မြိတ်မြို့
မြိတ်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့လည်းဖြစ်သည်။နေဝင်ရာ အနောက်အရပ်တွင် ပထော်ပထက်တောင်ဟု ခေါ်သော ကျွန်းညီနောင် ရှိသည်။ ထင်ရှားသော စေတီပုထိုးမှာ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော် ဖြစ်ကာ၊ သိမ်တော်ကြီးစေတီတော်၊ သိမ်ကြီးတောင်ဟု အတိုခေါ်သည်။ ရေလုပ်ငန်း ထွန်းကားပြီး၊ ရော်ဘာ၊ ဆီအုန်း စိုက်ပျိုးသည့် ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ ဖြစ်သည်။
မြိတ်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြိတ်မြို့ | |
ကိုဩဒိနိတ်: 12°26′N 98°36′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | မြိတ်ခရိုင် |
မြို့နယ် | မြိတ်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
တည်နေရာ
မြန်မာနိုင်ငံ၏ တောင်ဖက် မြောက်လတ္တီတွဒ် (၁၂ဒီဂရီ ၁၆မိနစ်)၊ အရှေ့လောင်ဂျီတွဒ် (၉၈ဒီဂရီ၃၆မိနစ်)တွင် တည်ရှိသည်။
သမိုင်း နောက်ခံ
ယိုးဒယား(ထိုင်း)နှင့် နယ်ချင်းဆက်စပ်နေသောကြောင့် မြိတ်မြို့မှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင် တို့၏ လက်အောက်သို့ အပြန်အလှန်ကျရောက်ခဲ့ပြီး မြိတ်ဒေသမှာလည်း စစ်တလင်း ဖြစ်ခဲ့ရသည်။ မြိတ်ရာဇဝင်ကို ရေးသားပြုစုခဲ့သူ ဆရာကြီး ဦးကြီးစိန်က မြိတ်ရာဇဝင်ကို ပြုစုရသည်မှာ အလွန်ခဲယဉ်းသည်ဟု ဆိုသည်။ အေဒီ ၇၂၃ ခုနှစ်၌ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျမိုင်း၊ ယခုအခေါ် ဇင်းမယ် (ချင်းမိုင်) မင်းဆက်မှာ တနင်္သာရီတိုင်း အထိ တန်ခိုးထွားခဲ့ပြီး ၎င်းကျမိုင်းအနွယ်ဝင်က ရမ္မာဝတီ (ပျော်ဖွယ်ရာပေါသောမြို့)ကို အေဒီ ၇၅၅၌ ကော့ဘိန်းအရပ်၌ တည်ခဲ့သည်ဟု သိရသည်။ မြို့သက်တမ်း (၂၈)နှစ်ကြာလျှင် ကြက္ကလင်းမြို့ (ကံမော်)ကို ပြောင်းခဲ့၍ မြို့သက်တမ်း ၁၁၈ နှစ်ရှိခဲ့သည်။ ထို့နောက် အေဒီ ၉၀၁ ခုနှစ်၌ ထောင့်ကွာ (မြို့သက်တမ်း ၂၂၀) သို့ ရွှေ့ခဲ့သည်။ ထိုအချိန်များမှာ အလောင်းစည်သူမင်းကြီး စိုးစံအုပ်ချုပ်နေသည့် (၁၁၁၂-၁၁၆၇) ကာလများအတွင်း ရှိနေပြီး အေဒီ ၁၁၅၂ ခုနှစ်က အောင်သာဝရမြို့ကို စိုးစံခဲ့သည့် ပရမရစာ မင်းလက်ထက်တွင် ကျမိုင်း (ချင်းမိုင်)မင်းဆက် သုဉ်းသွားခဲ့သည်ဟု သိရသည်။ ပုဂံ၌ နရပတိစည်သူမင်း (၁၁၇၃ - ၁၂၁၀) စိုးစံဆဲ အဆိုပါ အဖြစ်အပျက်မှာ အေဒီ ၁၂၇၆ တွင် အောင်သာဝရမင်း (ဧကဒယ်ရာဇာ)က