ခဲလံကျည်တောက်

ခဲလံကျည်တောက်ခေါ် ကောက်ညှင်းကျည်တောက်မှာ မြန်မာနိုင်ငံတွင် အလွန်ထင်ရှား၍ လူအများ စားသုံးသောမုန့် ဖြစ်သည်။ ခဲလံဆိုသောစကားမှာ ရှမ်းဘာသာစကား ခဝ်လံမှ ဆင်းသက်လာသည်။ ဝါးထဲသို့ ကောက်ညှင်းဆန်ထည့်၍ ချက်သောထမင်း (ဝါ) စားဖွယ်ကို ရှမ်းတို့က ခဲလံဟုခေါ်သည်။ တစ်ချို့က ယိုးဒယားစကား ခေါက်လမ်(ဝါး ကျည်တောက်ထဲက ကောက်ညှင်း)ဟု ဆိုကြသည်။[1] မြန်မာတို့က ကျည်တောက်ဆိုသော မြန်မာစကားနှင့် တွဲဖက်ကာ ခဲလံကျည်တောက်ဟု ခေါ်ဝေါ်ကြသည်။ ခဲလံချောင်းဟုလည်း ခေါ်ကြသည်။ အနောက်ရိုးမ တောင်ခြေနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတို့တွင်မူ ကောက်ညှင်းကျည်ထောက်ဟူ၍ မြန်မာစကားသက်သက်ဖြင့် ခေါ်ဆိုကြသည်။ ခဲလံကျည်တောက်ကို ရှေးက ပေါင်းတင်းကျည်၊ ပေါင်းစည်ကြီးဟုလည်း ခေါ်သည်။

ကောက်ညှင်းကျည်တောက်


ခဲလံကျည်တောက် ပြုလုပ်ရန်အတွက် အကောင်းဆုံးဝါး မှာ တင်းဝါးဖြစ်သည်။ ခဲလံကျည်တောက် ပြုလုပ်ပုံမှာ ရှေးဦး စွာ ကောက်ညှင်းဆန်ကို ရေစင်စင်ဆေးပြီးလျှင် တောင်းပလုံး များနှင့် ရေစစ်ရသည်။ ရေစစ်ပြီး ကောက်ညှင်းဆန်ကို အသင့် ဖြတ်ထားသော တစ်ဖက်ပိတ်ဝါးကျည်ထောက်ထဲသို့ ထည့်ရ သည်။ အချို့ဒေသများတွင် အုန်းသီးမှုန့်နှင့် ဆားအနည်းငယ် ကိုလည်း ရော၍ထည့်လေ့ရှိသည်။ ထို့နောက်ရေများ ထည့်ပေး ရသည်။ ဆန်က ရေကို စုတ်ယူသဖြင့် ရေမကြာခဏ ခန်း ခြောက်သွားတတ်သဖြင့် ထပ်ကာထပ်ကာ ထည့်၍ ပေးရသည်။ နောက်ဆုံးရေကို ဆန်ထက် လက်သုံးဆစ်ခန့်ပေါ်အောင်ထည့်ပြီး လျှင် ပွင့်နေသော ကျည်ထောက်၏အဝကို ကောက်ရိုး သန့် သန့်ဖြင့် ဖြစ်စေ ဖက်ရွက်သန့်သန့်ဖြင့်ဖြစ်စေ ပိတ်ဆို့ရသည်။ ခဲလံကျည်တောက်ဖုတ်ရာတွင် အထူးသတိပြုရမည့် အချက်မှာ ကျည်တောက်ထဲမှ ကောက်ညှင်းများ ကျက်ပြီး နောက် အနည်းငယ် ဆန့်ထွက်နိုင်စေရန် ကျည်တောက်တွင် ဆန်ကို အနည်းငယ်လျော့၍ ထည့်ရခြင်း ဖြစ်သည်။ သို့ မဟုတ်က မီးဖုတ်သည့်အခါ ကျည်တောက်ကွဲထွက်တတ် သည်။

ခဲလံကျည်တောက်ကို ဖုတ်မည့်အခါ ဝါးအစိုတစ်ချောင်း ၏ အရင်းအဖျားကို ဒေါက်ထောက်၍ တန်းရသည်။ ထိုတန်း တစ်ဖက်တစ်ချက်တွင် ဝါးကျည်ထောက်များကို ခတ်စောင်း စောင်းစီ၍ ထောင်ထားရသည်။ ထို့နောက် ကောက်ရိုးများ သစ်ရွက်ခြောက်များကို ကျည်တောက်များပတ်ပတ်လည်တွင် ဝိုင်းရံစုပုံကာ မီးတိုက်ရသည်။ သစ်ကြီးဝါးကြီးဖြင့် မီးတိုက် လျှင် ကျည်တောက်များ လောင်ကျွမ်းသွားမည်စိုးသဖြင့် သစ် ရွက်ဝါးရွက်များဖြင့် မီးတိုက်ရလေသည်။ ကောက်ညှင်းကျည် တောက် ထောင်ထားသော ဝါးတန်းအောက်၌ မီးကျီးဖို၍ ဖုတ် သည်လည်း ရှိသည်။ ဝါးကျည်ထောက်အပေါ်ခွံများ လောင် ကျွမ်း၍ ကောက်ညှင်းနပ်သောအခါ မီးဖိုမှ ကျည်တောက်များ ကို ထုတ်ယူရသည်။ ထို့နောက် အေးချိန်တန်၍ ဝါးကိုခွဲလိုက် လျှင် ဝါးအမြှေးများဖြင့် ရစ်ပတ်နေသဖြင့် ငွေတောင့်သဖွယ် ဖြူဖွေးသော ကောက်ညှင်းကျည်တောက်ကို ရရှိသည်။ ဝါးထဲတွင် ကျက်ပြီးသားဖြစ်နေသော ကောက်ညှင်း ကျည်တောက်မှာ ဝါးမြှေးနှင့် ကပ်၍ သေသပ်ချောမောလှ သည်။ ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံကို ရှေးသူဟောင်း တို့က စကားထာသဘောဖြင့် အောက်ပါအတိုင်း ရေးသားဖွဲ့ဆို ထားသည်။

အစွယ်နှစ်ချောင်း ဖြူလွင်လွင်၊ တောမှာပေါက်တဲ့ဆင်။ ဆဒ္ဒါန်ဆင်မင်း သူ့ဝမ်းခေါင်း၊ ခြင်္သေ့အပေါင်းအောင်း။ လုံစွာပိတ်၍ မီးမှာထား၊ ငွေတောင့်ထိုအလား။ ဘုရားတရား တင်ပါလေ၊ တို့လဲအမျှဝေ။ ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးနံ၊ ဝါးကို ဆိုလိုသည်။ ခြင်္သေ့ ဆိုသည်မှာ အင်္ဂါနံဖြစ်၍ ဆန်ကို ဆိုလိုသည်။ ဝါးကျည် တောက်ထဲတွင် ဆန်ကိုထည့်၍ မီးဖုတ်လျှင် ငွေတောင့်သဖွယ် ကောက်ညှင်းကျည်တောက် ရရှိကြောင်းကို ပဟေဠိလုပ်ထား ခြင်း ဖြစ်သည်။[2]


ကိုးကား

  1. ခင်မောင်စော (ဘာလင်) – မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၁) (မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၄
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.