ဘီယာ
ဘီယာ (beer) သည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,ဝ၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ် ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာ အလိုအလျောက် ပုလင်းထဲထည့်ခြင်း၊ ပိုးသတ်ခြင်းများကို ဆောင်ရွက်သည်။ Kruger Cream Ale တံဆိပ် ပထမဆုံး ဘီယာဘူးများကို ၁၉၃၅ခုနှစ်၊ ဇန်နဝါရီ၂၄ရက်က Kruger Brewing ကုမ္ပဏီမှ ထုတ်လုပ်ရောင်း ချခဲ့ကြသည်။ [1]
ဘီယာသည် စားသောက်ကုန် တစ်ခုဖြစ်ပြီး ကမ္ဘာမှာ ကျယ်ပြန့်စွာသုံးစွဲနေကြသော စားသောက်ကုန်တစ်ခုလည်းဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။ အယ်လကိုဟော ပါဝင်သည့် အဖျော်ယမကာတစ်ခု ဖြစ်သည်။ ကမ္ဘာမှာ ရေနှင့် လက်ဖက်ရည် ပြီးရင် တတိယမြောက် အသုံးပြုဆုံး စားသောက်ကုန်လည်း ဖြစ်ပါသည်။ ဘီယာတွင် အယ်လကိုဟော ပါဝင်နှုန်း ၄%မှ ၇%ထိ ထည့်သွင်းထားလေ့ရှိပါသည်။
သမိုင်းကြောင်း
ဘီယာသည် ကမ္ဘာတွင် ရှေးအကျဆုံး အဖျော်ယမကာ ဖြစ်ပြီး ဘီယာကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၅၀၀ လောက်က လယ်ထဲက ကောက်နှံပင် ကနေ စတင်တွေ့ရှိခဲ့သည်။ ဓါတုဗေဒ သက်သေခံကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၁၀၀ လောက်မှ တွေ့ရှိခဲ့သည် ဆိုသည်။ ယနေ့တွင် ဘီယာထုတ်လုပ်ရေးကို စီးပွားရေး တစ်ခုအနေ လုပ်ဆောင်ကြပြီး ကမ္ဘာတစ်ခုလုံးကို ဖြန့်ဖြူးရောင်းချနေကြပါသည်။၂၀၀၆ ခုနှစ် မှာ တစ်နှစ် ဘီယာ ရောင်းရနှုန်း အရေအတွက်သည် လီတာ သန်းပေါင်း ၁၃၃ သန်း (ဂါလံ သန်းပေါင်း ၃၅)ထိ ရောင်းချခဲ့ရသည်ဟု သိရသည်။
မြန်မာနှင့် ဘီယာ
မြန်မာတွင် ရှေးက ဘီယာကဲ့သို့သော အရည်ကို ဗြစ်ရည်ဟု ခေါ်ဆိုခဲ့ကြသည်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ စသော နိုင်ငံခြားဖြစ် ယမကာများသည် ရတနာပုံ နေပြည်တော်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မြင်းခြံမြို့သို့ တာဝန်နှင့် သွားယောက်စဉ်အတွင်း ဗြစ်ရည်ကို ဆေးဝါးအမှတ်ဖြင့် အနည်းငယ် သောက်သုံးလျှင် သူရာမေရယကံ မမြောက်သောကြောင့် အပြစ်မရှိဟု ထင်မြင်ချက် ပေးခဲ့ဘူးသည်။
ဤအကြောင်းကို အထောက်တော် ဦးရွှေတိုး (နောင် တောင်ထားဝယ်ဗိုလ် ဖြစ်လာသူ)၏ တင်လျှောက်ချက်အရ မင်းတုန်းမင်းတရားကြီး၏ ရွှေနားတော်အထိ ပေါက်ကြားခဲ့သည်။ မင်းတုန်းမင်းတရား ခေါ်ယူစစ်ဆေးတော်မူရာတွင် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မကွယ်မထောင့် ဟုတ်မှန်ကြောင်း ဖြောင့်ဆိုပါသည်။
မင်းတုန်းမင်းတရားကြီးက "'မောင်မင်းလျှောက်တင်သော စကားသည် မောင်မင်းကဲ့သို့သော ပညာရှိများ အတွက်မူ ဟုတ်မှန်တန်ရာပါသည်။ သို့သော် တိုင်းသူပြည်သား၊ အများကမူ မောင်မင်းကဲ့သို့ ပညာရှိများ မဟုတ်ကြသောကြောင့် မောင်မင်း၏စကားကို လိုရာဆွဲပြီး အဓိပ္ပါယ်ကောက်ယူကာ သောက်စားမူးယစ်နေကြလျှင် မခက်ပေလော"' ဟု အမိန့်တော်ရှိပြီးနောက် ယောအတွင်းဝန် ဦးဖိုးလှိုင်အား ရာထူးချထားခဲ့ပါသည်။ [2]
ရည်ညွှန်းကိုးကား
- ၂၀ဝ၈ခုနှစ်မေလ၁၅ရက်နေ့ထုတ် 7 Day News ဂျာနယ်
- မန္တလေးမြို့ အနှစ်တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်၊ စာ-၄၇