ခရင်းသေ အရပ်တွင် တနင်္သာရီမြို့ကို တည်ခဲ့သည်။ တနင်္သာရီမြို့၌ မြို့ရံ (၁၄)မြို့ ရှိခဲ့၍ သမုဒ္ဒရာကင်းမြို့ အဖြစ် သန်ထုပ်( သန္တုတ် - ယခု တောနောက်လယ်ကျေးရွာ)မြို့ကို အေဒီ ၁၂၇၇ တွင် စတင် တည်ဆောက် ခဲ့သည်။ အေဒီ ၁၂၇၆ မှ ၁၇၃၁ အထိ နှစ်ပေါင်း ၄၅၄ သည် တနင်္သာရီ ခေတ်ဖြစ်ပြီး မာရိတ်(မြိတ်)၏ ဖြစ်စဉ် မှာတော့ မှေးမှိန်သွားခဲ့ပါသည်။ မာရိတ်မှာ ပရမရစာ မင်းသားငယ်၏ မြင်းခယ်တိုင် (မြင်းချည်တိုင်) အစွဲပြု၍ မာရိတ်ကျွန်းဟု ခေါ်သည်။ မာ = မြင်း ၊ ရိတ် = ခယ်တိုင်၊ မြင်းခယ်တိုင် (မြင်းချည်တိုင်) ဟု အဓိပ္ပာယ်ရသည်။ ရှမ်းအခေါ် (ယိုးဒယား ) စကား ဖြစ်သည်။ ကာလရွေ့လျောလာသဖြင့် မာရိတ်ကို မြန်မာအခေါ် မြိတ်မြို့ဟု ခေါ်တွင် ကြသည်။
မြို့တည်ရခြင်းအကြောင်း
အေဒီ ၁၅၃၁ ၌ ဆင်တစ်သန်းရှင် (ယခု - လာအိုနိုင်ငံ၏ မြို့တော် ဗီယက်ကျင်း) ၏ သားတော် ဗြိရာမသွန်တိဿ မင်းသားက တနင်္သာရီမြို့ကို သိမ်း၍ နှစ် ၂၀၀ ကြာသော် သန်းထုပ် (သန္တုတ်) မြို့ဆိပ်ကမ်းမှာ ရေတိမ်လာ၍ အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ ( ယခု သိမ်တော်ကြီး တောင်ခြေ)သို့ ပြောင်းရွေ့ပြီး မာရိတ်မြို့ကို တည်ခဲ့သည်။ ရှေးကတည်းက ခယ်တောင်ခြေရင်း၌ တံငါလုပ်ကိုင် နေထိုင် ကြသော အိမ်ခြေ ၂၀ ခန့်သာ ရှိခဲ့သည်။ တနင်္သာရီမြို့ကြီးကား ဆိပ်ကမ်းကင်းမြို့သာ ဖြစ်လာခဲ့ပြီး မြိတ်မြို့တွင် သင်္ဘောဆိပ်မြို့တည်ရန် ဒေသအသီးသီးမှ လူများခေါ်၍ နေရာချထားခဲ့ကာ မြစ်မရပ်၊ မြစ်ငယ်ရပ်၊ ထားဝယ်စု၊ တလိုင်းစု၊ ဈေးတန်း၊ ဈေးခေါင်း၊ ကန်ဖျား၊ ကန်ခေါင်း၊ ကန်ကြီး၊ အလယ်ကျွန်း၊ နောက်လယ်၊ သံဖို(သန်းဖို)၊ လှည်းထိန်စု၊ ဆိပ်ငယ်၊ စတိန်ရပ်(ဆိပ်ငယ်) စသည်ဖြင့် အစွဲပြု ဖြစ်လာခဲ့ ကြသည်။ မြိတ်ဒေသမှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင်တို့၏ အကြိမ်ကြိမ် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်မင်းတို့က ပြန်သိမ်းယူ ရသည်။ အေဒီ ၁၇၅၉ တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပြန်သိမ်းမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိခဲ့သည်။
မြန်မာမင်းတည်သည့် မြိတ်မြို့
