ငါးပိ

ငါးပိနှင့် တို့စရာတို့သည် ထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အာဟာရပင်ဖြစ်သည်။

ငါးပိရောင်းနေသူ ဈေးသည် တစ်ဦး

ငါးအစိုကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း - ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လချန် (belachan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။

ငါးပိမျိုးခွဲများ

မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငါးပိကို အကြမ်းအားဖြင့် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိနှင့် ငါးပိကောင်ဟု ခွဲခြားနိုင်သည်။

မြန်မာတို့သည် ဟင်းချက်ရာ၌ ငပိအား ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြသည်။ အဆိုပါ ငပိအား ငါးဖြင့်သော်လည်းကောင်း၊ ပုစွန်၊မျှင်များဖြင့်သော်လည်းကောင်း ပြုလုပ်လေ့ရှိသည်။

ငါးငပိပြုလုပ်ရာတွင် ငါး၊ ပုစွန်ပေါက်၊ ကဏန်းအငယ် အစရှိသဖြင့် ဖမ်းဆီးရမိလာသမျှအား နေခြောက်လှန်း ၍တစ်မျိုး၊ ဆားနယ်ခြောက်လုပ်၍တစ်ဖုံ ပြုလုပ်ပြီး ရောနှောထုထောင်းကာ ငါးပိဖြစ်အောင် အသွင်ပြောင်းယူကြသည်။ ထိုသို့ ထုထောင်းရာတွင် ကြေညက်ခဲသည့် အကြေးခွံလို၊ ငါးအရိုးလို အပိုင်းအစကလေးများ ရောပါတတ်သည်။ ရေနှင့် ဦးစွာဖျော်ပြီး အဆိုပါအပိုင်းအ စကလေးများအား ဖယ်ထုတ်ပြီးမှ အသုံးပြုသင့်သည်။ အသုံးပြုသော ငါး ပုစွန်၊ ကဏန်းများ၏ ‌ခြောက်သွေ့မှုအပေါ်မူတည်၍ အနံ့အသက်၊ အရသာ ကွာခြားတတ်သည်။

ပုစွန်ငပိ အနေဖြင့်မူ ရွှေပုစွန်ခြောက်ပြုလုပ်ပြီး ကျန်ရှိနေသော အပိုင်းအစများ၊  ရေခဲပုစွန်အနေဖြင့် ရောင်းတန်းမဝင်သော ‌ပုစွန်ခေါင်းနှင့် အခွံများအား ကြိတ်၊ ထောင်း၍ ငါးပိပြုလုပ်လေ့ ရှိသည်။ ဖောင်တော်ဦး(ပုစွန်ခေါင်းထိပ်မှ အစူးချွန်)နှင့် မကြေညက်သည့်အခွံမာကလေးများ ပါဝင်တတ်သည်မှ အပ ပုစွန်အရသာ သင်းပျံ့ပျံ့အား ခံစားနိုင်သည်။

မျှင်ငပိကို မျှင်(ခေါ်)ဂွေးကောင်လေးများဖြင့် ပြုလုပ်သည်။ ရရှိသည့် ရေမြေဒေသအပေါ်မူတည်၍ အရောင်၊ အရည်အသွေး ကွဲပြားတတ်သည်။ မြစ်ချောင်းများမှ ဖမ်းဆီးရမိသော မျှင်ကောင်ငယ် ကလေးများမှာ ဖြူဖျော့ဖျော့နှင့် နုံးမြေမှုန်ကလေးများ ကပ်ငြိပါလာတတ်သည်။ ဆားငန်ရည်ပြင်းသော ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော မျှင်ကောင်အငယ်လေးများမှာမူ ပန်းရောင်ဖျော့ဖျော့ ရှိတတ်သည်။ မျှင်ကောင်ငယ်ကလေးများမှာ နူးညံ့လွန်းသဖြင့် ထု၊ ထောင်း၊ကြိတ်လိုက်သည်နင့် လွယ်လင့်တကူ ကြေညက်သွားလေ့ရှိသည်။ ရေတွင် လွယ်လင့်တကူ ပျော်ဝင်နိုင်သည်။

