မြိတ်ခရိုင်

မြိတ်ခရိုင်သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်တွင် ရှိသော ပင်လယ်ကမ်းခြေ ခရိုင်ဖြစ်သည်။ အနောက်ဘက်၌ ဘင်္ဂလားပင်လယ်အော် (ကပ္ပလီပင်လယ်)၊ တောင်ဘက်၌ ကော့သောင်းခရိုင်၊ အရှေ့ဘက်၌ ထိုင်းနိုင်ငံ၊ မြောက်ဘက်၌ ထားဝယ်ခရိုင်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။

မြိတ်ခရိုင်
မြိတ်ခရိုင်
ကိုဩဒိနိတ်: 12°25′N 99°03′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်မြိတ်မြို့
ဧရိယာ
  စုစုပေါင်း၁၁၃၂၅ စတုရန်းမိုင် (၂၉၃၃၁ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၆၉၃,၀၈၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြိတ်ခရိုင်အတွင်းတွင် ကမ်းရိုးတန်းတစ်လျောက် စုလျက်ရှိသော မြိတ်ကျွန်းစုခေါ် ကျွန်းငယ်ကလေးပေါင်း ၈ဝဝ ကျော် ပါဝင်သည်။ ခရိုင်နယ်မြေ အကျယ်အဝန်းမှာ ၁၁,၃၂၅ စတုရန်းမိုင် ရှိ၏။ နယ်၏အရှေ့ဘက်တွင် မြောက်မှတောင်သို့ တန်းလျက် ရှိသော တောင်တန်းနှစ်ခုသည် ယင်ပေါင်တန်းလျက် တည်ရှိသည်။ ထိုတောင်တန်း နှစ်ခု၏ အကြားမှ တနင်္သာရီမြစ် စီးဆင်းလာ၍ တောင်ဘက်ပိုင်းသို့ ရောက်မှ အနောက်ဘက်ကျသောတောင်၏ ကျောက်တောင်ကြားကို ဖြတ်ကာ ပင်လယ်သို့ စီးဆင်းသည်။

မြိတ်ခရိုင် တစ်ဝှန်းလုံးလိုလိုပင် ထူထပ်သော သစ်တောများဖြင့် ဖုံးလွှမ်းနေ၍ အဖိုးတန်သော ကျွန်းပင်၊ သင်္ကန်းပင်နှင့် ကညင်ပင်တို့ ပေါက်ရောက်၏။ ကမ်းရိုးတန်းမှာ အတွန်းအပြတ် ပေါများသည်။ ကမ်းခြေတွင်မူကား ရေတက်ရေကျကြောင့်ဖြစ်သော ချောင်းငယ်မြောင်းငယ်များ ပေါ၏။ ခရိုင်တောင်ပိုင်းဆီတွင် မြေဩဇာကောင်းသော မြေကွက်များရှိ၍ စပါးစိုက်ပျိုးနိုင်သည်။ အရှေ့ဘက်တွင်ကား တောင်မြင့်များ ရှိ၍ စပါးစိုက်ပျိုးနိုင်သည်။ ခရိုင်အတွင်းရှိ တနင်္သာရီမြစ်၊ လေညာမြစ်ပတ်ချန်မြစ်တို့မှာ လှေဖြင့် အသင့်အတင့်ကူးသန်းသွားလာနိုင်သည်။ တနင်္သာရီမြစ်နှင့် မြစ်လက်တက်များ၏ ကမ်းပါးများတစ်လျှောက်တွင် ကျောက်မီးသွေးများတွေ့ရှိသည်။ သတ္တုတွင်းများတွင် ရွှေ၊ ကြေးနီနှင့် သံဖြူများတွေ့ရှိသည်။ သို့ရာတွင် ထားဝယ်သတ္တုတွင်းများကဲ့သို့ အရေးပါ အရာရောက်ခြင်း မရှိချေ။