ဆိပ်ခံမြို့ငယ် မာရိတ်မှာ ကြွယ်ဝ တိုးတက်နေခဲ့သည်။ အလောင်းဘုရားဦးအောင်ဇေယျ၏ ရွှေဘိုသည် မာရိတ်မြို့မှ မိုင် ၅၅ဝခန့် ကွာဝေးသည်။ နယ်ချဲ့ကိုလိုနီများကလည်း အချက်အခြာကျသော မြိတ်မြို့ကို မျက်စိ ကျနေခဲ့သည်။ ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အရှေ့တိုင်း၊ အနောက်တိုင်းသားများ ဝင်ထွက်သွားလာ နေခဲ့ကြပြီး စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် အကွက်အကွင်းကောင်း ဖြစ်ခဲ့သည်။ ဆင်ဖြူရှင် နန်းစိုက်သည့် အင်းဝမြို့မှ ၅၁၅ မိုင်ဝေးသည့် မြိတ်မြို့ကို ၁၇၇၀ ပြည်နှစ်ရောက်မှ အပြီးသတ် တည်ဆောက် ပြီးစီးခဲ့သည်။ ခေမရာစာ မြို့ဝန်မင်းအဖြစ် ထမ်းရွက်စဉ် ကာလများအတွင်းမှ တရားဝင် မြိတ်မြို့ဟု တွင်သည်။ ၁၈၂၄ ခုနှစ် ရောက်သည့်အခါ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ၌ ကိုလိုနီပိုင်နက်အတွင်းသို့ သွတ်သွင်းခံရသည်။ ထိုနောက်တွင် မြိတ်မြို့မှာ ကမ္ဘာရပ်ခြား စီးပွားရှာသမားများနှင့် ပင်လယ် ခရီးသည်တို့အတွက် မားဂွီး(Mergui) အမည်ဖြင့် ထင်ရှား လူသိများလာခဲ့သည်။ မားဂွီးအမည် မရမီကပင် ““ ဘိတ်မြို့နှင့် မြိတ်မြို့ ““ နှစ်မည် ရှိနှင့် ပြီးဖြစ်သည်။ မားဂွီး ဆိုသည့် အသုံးအနှုန်းကို အာရပ်၊ ပေါ်တူဂီနှင့် ဒတ်ခ်ျ ဘာသာစကားတို့မှ ရှာဖွေ တွေ့ရှိ နိုင်ကြောင်း သုတေသီတို့ မှန်းဆထားသည်။ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်နှင့် တနင်္သာရီ ဒေသများသည် ပင်လယ်ရေကြောင်းမှ အလွယ်တကူ ဝင်ထွက်ခဲ့၍ ကိုလိုနီနယ်ချဲ့တို့၏ ဒဏ်ကို အစောဆုံး ခံစားခံရသည်။ နှစ် (၁၀၀)ကျော်တိုင်အောင် ကျွန်သက်ရှည်ခဲ့ပြီးမှ ပြည်ထောင်စုကြီးနှင့်အတူ လွတ်လပ်ရေး ရခဲ့သည်။ ကျွန်သက်ရှည်သော်လည်း မြိတ်မြို့သူ မြို့သားများ မျိုးချစ်စိတ်ဓာတ် ထက်သန်ခဲ့သည့် သာဓက များစွာရှိသည်။
ခေတ်သစ် စီးပွားရေး မြို့တော် မြိတ်
သည်ဘက်ခေတ်မှာတော့ မြိတ်အရှေ့ (မြိတ်)နှင့် မြိတ်အနောက် (ကျွန်းစု) ဟူ၍ အပိုင်းလိုက် တွင်ခဲ့သေးသည်။ နောက်ပိုင်းတွင် မြိတ်နှင့် ကျွန်းစု ဟူ၍ အမည် သီးသန့် ဖြစ်လာခဲ့သည်။ မြိတ်မြို့မှာ မြိတ်ကျွန်းစု အပါအဝင် ကျွန်းပေါင်း ၈၀၀ ကျော်နှင့် ဖွဲ့စည်းထား၍ ပင်လယ်ပြင် စွန့်စား ခရီးသွားတို့အတွက် စိတ်ဝင်စား သဖွယ် ဖြစ်သလို မဖော်ထုတ်ရသေးသော လှပသည့် ကမ်းခြေများ၊ လူမနေသော ကျွန်းများ၊ ရေပေါ်နေ ဆလုံတိုင်းရင်းသားတို့၏ လူနေမှု ဘဝ ဟန်ပန်များမှ ခရီးသွားများကို လက်ယပ်ခေါ်နေသကဲ့သို့ အနောက်ဘက် အက်ဒမန် ပင်လယ်ပြင်ကို မျက်နှာမူ မှေးတင် တည်ဆောက်ထားပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်ချင်း