စိုးမြင့်ကြော်
စိုးမြင့်ကြော် ဆိုသည်မှာ တက္ကသိုလ်များတွင် ရောင်းချလေ့ရှိသည့် ထမင်းကြော်တစ်မျိုး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုစိုးမြင့်က မိမိစားလိုသည့်အတိုင်း ကြော်လှော်ထားသဖြင့် စိုးမြင့်ကြော်ဟု ခေါ်ကြသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ထုတ် တက္ကသိုလ်ဇာတ်အိမ်တည် မြန်မာဝတ္ထုများတွင် ပင်တိုင်ပါဝင်သည့် ဇာတ်ဝင်ပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။
နောက်ခံသမိုင်း
စိန့်ဂျွန်းကျောင်း (ယခု အထက(၁)၊ လမ်းမတော်) မုန့်ဈေးတန်းရှိ အပျိုကြီးထမင်းကြော်ဆိုင်၌ ဆီသတ်ထားသည့် ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့၊ အချိုမှုန့်တို့နှင့် မီးမျှင်းမျှင်းသုံး၍ လှိမ့်ထားသည့် ထမင်းဖြူအား အနေတော်လှီး၍ ကြော်ထားသည့် ဝက်သားပြုတ်နှင့် တွဲစားရသည်ကို ကိုစိုးမြင့် နှစ်သက်ခဲ့သည်။ [1]
စိုးမြင့်ကြော်ဟူ၍ ဖြစ်လာပုံ
ဒေသကောလိပ် နှစ်နှစ်တက်အပြီးတွင် တတိယနှစ် ဘူမိဗေဒတက်ရန် ၁၉၈၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည်။ သိပ္ပံကန်တင်းရှိ ကိုဖိုးထောင်၏ မိသားစု စားသောက်ဆိုင်တွင် သူငယ်ချင်းတစ်သိုက်နှင့် နေ့လယ်စာလေ့ ရှိသည်။ ထိုစဉ် စိန့်ဂျွန်းကျောင်းသားဘဝက စားခဲ့သည့် ထမင်းကြော်အား စားလို၍ ကိုစိုးမြင့်ကိုယ်တိုင် ဝင်ရောက်ကြော်လှော်ရာမှ စိုးမြင့်ကြော်ဖြစ်လာသည်။ [1]
ကြော်လှော်ပုံ
ဆီ၊ ကော်ရည်တို့အား သင့်သလိုထည့်သည်။ အသီးအရွက် နှစ်မျိုးသုံးမျိုးအား (ပန်းဂေါ်ဖီ၊ ပဲသီး၊ မုန့်လာဥနီ တို့အား အသုံးများ) ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့တို့ထည့်ကာ ထမင်းဖြူနှင့် တစ်ပါတည်း ထည့်ကြော်သည်။ အသားကိုလည်း စဉ်းမထည့်ဘဲ အပြားလိုက်လှီးထည့်သည်။ ကြက်ဥကိုမူ ထည့်လိုက ထည့်နိုင်သည်။ [1]
ပန်းကန်ထဲ ထည့်ရာ၌ ထိုခေတ်က လူသုံးနည်းသည့် ပန်းကန်လုံးထဲ သိပ်ထည့်ကာ မှောက်ချသည့်ပုံစံကို သုံးသည်။