မုန့်ဗိုင်းတောင့်
မုန့်ဗိုင်းတောင့် သည် ဆန်မှ ပြုလုပ်သော မြန်မာ့ရိုးရာ သွားရည်စာ တစ်မျိုးဖြစ်သည်။ ရှေးယခင်က ချည်ချ ဗိုင်းငင်စသော အိမ်တွင်းအဝတ်အထည် ထုတ်လုပ်ရေးလုပ်ငန်းရှိ ဝါချည်မျှင် ဗိုင်းတောင့် လေးများသဖွယ် အသွင်အပြင် ဖန်တီးပြုလုပ်လေ့ရှိသောကြောင့် မုန့်ဗိုင်းတောင့် ဟုခေါ်တွင်သည်။
မုန့်ဗိုင်းတောင့်တွင် အဖြူသည် သီးသန့် ပဲမထည့်ဘဲ ပြုလုပ်ထားသော မုန့်ဖြစ်ပြီး ဆန်နှစ်နှင့် ပဲလွန်းစေ့ပြုတ် ရောနယ်ကာ ပြုလုပ်သော အဆိမ့်မုန့်လည်း ရှိသည်။[1]
ပါဝင်ပစ္စည်းများ
- မြီးတုံးဆန် သို့မဟုတ် ငကျွဲဆန်
- အုန်းသီး
- ပဲလွန်း
- ဆား
- ထုံး
- ဆီ
စားသုံးခြင်း
ဆန်ကို ရေစိမ်ပြီး ကြိတ်ကာ ရရှိလာသောမုန့်နှစ်များကို ဆားအနည်းငယ်ဖြင့် နယ်ကာ အလုံးငယ်များဖြစ်အောင် လုံးသည်။ မုန့်လုံးများကို ပြုတ်ပြီး ထပ်မံချေကာ လုံးသည်။ ပဲလွန်းကို ပြုတ်ပြီး မုန့်တစ်ဝက်ဖြင့် ရောနယ်ကာ ပေါင်း၍ အုန်းသီးဆံ၊ နှမ်းထောင်းတို့ဖြင့် တွဲဖက် စားသုံးကြသည်။ အုန်းနို့ရည်နှင့် စိမ်ထားသော မုန့်ဗိုင်းတောင့်ကို မုန့်ဗိုင်းတောင့် အုန်းနို့ဆမ်းဟူ၍လည်း ပြုလုပ်စားသုံးကြသည်။[1]
မုန့်ဗိုင်းတောင့်ကို ရေနွေးကြမ်းနှင့်သာမက လက်ဖက်ရည်၊ ကော်ဖီ စသော အချိုရည်များနှင့်လည်း တွဲဖက်သုံးဆောင်ကြသည်။[1]
မုန့်ဗိုင်းတောင့်စားသုံးမှု ၁ဝဝ ဂရမ်တွင် အင်အားဓာတ် ၃၂၂ ကီလိုကယ်လိုရီ၊ ပရိုတင်း ၆.၉ ဂရမ်နှင့် ထုံးဓာတ် ၄၉ မီလီဂရမ် ပါဝင်သည်။[1]
ကိုးကား
- ဒေါ်စန်းစန်းဦး (၇ ဩဂုတ် ၂၀၁၅)။ မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ မုန့်ဗိုင်းတောင့်။ Food Magazine။ ၁၁ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။