ထိစပ်နေသည့်အတွက် စီးပွားရေး အခွင့်အရေးအရ မြန်မာ - ထိုင်း နယ်စပ်တွင် ဆက်သွယ်ကူးလူးနိုင်သော မောတောင်ကြား ကားလမ်းကို အဆင့်မီ ဖောက်လုပ်စရာ အကြောင်း ရှိပေသည်။ မြိတ်မှ မိုင် ၁၂၀ အကွာ အဝေးရှိ မောတောင်ကြားသို့ ဖောက်လုပ်ထားသော အဆိုပါ လမ်းမကြီး အဆင့်မီ ပြီးစီးပါက မော်တော် ကားလမ်းဖြင့် မြိတ်မှ မောတောင် နယ်စပ်သို့ သုံးနာရီကျော်ခရီး ၊ မောတောင်မှ ဘန်ကောက် သို့ သုံးနာရီကျော်၊ မောတောင်မှ မလေးရှားသို့ (၁၀)နာရီကျော် ခရီးသာ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူအချို့မှ သုံးသပ် ပြထားပါသည်။ ကမ်းရိုးတန်းတိုင်း မြို့တော်မှာ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်လာသည့်အတွက် အာရှနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး အချက်အခြာ ဖြစ်သလို အဆိုပါ လမ်းမကြီးအား အရှေ့တောင် အာရှ လမ်းမကြီးအဖြစ် အသုံးပြု နိုင်ပြီး ထုတ်ကုန် အရည်အသွေးမြင့် ပို့ကုန်များအား စရိတ်၊ ဝန်ဆောင်မှု နည်းပါးစွာ အချိန်တိုတောင်းစွာ ကူးသန်း နိုင်မှု၊ ဒေသဖွံ့ဖြိုးမှု၊ ခရီးသွားလုပ်ငန်း ကျယ်ပြန့်လာမှု စသည်ဖြင့် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ၊ ဒေသခံများအတွက် အကျိုးနိုင်ပါသဖြင့် အဆိုပါ လမ်းကို စဉ်းစား သင့်ပေသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ Transit Trade Center အဖြစ် တည်ရှိနေမှုက အားသာချက် တစ်ရပ်ပင်။ ၁၉၉၇ ခုနှစ်က မြိတ်ကျွန်းစုတွင် ကမ္ဘာလှည့် ခရီးသွား လည်ပတ်မှု တရားဝင် စတင်ခဲ့ပြီး ပင်လယ် အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေခဲ့သည်။ နယ်စပ်ကုန်သွယ်မှု စခန်းကို ၁၉၉၉ခုနှစ်၌ မြိတ်ကျွန်းစုတွင် ကမ္ဘာလှည့် ခရီးသွား လည်ပတ်မှု တရားဝင် စတင်နိုင်ခဲ့ပြီး ကမ်းရိုးတန်း တိုင်းမြို့တော်မှာလည်း ရေလုပ်ငန်း အဓိက မြို့ကြီး တစ်ခုအဖြစ် အရှိန်အဟုန်မြှင့် တိုးတက်လာခဲ့ကာ တလေးတစား ရှိကြသော မြို့ပြကြီး အဖြစ် ရပ်တည် နိုင်ခဲ့သည်။ ဘဏ်လုပ်ငန်းများ ။ ဝန်ဆောင်မှု လုပ်ငန်းများ ဒရဟော ဝင်လာခဲ့ကြသည်။ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားခဲ့ကြသော ရေလုပ်ငန်း ကုမ္ပဏီများ ၊ ပုလဲကုမ္ပဏီများ စသည်ဖြင့် အများအပြား ပေါ်ထွက်လာခဲ့သည်။ မြိတ်မြို့မှာ တကယ်တော့ ရေလုပ်ငန်းတစ်ခုတည်းကို