ငါးငပိ၊ ပုစွန်ငပိ၊ မျှင်ငပိဟူ၍ ကွဲပြားခြားနားလေရာ တန်ဖိုးသည်လည်း ကွာခြားသည်။ အလားတူ ငပိပြုလုပ်သူ၏ စေတနာသက်ရောက်မှုအပေါ်မူတည်ပြီး အရသာရော အနံ့အသက်ပါ ကွဲပြားနိုင်ပါသည်။ သန့်စင်ကောင်းမွန်ပြီး အရသာရှိသော မျှင်ငပိကို ငပလီကမ်းခြေ၊ ဂျိတ္တောကျေးရွာမှ ရနိုင်သည်။

စိမ်းစားငါးပိ

စိမ်းစားငါးပိကို ပုဇွန်ဆိတ်ကလေးများမှ ပြုလုပ်သည်။ တစ်ခါတစ်ရံ ပုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ထိုကြောင့် စိမ်းစားငါးပိကို ပုစွန်ဆိတ်နှင့် ငါးကလေးများမှ ပြုလုပ်ပြီး ၎င်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍ အတန်ငယ်ခြောက်သောအခါ ဆုံတွင် ထည့်၍ ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ထပ်ထောင်းရပြန်သည်။ ဆားသမသွားသည့်အခါ ငါးပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှ သိပ်ထားရသည်။ ထိုအခါ ငါး၊ ပုဇွန်တို့၏ အခွံတို့နှင့် အရိုးများသည် ကြေပြီဖြစ်၍ ငါးပိမှာ စားသုံးရန် အသင့်ဖြစ်လာသည်။ စိမ်းစားငါးပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစား၊ ထားဝယ်စိမ်းစားဟု ခေါ်ဝေါ်ကြသည်။

မျှင်ငါးပိ

မျှင်ငါးပိကို ကျောက်ပုဇွန်ဆိတ်ကလေး တစ်မျိုးမှ လုပ်သည်။ လုပ်နည်းမှာ စိမ်းစားငါးပိ လုပ်နည်းနှင့် အတူတူပင် ဖြစ်သည်။ မျှင်ပိုက်နှင့် ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်ခြင်းဖြစ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ပုဇွန်ဆိတ်အပြင် ကနန်းကလေး၊ ငါးကလေးများလည်း ပါဝင်သည်။ မျှင်ငါးပိမျာ ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကယ်သောင် (ပုသိမ်နယ်) တို့မှ အများအားဖြင့် ထွက်သည်။

‘မျှင်ငါးပိ’

  တော်သလင်းလဆန်းသည်နှင့် မျှင်(ခေါ်)ဂွေးကောင်ငယ်ကလေးများ ငပလီကမ်းခြေတလျှောက်သို့ ဝင်‌ ရောက် ကျက်စားလေ့ရှိသည်။ ထိုမျှင်ကောင်ငယ်ကလေးများမှာ အုပ်စုဖွဲ့နေထိုင်တတ်ပြီး  ‌ပင်လယ်ရေ ပြင်အထက်၌ ပေါလောမြောပါနေတတ်သလို ရေအောက်ငုပ်လျှိုးလျှက် သွားလာကြလေ့ ရှိသည်။

ကမ်းခြေကမ်းစပ်သို့ ဝင်ရောက်လာသည့် မျှင်များအား ယခင်အချိန်က ကမ်းဆွဲပိုက်များ အသုံးပြု၍ ဖမ်း ဆီးကြသည်။ ထို့နောက် ပိုက်ကွန်များ အသုံးပြုလျှက် ရေနက်ပိုင်းထိ သွားရောက်ကာ မျှင်ခဲများကို ရှာဖွေ ဖမ်းဆီးကြပြန်သည်။ ထိုမှတဖန် ရေအောက်၌ နစ်မြုပ်သွားလာနေသည်များကို ရေငုပ်မျက်မှန်များ အသုံး ပြု ရှာဖွေလာကြသည်။