ရှေးအခါက မြိတ်ခရိုင်သည် ထိုင်းနိုင်ငံအပိုင် ဖြစ်ခဲ့ဖူး၏။ အလောင်းဘုရားနှင့် ဆင်ဖြူရှင်တို့လက်ထက် ယိုးဒယား - မြန်မာစစ်ပွဲများ ဖြစ်ပွားသောအခါမှ တနင်္သာရီကို မြန်မာတို့က သိမ်းယူခဲ့လေသည်။ သို့ရာတွင် ထိုင်းက အသိအမှတ်မပြုဘဲ နေခဲ့သည်။ ၁၈၂၄-၂၅ ခုနှစ် အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းမှ တနင်္သာရီနှင့် ရခိုင်တိုင်းတို့ကို သိမ်းယူသောအခါတွင်မူ မြိတ်ခရိုင်ကို မြန်မာနိုင်ငံနယ်နိမိတ်အတွင်းဟု အတိအကျ သတ်မှတ်လိုက်လေသည်။

မြိတ်ခရိုင်တွင် ကြက်ပေါင်စေးလုပ်ငန်း အကြီးအကျယ်ဖြစ်ထွန်း၏။ သတ္တုတွင်းတူးခြင်း၊ ငပိ ငခြောက်လုပ်ခြင်း၊ ကွမ်းသီးပင်စိုက်ခြင်း၊ ပင်လယ်ငှက်သိုက် ရှာဖွေခြင်းနှင့် ပုလဲငုပ်ခြင်းများကိုလည်း လုပ်ကိုင်ကြသည်။ ရန်ကုန်နှင့် အခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းဘက်မှ ကူးသန်းရောင်းဝယ်၏။ မြိတ်ခရိုင်မှ တင်ပို့ရောင်းချသော ပစ္စည်းများမှာ ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သတ္တုရိုင်းများ၊ ကြိမ်း၊ ငါးပိ ငါးခြောက်၊ ငှက်သိုက်နှင့် ကွမ်းသီးများ ဖြစ်ကြသည်။

ပိုးထည်များကိုလည်း ရက်လုပ်တင်ပို့သည်။ သို့သော် အကြီးအကျယ်ကား မဟုတ်ချေ။ ပင်လယ်ကမ်းခြေဒေသဖြစ်၍ ရာသီဥတုမှာ မိုးများသော်လည်း နေထိုင်၍ ကောင်းလေသည်။

မြိတ်ခရိုင်၌ နေထိုင်ကြသော လူမျိုးများမှာ မွန်၊ ကရင်၊ မြန်မာ(မြိတ်လူမျိုး)နှင့် ဆလုံလူမျိုးများ ဖြစ်ကြ၏။ နိုင်ငံခြားသားများလည်း လာရောက်နေထိုင်ကြသည်။ မြိတ်ခရိုင်တွင် မြန်မာဘာသာကို အဓိကထား၍ သုံးစွဲကြသော်လည်း အသံထွက်ပုံမှာ ရိုးရိုးမြန်မာတို့ နားမလည်နိုင်အောင်ပင် ကွဲပြားခြားနားရကား ဘိတ်စကားဟု သမုတ်ကြသည်။

မြိတ်ခရိုင်ကို မြို့နယ်ငါးခု ခွဲ၍ အုပ်ချုပ်သည်။ မြို့နယ်များမှာ မြိတ်မြို့နယ်ပုလောမြို့နယ်တနင်္သာရီမြို့နယ်ကျွန်းစုမြို့နယ်များ ဖြစ်ကြ၏။ ခရိုင်ဝန် ရုံးစိုက်မြို့မှာ မြိတ်မြို့ဖြစ်၏။ မြိတ်ခရိုင်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၉၃,၀၈၇ ယောက်[1] ရှိ၏။

မြိတ်ခရိုင်အတွင်း မီးရထားလမ်း အဆက်အသွယ် မရှိဘဲ မော်တော်ကားများဖြင့် သွားလာရ၏။ သို့ရာတွင် ကမ်းမြောင်ဒေသ ဖြစ်သဖြင့် အခြား ဆိပ်ကမ်းမြို့များသို့ ရေကြောင်းမှ လွယ်လင့်တကူကူးသန်းသွားလာနိုင်သည်။ ရန်ကုန်မြို့နှင့် လေကြောင်းခရီးအဆက်အသွယ်လည်း ရှိလေသည်။ [2]

ကိုးကား

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၄
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.