တည်မီ နေသည်မဟုတ်၊ ရေထွက်ကုန်များနှင့် ပတ်သက်၍ အလျှံပယ်ရှိသလို ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ၊ ကျောက်မီးသွေး၊ ပုလဲ၊ သစ်၊ ငှက်သိုက်၊ စိုက်ပျိုးရေးမှာလည်း အခြားတိုင်းမြို့တော်များထက် မညံ့လှ၊ ဆီအုန်း စိုက်ပျိုးမှုမှာ တစ်နိုင်ငံလုံး၌ နံပတ်(၁)၊ ရာဘာက နံပတ်(၂)၊ ပို့ဆောင်ရေး ကဏ္ဍမှာလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံး ပြည့်စုံနေပြီ။ တောင်ပေါ်ဒေသမှာလို တောင်မြင့်မြင့် ရှုမျှော် ခင်းများကို ကမ်းရိုးတန်း တိုင်းမှာလည်း ခံစား၍ ရသည်။
ဤသို့ဆိုလျှင် တံငါအိမ်ခြေကလေး (၂၀)မှ စတင်ခဲ့သော မြင်းချည်တိုင် ရွာကလေးမှာ အခက်အခဲ ပေါင်းစုံ ကျော်လွှားခဲ့ပြီး ဒုန်းစိုင်းလာခဲ့ရာ ၂၀၀၀ ပြည်နှစ် ဝန်းကျင်၌ ကမ်းရိုးတန်းတိုင်း မြို့တော်အဖြစ် သတ်မှတ် ခံခဲ့ ရသလို အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ (ချည်တောင်၌ တည်ရှိသော မာရိတ်မြို့မှာ မာရိတ်- မြိတ်-မားဂွီး-မြိတ်အရှေ့- ကမ်းရိုးတန်းတိုင်း မြို့တော် စသည်ဖြင့် သက်တမ်းရေတွက်သော် ၂၇၆ နှစ် တိုင်ပေပြီ။
မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း မြိတ်ခရိုင်၏ ခရိုင်ဝန်ရုံးစိုက်ရာ မြို့ဖြစ်သည်။ တနင်္သာရီမြစ် စီးဝင်ရာ မြစ်ဝကျွန်းပေါ်တွင် တည်ရှိ၍ လုံခြုံသော ဆိပ်ကမ်းကောင်း ဖြစ်၏။ ကမ်းခြေမှစ၍ တောင်ကုန်းမြင့်များ ဖြစ်ပြီးလျှင်ထိုတောင်ကုန်းမြင့်များပေါ်တွင် အစိုးရရုံးအဆောက်အအုံများရှိသည်။
ရှေးအခါက မြိတ်မြို့ကို အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မှ တကျွန်းပို့ဒဏ်ခံရသော အကျဉ်းသမားများ ပို့ရာအရပ်အဖြစ်အသုံးပြုခဲ့ဘူးလေသည်။
ဒေသထွက်ကုန်များ
မြိတ်မြို့သည် ယခုအခါ အရောင်းအဝယ် ဖွံ့ဖြိုးသော ဆိပ်ကမ်းတစ်ခု ဖြစ်ပေသည်။ ကျောထောက်နောက်ခံနယ်မြေတွင် ကျွန်းသစ်၊ တွင်းထွက်သတ္တုများ၊ ကြက်ပေါင်စေးများထွက်သည်။ မြိတ်ကျွန်းစုများတွင်လည်း တံငါလုပ်ငန်းဖြစ်သည့်ငါးပိ ငါးခြောက်လုပ်ငန်း၊ ပုလဲလုပ်ငန်းများအပြင် ကျွန်း ကလေးများပေါ်တွင် ငှက်သိုက်ရှာဖွေခြင်းလုပ်ငန်းများ ရှိသဖြင့်ကူးသန်းရောင်းဝယ်ရေးတွင် များစွာ တွင်ကျယ်သည်။ မြို့ပေါ်တွင် ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းများ ရှိသည်။ မြိတ်လုံချည် ခေါ် ထူထဲခိုင်မာသော ပိုးစစ်လုံချည်များမှာ အကောင်းဆုံး ပိုးထည်အမျိုးအစားတွင် ပါဝင်သည်။ ငပိတွင်လည်း မြိတ်စိမ်းစားငါးပိသည် မြိတ်မြို့၏ နာမည်ကျော် ထွက်ကုန်တစ်ခုဖြစ်ပေသည်။