  ကမ်းဆွဲပိုက်ဖြင့် ရှာဖွေဖမ်းဆီးရာတွင် လူဦးရေ ဆယ့်တစ်ယောက် ဆယ့်နှစ်ယောက် အသုံးပြုရသည်။ ပိုက်ကွန်အသုံးပြုသူများအဖို့ နှစ်ယောက်သုံးယောက်ဆိုလျှင် အလုပ်ဖြစ်ကြ၏။ ခေတ်ကာလ ပြောင်းလာ သည်နှင့်အမျှ ရှာဖွေဖမ်းဆီးသည့် နည်းစနစ်များ ပြောင်းလဲလာခဲ့သည်။

ကမ်းဆွဲပိုက်နေရာတွင် မျှင်ကျော့ပိုက်များ အစားထိုးဝင်ရောက်လာသည်။ ဇာခြင်ထောင်ပိုက်(သို့) တမတ် ကွင်းဖေါ့ပိုက်များကို ကျော့ပိုက်လိုဆင်ပြီး ညဘက် မီးထွန်းလျှက် မျှင်ကောင်ငယ်လေးများကို ကျော့ပြီး ယူကြ၏။ လူဦးရေ ဆယ့်ငါးယောက်၊ ဆယ့်ရှစ်ယောက်မှသည် လူနှစ်ဆယ်အထိ လိုက်ပါပြီး တစ်မီးထွန်း၊ နှစ်မီးထွန်း အလျင်းသင့်သလို ပြုလုပ်ဖမ်းဆီးကြသည်။

ရရှိလာသည့် မျှင်ကောင်ငယ်ကလေးများအား နှစ်နာရီခန့် နေလှမ်းရသည်။ ငါးနှင့်အမှိုက်များ ရောနှော ပါဝင်ပါက သန့်စင်ဖယ်ထုတ်ရန် လိုအပ်သည်။ ငါးပိထောင်းရာတွင် ငါးအငယ်လေးများ ပါဝင်သွားပါက ခါးသက်သက် ဖြစ်တတ်၏။ သန့်စင်ပြီး မျှင်များအား ကြိတ်စက် အသုံးပြု၍ သော်လည်းကောင်း၊ ‌ခြေနင်း မောင်း(သို့) လက်ထောင်းဆုံ အသုံးပြု၍သော်လည်းကောင်း ငါးပိအဖြစ် အသွင်ပြောင်းယူရသည်။

ကြိတ်စက်နှင့်ကြိတ်ပါက ကြေညက်မှုမရှိ၊ အဖတ်ပါသဖြင့် ခြေနင်းမောင်းကိုသာ အသုံးပြုသူ များ၏။ ခြေနင်းမောင်း အရွယ်အစားကို မူတည်ပြီး တစ်ဆုံတွင် ငါးပိဿာမှ ခုနစ်ပိဿာအထိ ဝင်ဆန့် အောင်ထည့် ၍ ထောင်းကြရသည်။ ထိုသို့ ထောင်းရာတွင် မောင်းနင်းသူ နှစ်ယောက်(သို့)သုံးယောက် ရှိတတ်ပြီး မျှင်ကောင်ငယ်ကလေးများ ကြေညက်အောင် ဟိုဘက်၊ သည်ဘက် လှည့်ပြန်ပေးရသော လူတစ်ယောက် ထားရှိရန် လိုအပ်သည်။ သူက ကြေညက်မှုရှိမရှိ အဆုံးအဖြတ် ပေးရသည်။ နာရီဝက် လေးဆယ့်ငါးမိ နစ်ခန့် ထောင်းပြီးပါက တစ်ထပ်(တစ်ကြိမ်) ထောင်းငါးပိ ရရှိလာသည်။ ကြော် လှော် ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ပေပြီ။

