) |
Source: NOAA (1961-1990) [1] |
သမိုင်း
ရေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝခန့်က ထားဝယ်ဒေသမှ မာရာဒေဝီမင်းသမီးတစ်မှ တည်ထားခဲ့ကြောင်း၊ ထို့အပြင် ဓမ္မစေတီမင်းမှ လည်း ပြန်လည် ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ရှေးဟောင်းကျုံးတော်ကြီးမှာ တစ်မိုင်ခွဲ ပတ်လည်ခန့်ရှိသော ကန်အဖြစ်သာကျန်နေပြီး ကျုံး ဖြစ်ခဲ့ဟန်တူသောနေရာများမှ လူနေရပ်ကွက်များ ဖြစ်နေချေပြီ။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ခုနှစ်တွင်လည်းကောင်း၊ ၂၀၁ဝ ခုနှစ် မေလအတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြပါသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကား မြို့" ဖြစ်ပါသည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိပါသည်။ စေတီဘုရား ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။ ၎င်းတို့အနက် သမိုင်းဝင် ဆံတော်ရှင်များဖြစ်သော ဉာဏ်တော် ၁၀၈ ပေ ရှိ ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော် (မြို့လယ် တွင် တစ်ဆူနှင့်တစ်ဆူ ၂ဖာလုံ ခန့်ကွာသည်)မြို့ဝင်ဂိတ်အနီးရှိ မြို့တော်ဦးစေတီတော်၊ ထားဝယ် မော်လမြိုင် လမ်းခွဲရှိ တစ်ပလ္လင်နှစ်ဆူစေတီတော်၊ ကျုံးတော်ကြီးအတွင်းရှိ သာသနာ ၂၅၀ဝ စေတီရေလည်ဘုရာ၊ အောင်သုခရပ်ကွက်ရှိ ထန်းခြောက်ပင် စေတီတော်၊ လမိုင်းမြို့နယ်ခွဲမှ ကောလာသဆံတော်ရှင် နှင့် မြို့မှ ၆ မိုင်အကွာ မော်လမြိုင် သွားကားလမ်း (အတွင်းလမ်းတစ်မိုင်ခန့်တွင့်) နာမည်ကြီး မွန်ရဟန်းတော် ဦးဇင်းလေးဆရာတော် ပြုပြင်မွမ်းမံသော ကျောက်ငှက်ပျောတောင် ဆံတော်ရှင် နှင့် ကျောချင်းကပ်ထိုင်တော်မူ ဉာဏ်တော် ၁၂၉ပေ ရှိသော(ပဲခူး ကျိုက်ပွန်ဘုရားကြီးကဲ့သို့) ရုပ်ပွားတော်ကြီး လေးဆူတို့မှာ ထင်ရှားသည်။ ထို့အပြင် ရေးမြို့မှ တောင်ဘက် ၆မိုင်ခန့်အကွာ ဟံဂံရွာအနီးရှိ (၎င်းရွာမှ၃မိုင်ခန့်အကွာ) အမြင့် ပေ၃၀၀ဝခန့်ရှိသော မင်းပလော့ တောင်ပေါ် ရှိ ကျိုက်မင်းပလော့ ဆံတော်ရှင်စေတီ၊ အစင်ကျေးရွာ တောင်ပေါ်ရှိ ဖာလိန်တောင်စေတီ၊ ပင်လယ်ဝဘုရားတောင်ရှိ ပင်လယ်ဝစေတီ၊ ကောဒွပ်ပင်လယ်ဝစခန်းရှိ ကော့ဒွပ်ရေလယ်ဘုရား တို့မှာလည်းထင်ရှားသည်။
ရေးမြို့တွင် ဗမာနှင့်မွန်လူမျိုးများအများဆုံးနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည်။ မူစလင် ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ်မျှသာရှိပါသည်။ ရေးမြို့တွင် ရပ်ကွက် အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များမှာရန်ကြီးအောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ ဖြစ်သည်။ ၁၉၆၉-ခုနှစ် ဒီဇင်ဘာလတွင် ရေးမြို့တစ်မြို့လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထားအကျယ်အဝန်းထက် ၅ဆပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက်ရာမြို့ဖြစ်ပြီး အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အခြေချလျှက်ရှိသည်။ ရေးမြို့တွင် ရောင်းဝယ် ဖောက်ကားရာ နေရာအဖြစ် မြသီတာဈေးမှာထင်ရှားပါသည်။ ထို့အပြင် ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေး တို့မှာ ထင်ရှားသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ထင်ရှားသည်။ ရေးမြို့တွင် အစည်းအကားဆုံးနေရာမှာ မြို့လူထုမှ ကမ်းနားလမ်းဟုခေါ်သော ဘုရင့်နောင်လမ်းမကြီးဖြစ်သည်။ ၎င်းလမ်း၏တစ်ဖက်တွင် ရေးမြစ် တည်ရှိပြီး ၎င်းလမ်းပေါ်တွင် မြသီတာဈေး ဝင်းသုခရွှေဈေး ဈေးဆိုင်ခန်းများ တည်ရှိပါသည်။ လည်ပတ်စရာအဖြစ် ရေးမြို့မှ ၆-မိုင် ခန့်အကွာ ဘုရားတောင်ပင်လယ်ဝအပန်းဖြေစခန်း၊ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာကဗျာဝ ကမ်းခြေအပန်ဖြေစခန်း၊ လမိုင်းမြို့အနီး ကော့ဒွပ် ပင်လယ်ဝအပန်းဖြေစခန်း၊ ဦးဇင်းလေးဆရာတော်ကျောင်း (ကျိုက်ဒေးတမော့ဗရတ်) စသည်တို့ ဖြစ်သည်။
စီးပွားရေး
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ပြီး ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာ ဒေသ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။
ဓာတ်ပုံများ
- ရေးမြစ်ချောင်းနှင့် ဒေဝါတောင်ကမ်းပါး
- ကျုံးတော်ကြီးအတွင်းရှိ သာသနာ ၂၅၀ဝ ရေလယ်ဘုရား
ကိုးကား
- Ye Climate Normals 1961-1990။ National Oceanic and Atmospheric Administration။ January 12, 2013 တွင် ပြန်စစ်ပြီး။