လူဦးရေမှာ ၁၉၆၃ ခုနှစ် သန်းခေါင် စာရင်းအရ ၃၅၉၉၂ ယောက် ရှိလေသည်။ [1]
ရပ်ကွက်များ
- တပ်ပြင်(ရှေးယခင်က တပ်များ ပြင်သောနေရာဖြစ်ခဲ့၍)
- သာကေတ
- ရေပုန်း
- ကလွင်
- ကန်ကြီး(ရေကန်ပေါင်ဟု ခေါ်သော ရေကန်ကြီးတည်ရှိရာနေရာဖြစ်၍)
- ကန်ခေါင်း(ကန်၏ ခေါင်းရင်း၌ တည်ရှိ၍)
- ကန်ဖျား(ကန်၏ အဖျား၌ တည်ရှိ၍)
- မြစ်ငယ်
- ထားဝယ်စု(ရှေးယခင်က ထားဝယ်များ စုနေ၍)
- တလိုင်းစု(ရှေးယခင်က တလိုင်းများ စုနေ၍)
- ဆိပ်ငယ်(ရေဆိပ်ရှိသောနေရာ)
- နောက်လယ်
- သန်းဖို(သံဖို၊ ပန်းပဲဖိုများစွာ ရှိသော နေရာ)
- ဈေးတန်း
- မြစ်မ
- အလယ်ကျွန်း
- ကြောင်ငယ်
- မြို့သစ်
- ဘုရားကိုင်
- ပါရမီ
- မြိတ်တောင်
- ကွက်သစ်
- မြန်အောင်
- ခရူတော
- ပလောက်စု
ရာသီဥတု
မြိတ်သည် အပူပိုင်းမုတ်သုံရာသီဥတု အမျိုးအစား ရှိပြီး တနှစ်ပတ်လုံး ပူနွေးသည်။ တိုတောင်းသော ဆောင်းခြောက်သွေ့ရာသီ(ဒီဇင်ဘာ-ဇန်နဝါရီ)ရှိပြီးလျှင်၊ ရှည်လျားသော စိုစွတ်ရာသီ(ဖေဖော်ဝါရီ-နိုဝင်ဘာ)ရှိကာ မေလ မှ စက်တင်ဘာ အထိသည် ရံခါ သည်းထန်သော မိုး ရွာသွန်းလေ့ ရှိသည်။
မြိတ် အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 31.4 (88.5) |
32.1 (89.8) |
33.1 (91.6) |
33.6 (92.5) |
31.8 (89.2) |
29.4 (84.9) |
29.1 (84.4) |
28.8 (83.8) |
29.5 (85.1) |
30.7 (87.3) |
31.6 (88.9) |
31.5 (88.7) |
31.05 (87.89) |
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | 20.7 (69.3) |
21.6 (70.9) |
23.1 (73.6) |
24.6 (76.3) |
24.2 (75.6) |
23.6 (74.5) |
23.4 (74.1) |
23.3 (73.9) |
23.5 (74.3) |
23.2 (73.8) |
22.7 (72.9) |
21.0 (69.8) |
22.91 (73.25) |
ပျမ်းမျှ ရွာကျခြင်း mm (inches) | 4 (0.16) |
51 (2.01) |
55 (2.17) |
128 (5.04) |
422 (16.61) |
783 (30.83) |
740 (29.13) |
868 (34.17) |
482 (18.98) |
302 (11.89) |
73 (2.87) |
13 (0.51) |
၃၉၂၁ (၁၅၄.၃၇) |
Source: NOAA (1961-1990) [2] |
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
- Myeik Climate Normals 1961-1990။ National Oceanic and Atmospheric Administration။ January 12, 2013 တွင် ပြန်စစ်ပြီး။