ရောင်းတန်းဝင် ငါးပိဖြစ်ရန်အတွက်မူ တစ်ထပ်ထောင်းများအား နေပြန်လှန်းပြီး နောက်တစ်ကြိမ် ထောင်း ရသည်။ နှစ်ကြိမ်‌ ထောင်းပြီးသည်နှင့် မျှင်ဖတ်များ ကင်းစင်ကာ ရေတွင် လွယ်လင့်တကူ ပျော်ဝင် နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ မျှင်ငါးပိ စစ်စစ်ကိုမှ စားသုံးချင်သူများအနေဖြင့်မူ နောက် တစ်ကြိမ် နေလှမ်းပြီး ထောင်းရန်လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက တစ်နှစ်၊ နှစ်နှစ်သိုလှောင်သိမ်း ဆည်းထား သည့်တိုင် အရောင်အနည်းငယ် ညိုသွားသည်မှအပ မူလအရသာမပျက် စားသုံးနိုင်ပါသည်။

ဂျိတ္တောရွာမှ ထွက်ရှိသော မျှင်ငါးပိများတွင် ဆိုးဆေးလို ဓာတုဆေးဝါးကင်းစင်ခြင်း၊ နဂို မျှင်ကောင်ငယ် ကလေးများ၏ ပန်းသွေးရောင်ဖျော့ဖျော့ ရှိတတ်ခြင်း၊ ကျောက် သဲ အမှိုက် ငါး ကင်းစင်ပြီး မျှင်၏ ထူးကဲ သော အရသာကို အပြည့်အဝ ခံစားနိုင်ခြင်း၊ ခါးသက်မှု မရှိခြင်း၊ ရနံ့မွှေးခြင်း၊ ငါးပိကြော်လို သီးခြားဟင်း လျာတစ်ခွက် ဖန်တီးစားသောက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။


ဒမင်းငါးပိ

ဒမင်းငါးပိမှာ ဒမင်းထောင်၍ရသော ငါးကလေး အမျိုးမျိုးတို့ကို နေလှန်း၊ ဆားပက်၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၌ ဒမင်းငါးပိ လုပ်ကြသည်။

ရေကျိုငါးပိ

ရေကျိုငါးပိမျာ အရည်ကျို၍ စားရသော ငါးပိမျိုးဖြစ်သည်။ အချို့ကလည်း ရေချိုငါးပိဟု ခေါ်ကြသည်။ သို့သော် ရေချိုငါးပိ လုပ်သောငါးမှာ ရေချိုရေငန် နှစ်ဌာနမှ ရသောငါးများ ဖြစ်သည်။ ထိုငါးများမှာ များသောအားဖြင့် အကောင်လတ်၊ အကောင်ကြီးများ ဖြစ်သည်။ ယင်းတို့ကို ခါးကျိုးရုံမျှထောင်း၍ ငါးပိလုပ်ရသည်။ ရေကျိုငါးပိထဲတွင် သုံးဦးစပ်ငါးပိမှာ ထင်ရှားသည်။ များသောအားဖြင့် ငါးရံ့၊ ငါးဖယ်နှင့် ငပြေမ ငါးသုံးမျိုးကို စပ်၍လုပ်သော ငါးပိကို လူကြိုက်များသည်။ ထို့အပြင် ဆုံထုံးငါးပိဟူ၍လည်း ရှိသေးသည်။ ဆုံထုံးငါးပိမှာ အင်းမှရသော ခါးချိုးပြီး ငါးများကို ဆုံတွင် ထည့်ထောင်းရာ မညက်တညက်လုံးထွေးထွေး အခြေအနေ၌ရှိသော ငါးပိဖြစ်သည်။ ထိုထက်ညက်အောင် ဆက်ထောင်းလျှင် ထောင်းသားငါးပိဟု ခေါ်ပြန်သည်။ ငါးအသေးစားများမှ လုပ်သောငါးပိကို ငနုပ်ငါးပိဟု ခေါ်ကြသည်။ ယင်းသည်လည်း သုံးဦးစပ်ငါးပိ၌ အပါအဝင် ဖြစ်သည်။

ငါးပိကောင်

ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားသော ငါးပိကို ငါးပိကောင်ဟု ခေါ်သည်။ ငါးပိကောင်လုပ်နည်းမှာ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိ လုပ်နည်းနှင့် မတူချေ။ မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ခြစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော ငံပြာရည်သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။

ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။

ငါးပိမှ ရရှိသော အာဟာရဓာတ်များ

ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ ထိုပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ ငါးပိတွင် ရေရာခိုင်နှုန်း ၄ဝ မှ ၅ဝ အထိ၊ ပရိုတင်းရာခိုင်နှုန်း ၂ဝ မှ ၃ဝ ထိ၊ အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။ စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁ဝ မှ ၂၅၊ ရေကျို ငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂ဝ မှ ၃ဝ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများပါသော ကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ဝ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။

အစားအစာ များတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါ အတိုင်း ဖြစ်သည်။

  • နို့ ဝ ဒသမ ၁၂ ရာခိုင်နှုန်း
  • ကြက်သွန်ဖြူ ဝ ဒသမ ၃ဝ ရာခိုင်နှုန်း
  • နှမ်း ၁ ဒသမ ၄၅ ရာခိုင်နှုန်း
  • ဒန့်သလွန်ရွက် ဝ ဒသမ ၄၄ ရာခိုင်နှုန်း
  • တရုတ်နံနံရွက် ဝ ဒသမ ၂၃ ရာခိုင်နှုန်း
  • ပူဒီနာ ဝ ဒသမ ၂ဝ ရာခိုင်နှုန်း

အထက်ပါ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်သော် ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာ မရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ဝ ဒသမ ၆၈ ဂရမ် လောက် လိုသည်။ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ် စားပေးခြင်း အားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာ မရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင် နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ဝ ဒသမ ၁၅ ရာခိုင်နှုန်း ဖြစ်ရာ ငါးပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။[1]

ရေသေရေထရက်နှင့် ငါးပိအိုး

ပင်လယ်တွင် နေထိုင်သော ရေလုပ်သားများသည် မိမိတို့ ပြုလုပ်ထားသော ငါးပိများကို စဉ့်အိုးများဖြင့် သိုလှောင်တတ်ကြသည်။ ၎င်းငါးပိအိုးများသည် ပင်လယ်ကမ်းခြေ၏ မည်သည့်နေရာတွင် ရှိနေပစေ၊ ရေထရက်များတွင် ငါးပိအိုးမှ ငါးပိရည်များ လျှံထွက်ပြီး၊ ရေသေရက်များတွင် ငါးပိရည်များ ခမ်းခြောက်သွားတတ်သော စိတ်ဝင်စားစရာကောင်းသော ဖြစ်စဉ် ရှိသည်။ ရေထရက်များအတွင်း ငါးပိအိုးမှ ငါးပိရည်များကို ကုန်စင်အောင် ခပ်ထုတ်လိုက်သော်လည်း နောက်တရက်၌ ပြည့်လျက် ပြန်တွေ့ရသည်။ ခပ်ထုတ်ခြင်း မပြုဘဲ ထားကြည့်ပါက ရေသေရက်များသို့ ရောက်သော် အလိုလို ခမ်းခြောက်သည်။[2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. မြိတ်ရွှေစင် (2015–2016)။ ပင်လယ်ပြင်ခရီးလမ်းနှင့် ဖြစ်ရပ်ဆန်းများ။ ၂၀၁၅-၂၀၁၆။ မြိတ်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း။ p. ၆၇။CS1 maint: date format (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.